ကမ္ဘာ့ဖလား၏အသက်အကြီးဆုံးဟက်ထရစ်ရှင်အဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်

ကမ္ဘာ့ဖလား၏အသက်အကြီးဆုံးဟက်ထရစ်ရှင်အဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်
Published 16 June 2018

 

စီရော်နယ်လ်ဒို၏ ဟက်ထရစ်သွင်းဂိုး (Photo:AFP)

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် စပိန်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အသက်အကြီးဆုံး ဟက်ထရစ်ရှင်ဖြစ်လာခဲ့သည်။

စီရော်နယ်လ်ဒိုသည် ယင်းနေ့တွင် အသက် (၃၃)နှစ်၊ (၁၃၁)ရက်ရှိနေပြီး ၁၉၇၈ ကမ္ဘာ့ဖလားတွင် ဟက်ထရစ်သွင်းခဲ့သည့် နယ်သာလန်ကစားသမား ရန်ဆန်ဘရင့်၏ (၃၀)နှစ်၊ (၃၃၆)ရက်ကို ကျော်ဖြတ်နိုင်ခဲ့သည်။

၎င်းအနေဖြင့် ကစားသမားဘဝတွင် ကလပ်နှင့် နိုင်ငံအတွက် (၅၁)ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး ကမ္ဘာ့ဖလားသမိုင်းတွင်လည်း (၅၁)ကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

စီရော်နယ်လ်ဒိုမှာ ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲ (၄၅)ပွဲတွင် ပထမဆုံးအကြိမ် ပြစ်ဒဏ်ဘောမှ တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။

ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ဖလား(၄)ကြိမ်ဖြင့် အများဆုံကစားထားသူ ၎င်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ(၄)ပွဲတွင် ပီလီ၊ ကလိုဆေး၊ အူဝီဆီလာတို့နောက် ဂိုးသွင်းယူနိုင်သည့် စတုတ္ထမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သည်။

စီရော်နယ်လ်ဒိုသည် နိုင်ငံတကာသွင်းဂိုးပေါင်း (၈၄)ဂိုးရရှိထားပြီး ဥရောပကစားသမားများထဲတွင် အမြင့်ဆုံးဖြစ်သည့် ဟန်ဂေရီဂန္ထဝင် တိုက်စစ်မှူး ပွတ်ရှ်ကပ်စ်၏စံချိန်ကိုလည်း လိုက်မီခဲ့သည်။

ထို့ပြင် ၎င်းသည် အဓိကပြိုင်ပွဲကြီး(ကမ္ဘာ့ဖလား၊ ယူရို၊ ကိုပါအမေရိက) (၈)ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာပြီး ကမ္ဘာ့ဖလားပွဲများတွင် မိနစ်(၈၀)နောက်ပိုင်း ဂိုးသွင်းယူမှုဒုတိယအများဆုံးအဖြစ် အင်္ဂလန်တိုက်စစ်မှူးဟောင်း လိုင်နီကာနှင့်အတူ (၄)ဂိုးအထိရှိလာကာ ဂတ်မူလာနှင့် ရောဘတ်တိုဘက်ဂီယို (၅ ဂိုးစီ)တို့၏နောက်တွင် ရပ်တည်လျက်ရှိသည်။