အောင်မြင်မှုရယူရန် ဖိအားမရှိခြင်းကြောင့် အင်္ဂလန်အသင်း ချန်ပီယံဖြစ်နိုင်ဟု အဲရစ်ဆင်သုံးသပ်

အောင်မြင်မှုရယူရန် ဖိအားမရှိခြင်းကြောင့် အင်္ဂလန်အသင်း ချန်ပီယံဖြစ်နိုင်ဟု အဲရစ်ဆင်သုံးသပ်
Published 7 July 2018

အင်္ဂလန်အသင်းနည်းပြဟောင်း အဲရစ်ဆင်က ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းအနေဖြင့် အောင်မြင်မှုရယူရန် ဖိအားမရှိ
ခြင်းကြောင့် ချန်ပီယံဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

Photo:Getty Images

အဲရစ်ဆင်သည် အင်္ဂလန်အသင်းကို ၂၀၀၂၊ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(၂)ကြိမ်၊ ၂၀၀၄ ယူရိုပြိုင်ပွဲ အပါအဝင် (၆၇)ပွဲ ကိုင်တွယ်ခဲ့သူဖြစ်သည်။
မန်စီးတီး၊ လက်စတာ စသည့်အသင်းများလည်း ကိုင်တွယ်ခဲ့ဖူးသည့် အဲရစ်ဆင်က နည်းပြဆောက်ဂိတ်၏ အင်္ဂလန်အသင်းမှာ
အောင်မြင်ရယူရန်ဖိအားမရှိဘဲ ပြိုင်ပွဲဝင်နေရခြင်းကြောင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံပင်ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ပေါ်တူဂီအသင်းအား ရှုံးနိမ့်ပြီးနောက် အင်္ဂလန်နည်းပြ အဲရစ်ဆင်နှင့် ကွင်းလယ်လူ ဘက်ခမ်းတို့အား တွေ့ရစဉ်

အဲရစ်ဆင်က'' အသင်းတစ်သင်းအနေနဲ့ အောင်မြင်မှုရဖို့ ဘာဖိအားမှမရှိတာ ကောင်းတယ်လို့ဆိုရမှာပါ။ သူတို့အနေနဲ့ အေးအေးဆေးဆေး
အနားယူနိုင်သလို ကွင်းထဲမှာလည်း ဖိအားကင်းကင်းနဲ့ကစားနိုင်ပါတယ်။ အင်္ဂလန်ဟာ အသင်းကောင်းတစ်သင်းပါ။ လူငယ်တွေနဲ့ အောင်မြင်
မှုကို ဆာလောင်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။ အခုလိုကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့တာ ပရိသတ်တွေ ပျော်ရွှင်နေကြမယ်လို့ထင်ပါ
တယ်။ အင်္ဂလန်အသင်းမှာ ကြီးမားတဲ့အခွင့်အရေးရှိနေပါတယ်။ ဒီညပွဲမှာ ဆွီဒင်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ရုရှားနဲ့ ခရို
အေးရှားတို့ထဲက တစ်သင်းနဲ့ရင်ဆိုင်ရမှာပါ။ ဒါဟာ ခက်ခဲပေမယ့် ချန်ပီယံဆုအထိတောင် မျှော်လင့်နိုင်တဲ့ အခွင့်အရေးမျိုးလည်း ရသွားနိုင်
ပါတယ် '' ဟု BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၆)ဂိုးသွင်းယူထားသည့် အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းနှင့်ပတ်သက်၍လည်း အဲရစ်ဆင်က '' ဟာရီကိန်းဟာ
ဒီနှစ်ပြိုင်ပွဲမှာ ရွှေဖိနပ်ဆုရယူနိုင်တဲ့ကစားသမားပါ၊ကျွန်တော်ကတော့ သူပဲရမယ်လို့ ထင်ပါတယ်။ သူဟာ Set-pieceတွေကနေ ဂိုးသွင်းယူရာမှာ ထူးချွန်ပြီး ပယ်နယ်တီဧရိယာအတွင်းမှာလည်း မယုံနိုင်စရာတွေလုပ်ပြတတ်တဲ့ကစားသမားပါ'' ပြောကြားခဲ့သည်။

အဲရစ်ဆင်သည် အင်္ဂလန်အသင်းကို ကိုင်တွယ်ခဲ့သည့်ကာလအတွင်း ၂၀၀၂၊ ၂၀၀၆ ကမ္ဘာ့ဖလားနှင့် ၂၀၀၄ ယူရိုပြိုင်ပွဲများတွင် ကွာတားဖိုင်
နယ်အဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ လက်ရှိနည်းပြ ဆောက်ဂိတ်အနေဖြင့်လည်း ယနေ့ညကစားမည့်
ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဆွီဒင်အသင်းအား အနိုင်ရခဲ့ပါက ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့ အင်္ဂလန်အသင်းကို ပို့ဆောင်နိုင်မည်ဖြစ်သည်။
ဆွီဒင်လူမျိုးနည်းပြ အဲရစ်ဆင်က ယနေ့ညကစားမည့်ပွဲတွင်မူ ၎င်းအနေဖြင့် ဆွီဒင်အသင်းကိုသာ အားပေးမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။