ဥရုဂွေးကို ပေးဂိုးမရှိအနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို (၆)ကြိမ်မြောက်တက်ရောက်ခဲ့တဲ့ ပြင်သစ်

ဥရုဂွေးကို ပေးဂိုးမရှိအနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို (၆)ကြိမ်မြောက်တက်ရောက်ခဲ့တဲ့ ပြင်သစ်
Published 7 July 2018

ပြင်သစ်အသင်းအတွက် ဦးဆောင်ဂိုးကို ဗာရန်း ခေါင်းတိုက်သွင်းယူနေစဉ်

■ ဥရုဂွေး ဝ-၂ ပြင်သစ်

ပြင်သစ်အသင်းဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေးဂိုး (၁)ဂိုးသာရှိသေးပြီး ခံစစ်မာကျောတဲ့ ဥရုဂွေးအသင်းကို ဂိုးပြတ်အနိုင်ယူကာ အသင်းသမိုင်းတစ်လျှေက် ဆီမီးဖိုင်နယ်ကို (၆)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ တိုက်စစ်ကစားသမားတွေအဖြစ် ဂျရူး၊ ဘာပေ၊ ဂရစ်ဇ်မန်း စတဲ့ ကစားသမားတွေကိုပဲ အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့  ပေါ့ဘာ၊ ကွန်တေတို့နဲ့ အတူ ပွဲပယ်ခံထားရတဲ့ မာတွီဒီနေရာမှာ တိုလစ်ဆိုကို အသုံးပြုသွားခဲ့ပါတယ်။

ဥရုဂွေးအသင်းကတော့ ဒဏ်ရာရနေတဲ့ ကာဗာနီနေရာမှာ စတူအာနီကို ဆွာရက်ဇ်နဲ့ ပွဲထွက်အသုံးပြုစေခဲ့ပြီး ကွင်းလယ်မှာ တော်ရဲရား၊ နန်ဒက်ဇ်၊ ဗယ်စီနို၊ ဘန်တန်ကူတို့ကို အသုံးပြုခဲ့ပါတယ်။

ပထမပိုင်းမှာ (၂)သင်းစလုံး အပိုင်အခွင့်အရေး မယ်မယ်ရရ မရရှိခဲ့ဘဲ အလွတ်တည်ကန်ဘောတွေကသာ ဂိုးရဖို့ ကြိုးစားခဲ့ကြတာပါ။

ပွဲချိန်မိနစ် (၄၀)မှာတော့ တိုလစ်ဆိုကြောင့် ပြင်သစ်အသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရရှိခဲ့ပါတယ်။

ဒီပြစ်ဒဏ်ဘောကို ဂရစ်ဇ်မန်းက ကန်တင်ပေးခဲ့ပြီး နောက်ခံလူ ဗာရန်းက ခေါင်းတိုက်သွင်းယူခဲ့လို့ ပြင်သစ်အသင်း ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဒီဂိုးဟာ ဗာရန်းရဲ့ ပြင်သစ်အသင်းအတွက် (၃)ဂိုးမြောက် သွင်းယူနိုင်တဲ့ နိုင်ငံတကာသွင်းဂိုးဖြစ်သလို၊ ၎င်းသွင်းယူခဲ့တဲ့ ဂိုးတွေဟာလည်း ခေါင်းတိုက်သွင်းဂိုးများ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပြင်သစ်အသင်းပဲ ပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီး ဥရုဂွေးအသင်းကတော့ တန်ပြန်တိုက်စစ်နဲ့ပဲ ဂိုးရဖို့ ကြိုးစားခဲ့တယ်။

ပွဲချိန် (၆၁)မိနစ်အရောက်မှာတော့ ပြင်သစ်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဂရစ်ဇ်မန်းက ဧရိယာထိပ်က ကန်သွင်းယူခဲ့တာပါ။

ဒီဂိုးဟာ ဥရုဂွေးဂိုးသမား မူဆလီရာ ရဲ့ ပေါ့ဆမှုကြောင့် ပေးလိုက်ရတာလည်း ဖြစ်ပါတယ်။

ဂရစ်ဇ်မန်းအတွက်တော့ ဒီဂိုးဟာ ပြင်သစ်အသင်းအတွက် ရှုံးထွက်အဆင့် နောက်ဆုံး (၆)ပွဲ (ယူရိုပြိုင်ပွဲနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ များ) မှာ (၇)ဂိုးမြောက်သွင်းယူနိုင်တဲ့ သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဒီပွဲရဲ့ Man Of The Match ကိုတော့ ပြင်သစ် တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းက ရရှိသွားခဲ့ပါတယ်။

ဒါကြောင့် ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘရာဇီးလ်-ဘယ်လ်ဂျီယံပွဲစဉ်က အနိုင်ရရှိတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။