ဗိုလ်လုပွဲမှလွဲ၍ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်များကို မော်ရင်ဟို ခန့်မှန်းခဲ့ပြီး ကွာတားဖိုင်နယ်တွင် ဘရာဇီးလ်ကို အင်္ဂလန်အသင်း ရှုံးနိမ့်မည်ဟု သုံးသပ်

ဗိုလ်လုပွဲမှလွဲ၍ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်များကို မော်ရင်ဟို ခန့်မှန်းခဲ့ပြီး ကွာတားဖိုင်နယ်တွင် ဘရာဇီးလ်ကို အင်္ဂလန်အသင်း ရှုံးနိမ့်မည်ဟု သုံးသပ်
Published 14 June 2018

 

 

 

ရုရှားနိုင်ငံအခြေစိုက် RT ရုပ်သံလိုင်းတွင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို သုံးသပ်သူအဖြစ် လုပ်ကိုင်လျက်ရှိသည့် မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် ၎င်း၏ ဒုတိယအကြိမ် ခန့်မှန်းမှုများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မော်ရင်ဟိုသည် ပြီးခဲ့သည့်ရက်ပိုင်းက အုပ်စုအဆင့်ရပ်တည်မှုများကို ခန့်မှန်းခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဗိုလ်လုပွဲမှလွဲ၍ ရှုံးထွက်အဆင့်ပွဲစဉ်များကို ခန့်မှန်းခဲ့ခြင်းဖြစ်ပြီး နာမည်ကြီးအင်္ဂလန် အသင်းမှာ ကွာတားဖိုင်နယ်တွင် ဘရာဇီးလ်အသင်းကို ရှုံးနိမ့်မည်ဟု ခန့် မှန်းခဲ့ခြင်းလည်း ဖြစ်သည်။

မော်ရင်ဟို၏ ခန့်မှန်းချက်အရ အုပ်စု(G)တွင် ပထမဖြင့် နောက်တစ်ဆင့်တက်လာသည့် အင်္ဂလန်အသင်းသည် ရှုံးထွက်(၁၆)သင်းအဆင့်တွင် ပိုလန်အသင်းနှင့် တွေ့ဆုံခဲ့ပြီး ကွာတားဖိုင်နယ်တွင် ဘရာဇီးလ်ကို ရှုံးနိမ့်မည်ဟု ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။ မော်ရင်ဟိုက ၎င်း၏ ခန့်မှန်းမှုအတွက် အင်္ဂလန်အသင်းမှ ၎င်း၏မန်ယူအသင်း ကစားသမားများ စောစောစီးစီးအနားရ၍ ပျော်သည်ဟုဆိုကာ နောက်ပြောင်သွားခဲ့ ကြောင်းလည်း သိရှိရသည်။

မော်ရင်ဟိုက " ဘရာဇီးလ်နဲ့ အင်္ဂလန်။ ဒါ ပွဲကြီးပွဲကောင်းတစ်ပွဲပါပဲ။ ကျွန်တော့်ကစားသမားတွေ အပန်းဖြေ အားလပ်ရပ်သွားနိုင်မယ်ဆိုတော့ ကျွန်တော့်အတွက် မဆိုးဘူးပေါ့" ဟု ပြောဆိုခဲ့သည်။ မော်ရင်ဟို၏ ခန့်မှန်းချက်အရ ဆီမီးဖိုင်နယ်တက်မည့် (၄)သင်းမှာ ဘရာဇီးလ်၊ ပေါ်တူဂီ၊ အာဂျင်တီးနားနှင့် ဂျာမနီအသင်းတို့ ဖြစ်ပြီး မက်ဆီ၏ အာဂျင်တီးနားအသင်းမှာ နာမည်ကျော် စပိန်အသင်းကို ကွာတားဖိုင်နယ်တွင် ကျော်ဖြတ်နိုင်မည်ဟု ခန့်မှန်းထားသည်။

ထို့အပြင် ၎င်း၏နိုင်ငံဖြစ်သည့် ဥရောပချန်ပီယံပေါ်တူဂီအသင်းမှာလည်း ယူရို-၂၀၁၆ ဗိုလ်လုပွဲတွင် အနိုင်ရခဲ့သည့် ပြင်သစ်အသင်းကို ထပ်မံအနိုင်ယူဦးမည်ဟု ခန့်မှန်းခဲ့ပြီး ရွှေရောင်မျိုးဆက်ဖြင့် တောက်ပနေသည့် ဘယ်လ်ဂျီယံအသင်းမှာ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းကို ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်မည်ဟု ဆိုထားသည်။ ဆီမီးဖိုင်နယ်တက်ရောက်မည့်အသင်းများကို ခန့်မှန်းရွေးချယ်ပြီးနောက် မော်ရင်ဟိုက " ကြည့်စမ်းပါဦးဗျာ။ တောင်အမေရိကအသင်း (၂)သင်း၊ သိပ်ကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ ဗိုလ်လုပွဲမှာ တွေ့နိုင်သလို ဥရောပချန်ပီယံပေါ်တူဂီအသင်းနဲ့ ဂျာမနီတို့လည်း ဖြစ်နိုင်တာပဲ" ဟု ပြောဆိုခဲ့သည်။

မော်ရင်ဟိုသည် RT ရုပ်သံလိုင်းတွင် ကမ္ဘာ့ဖလားပြိုင် ပွဲသုံးသပ်ခန့်မှန်းသူအဖြစ် (၄)ရက်တာ လုပ်ကိုင်မည်ဖြစ်ပြီး ယခုအခါ (၂)ရက်မြောက် ခန့်မှန်းခဲ့ခြင်းဖြစ်ပြီး နောက်(၂) ရက်သာ ကျန်တော့ကြောင်း သိရှိရသည်။ မော်ရင်ဟိုသည် ယင်းကဲ့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲကို သုံးသပ်ခန့်မှန်းခြင်းအတွက် RT ရုပ်သံလိုင်းမှ ဉာဏ်ပူဇော်ခအဖြစ် ပေါင်(၁.၇)သန်း ရရှိမည် ဖြစ်ကြောင်းလည်း သိရှိရသည်။