ဘယ်လ်ဂျီယံအား ရှုံးနိမ့်ခဲ့ခြင်းမှာ ကစားသမားဘဝတစ်လျှောက် ဝမ်းနည်းစရာအကောင်းဆုံး အခိုက်အတန့်ဟု နေမာ ပြောကြား

ဘယ်လ်ဂျီယံအား ရှုံးနိမ့်ခဲ့ခြင်းမှာ ကစားသမားဘဝတစ်လျှောက် ဝမ်းနည်းစရာအကောင်းဆုံး အခိုက်အတန့်ဟု နေမာ ပြောကြား
Published 8 July 2018

Photo: Getty Images

ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာက ဘယ်လ်ဂျီယံအသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှ ထွက်ခွာခဲ့ရခြင်းမှာ ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးအခိုက်အတန့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ဘယ်လ်ဂျီယံအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ပွဲအပြီးတွင် ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

နေမာက "ဒီအခိုက်အတန့်ဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အဆိုးရွားဆုံးအခိုက်အတန့်လို့ ပြောနိုင်ပါတယ်။ သမိုင်းသစ်ရေးထိုးနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး လုပ်နိုင်စွမ်းလည်း ရှိပေမယ့် မလုပ်နိုင်ခဲ့လို့ နာကျင်စွာ ခံစားရပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့အတွက် မဟုတ်ဘူးနဲ့ တူပါတယ်။ အခုအချိန်မှာ ဘောလုံးကစားဖို့ အားတောင် မရှိတော့သလိုပါပဲ။ ဒါပေမဲ့ အရာတိုင်းကို ရင်ဆိုင်နိုင်အောင် ဘုရားသခင်က ကျွန်တော့်ကို ခွန်အားပေးသနားမယ်လို့ ယုံကြည်ပါတယ်။ ဒီအသင်းရဲ့ အစိတ်အပိုင်းဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်"ဟု ပြောကြားခဲ့သည်။

နေမာသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၂)ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဟန်ဆောင်လဲချမှုများရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ နေမာကြောင့် ဖြစ်သည်ဟု ဘရာဇီးလ်ပရိသတ်များက ပြစ်တင်ခဲ့ကြသည်။