ဆော်ဒီအာရေဗျနှင့်ပွဲတွင် ဆွာရက်ဇ် နိုင်ငံတကာပွဲ (၁၀၀) ပြည့်မြောက်မည်

ဆော်ဒီအာရေဗျနှင့်ပွဲတွင် ဆွာရက်ဇ် နိုင်ငံတကာပွဲ (၁၀၀) ပြည့်မြောက်မည်
Published 20 June 2018

 

Photo: AFP

ဥရုဂွေးအသင်းတိုက်စစ်မှူး ဆွာရက်ဇ် သည် ယနေ့တွင်ကစားမည့် ဆော်ဒီအာရေဗျ နှင့် အုပ်စုဒုတိယပွဲတွင် ပါဝင်ခွင့်ရလျှင် နိုင်ငံတကာပွဲ (၁၀၀) ပြည့်မြောက်မည်ဖြစ်ကြောင်း သိရသည်။

ဥရုဂွေးအသင်းတွင် ဆွာရက်ဇ်ထက် နိုင်ငံတကာပွဲအများဆုံး ကစားထားသူများအဖြစ် နောက်ခံလူ မက်ဆီပယ်ရေရာ (၁၂၅ ပွဲ)၊ အသင်းခေါင်းဆောင် ဂိုဒင် (၁၁၇ ပွဲ)၊ တိုက်စစ်မှူးဟောင်း ဖော်လန် (၁၁၂ ပွဲ)၊ တောင်ပံကစားသမား ခရစ္စတီယန်ရိုဒရီဂွက်ဇ် (၁၀၆ ပွဲ)၊ ကာဗာနီ (၁၀၂ ပွဲ) တို့ ရှိနေသည်။ ထူးခြားမှုအဖြစ် ဥရုဂွေးအသင်း၏ နိုင်ငံတကာပွဲအများဆုံး ထိပ်ဆုံးခုနစ်ဦးတွင် ဖော်လန်မှအပ ကျန် ခြောက်ဦးမှာ ယခုကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွင် ပါဝင်ကစားလျက်ရှိသည်။

ဆွာရက်ဇ်သည် လက်ရွေးစင်အသင်းအတွက် ၂၀၀၇ ခုနှစ်တွင် စတင်ပွဲဦးထွက်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် ဂိုးစည်းပေါ်မှ လက်ဖြင့်ပုတ်ထုတ်မှုကြောင့် အနီကတ် ပြသခံရမှု၊ ၂၀၁၄ ကမ္ဘာ့ဖလားတွင် အီတလီနောက်ခံလူ ချီလီနီကို ကိုက်ခဲ့သဖြင့် လေးလပွဲပယ်ခံရမှု စသည့်ပြဿနာများကြောင့် ၂၀၀၈ တွင်မှ လက်ရွေးစင်အသင်းတွင် စတင်ကစားခဲ့သည့် ကာဗာနီထက် နိုင်ငံတကာပွဲ အရေအတွက် လျော့နည်းနေခြင်းဖြစ်သည်။

ဥရုဂွေး အသင်း၏ နိုင်ငံတကာဂိုးအများဆုံးစာရင်းတွင်မူ ဆွာရက်ဇ်က (၅၁) ဂိုးဖြင့် ထိပ်ဆုံးမှ ဦး ဆောင်လျက်ရှိသည်။ ကာဗာနီက (၄၂) ဂိုးဖြင့် ဒုတိယ၊ ဂန္ထဝင်တိုက်စစ်မှူး ဖော်လန်က (၃၆) ဂိုးဖြင့် တတိယနေရာတွင် အသီးသီးရပ်တည်နေကြောင်း သိရသည်။