ယူရို-၂၀၁၆ ဗိုလ်လုပွဲအရှုံးသည် ရင်ထဲ၌ စွဲကျန်နေသည်ဟု ပြင်သစ်အသင်းနည်းပြဒေးရွှမ့် ဝန်ခံ

ယူရို-၂၀၁၆ ဗိုလ်လုပွဲအရှုံးသည် ရင်ထဲ၌ စွဲကျန်နေသည်ဟု ပြင်သစ်အသင်းနည်းပြဒေးရွှမ့် ဝန်ခံ
Published 12 July 2018

 

Photos: AFP

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က ၎င်းအနေဖြင့် ယူရို-၂၀၁၆ ဗိုလ်လုပွဲ ရှုံးနိမ့်ခဲ့မှုသည့် ပျောက်ကွယ်သွားခြင်းမရှိဘဲ ရင်ထဲတွင် စွဲကျန်နေဆဲဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ ပြင်သစ်အသင်းသည် ယူရို- ၂၀၁၆ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော်လည်း ဗိုလ်လုပွဲတွင် ပေါ်တူဂီအသင်းကို ရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

ပြင်သစ်အသင်းသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဘယ်လ်ဂျီယံအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဒေးရွှမ့်က " ပြီးခဲ့တဲ့ (၂)နှစ်တုန်းက ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာဟာ ပျောက်ကွယ်သွားခြင်း မရှိပါဘူး။ ကျွန်တော်တို့ ရင်ထဲမှာ စွဲကျန်နေဆဲပါ။ အဲဒီတုန်းက ကျွန်တော်တို့ နာကျင်စွာခံစားခဲ့ရပါတယ်။ ဒါကြောင့် ဘယ်လ်ဂျီယံနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး အနိုင်လည်း ရခဲ့ပါတယ်။ ယူရိုဗိုလ်လုပွဲမှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပေမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ကျွန်တော်တို့ နိုင်ခဲ့ပါပြီး။ အခုဆိုရင် ကျွန်တော်တို့ အနေနဲ့ ပြင်သစ်က လူတွေကို ပျော်ရွှင်မှုတွေ ပေးနိုင်ဖို့ အခွင့်အရေးတွေ ရရှိခဲ့ပါပြီ" ဟု ပြောကြားခဲ့သည်။

ဒေးရွှမ့်သည် ၁၉၉၈ ကမ္ဘာ့ဖလားရ ပြင်သစ်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့သူဖြစ်ပြီး ယခု ၎င်းကိုင်တွယ်နေသည့် ပြင်သစ်အသင်းနှင့် ၁၉၉၈ ကမ္ဘာ့ဖလားရ အသင်းတို့ ကွာခြားချက်များကို မေးမြန်းခဲ့ရာ ဒေးရွှမ့်က ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဒေးရွှမ့်က " လူတိုင်း ကိုယ်ဘဝနဲ့ ကိုယ်ဖြတ်သန်းနေကြတာပါ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ သမိုင်းအကြောင်းတွေကို ပြောနေမှာ မဟုတ်ပါဘူး။ အခု ကျွန်တော်ဟာ အသင်းနဲ့အတူ လှပတဲ့သမိုင်းသစ်ကို ရေးထိုးဖို့ ဒီကို ရောက်နေတာပါ။ ဒါက လွန်ခဲ့တဲ့ နှစ် (၂၀)က ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တာကို ဂုဏ်မယူဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ သမိုင်းကို ဘယ်သူမှလည်း ဖျက်လို့ရမှာ မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။