ဆောက်ဂိတ်အား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိတာဝန်ပေးရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရည်ရွယ်

ဆောက်ဂိတ်အား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိတာဝန်ပေးရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရည်ရွယ်
Published 9 July 2018

Photo: AFP

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)တာဝန်ရှိသူများသည် လက်ရှိအင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်အား ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အင်္ဂလန်အသင်းကို ကိုင်တွယ်စေရန် ဆန္ဒရှိနေကြကြောင်း သိရှိရသည်။

ဆောက်ဂိတ်သည် အင်္ဂလန်အသင်းနှင့် ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသူဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန်အတွက် ခြေစစ်ပွဲအောင်မြင်စေရန်စွမ်းဆောင်ပေးရမည်ဖြစ်သည်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရလဒ်ကောင်းများရယူပေးနေသော ဆောက်ဂိတ်ကို ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးတွင် ဥရောပကလပ်အသင်းကြီးအချို့က ခေါ်ယူရန်ပစ်မှတ်ထားဖွယ် ရှိနေပြီး FA တာဝန်ရှိသူများကမူ ၎င်းကို လက်မလွှတ်ရစေရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

FA တာဝန်ရှိသူများသည် ဆောက်ဂိတ် အား ယူရို-၂၀၂၀ အပြီးတွင် အင်္ဂလန်အသင်း၌ ဆက်ရှိနေစေရေးအတွက် စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ ဆောက်ဂိတ်သည် လက်ရှိတွင် အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြရာထူးအတွက် တစ်နှစ်လစာငွေ ပေါင်(၁.၈)သန်းရရှိနေသူဖြစ်ပြီး ယင်းလစာငွေကို တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ်ပိုင်းအတွင်း အင်္ဂလန်လူငယ်အသင်းများ ယူ- ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့ခြင်းအတွက် FA နည်းစနစ်ဒါရိုက်တာ ဒန်းအက်ရှ်ဝေါ့သ်၏စွမ်း ဆောင်မှုများကိုလည်း FA ထိပ်တန်းတာဝန်ရှိသူများက သဘောကျနေပြီး ၎င်းကိုလည်း လက်ရှိရာထူးတွင် ဆက်လက်တည်မြဲနေစေရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent