အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီနှင့် တွေ့ဆုံခြင်း

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီနှင့် တွေ့ဆုံခြင်း
Published 13 June 2018

 

Photo: Eurosport,AFP,YouTube

မေး ■ လီယိုရေ မင်္ဂလာပါ။ ကမ္ဘာ့ဖလားနဲ့ပတ်သက်လာရင် ခင်ဗျားရဲ့အနာကို ပြန်ဆွရတာ စိတ်မကောင်းပါဘူး။ ၂၀၁၄ ဖိုင်နယ်က ဒဏ်ရာတွေရော ကျက်ပြီလား။
ဖြေ ■ ဖိုင်နယ်ပြီးကတည်းက ကျွန်တော် ဂျာမနီ နဲ့ပွဲကို ဘယ်တော့မှ ပြန်မကြည့်ဖြစ်တော့ဘူး။ အဲဒီပွဲနဲ့ပတ်သက်ရင် ကျွန်တော် လွဲချော်ခဲ့တဲ့ ဂိုးသွင်းခွင့်တွေကိုပဲ အမှတ်ရမိတယ်။ တခြားပွဲတွေ မှာလည်း အဲဒီလိုအခွင့်အရေးမျိုးတွေကို အကြိမ်ကြိမ်အဆုံးသတ်ခဲ့ဖူးတယ်။ အနီးစပ်ဆုံးပြောရရင် ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲမှာတောင် ဒီလိုပုံစံဂိုးမျိုး သွင်းယူခဲ့သေးတယ်။ ဒါပေမဲ့ ၂၀၁၄ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲမှာတော့ အံ့သြစရာကောင်းလောက်အောင် လွဲချော်ခဲ့တယ်။ ကျွန်တော့်အမှတ်တရက အဲဒါပါပဲ။

မေး ■ ခင်ဗျားက နိုင်ငံအသင်းနဲ့ ပြိုင်ပွဲကြီး (၃)ကြိမ်ဆက် ရှုံးနိမ့်ခဲ့တယ်နော်။ ရလဒ်တွေက ခင်ဗျားဘဝအတွက် ဘယ်လောက်အရေးပါလဲ။
ဖြေ ■ ကျွန်တော့်အထင် ပြိုင်ပွဲတစ်ခုမှာ ရလဒ်ထက် အရေးကြီးတာတွေ အများကြီးရှိတယ်။ ဘောလုံးကလည်း အားကစားနည်းတစ်မျိုးပဲလေ။ ကျွန်တော်တို့အားလုံးက အနိုင်ရချင်တယ်။ ချန်ပီယံဖြစ်ချင်ကြတယ်။ အကောင်းဆုံးဆိုတာတွေကိုပဲ ရချင်ကြတယ်။ ဒါပေမဲ့ ပြိုင်ပွဲတွေက အဲဒီလောက် မရိုးရှင်းဘူး။ အမြဲတမ်းအောင်နိုင်သူဆိုတာ မရှိဘူး။ တစ်ခါတစ်ရံမှာ အကောင်းဆုံး အသင်းက အနိုင်မရတာမျိုးလည်းရှိတယ်။ ဥပမာ ပြောရရင် ဂိုးသွင်းတယ်ဆိုတိုင်း ခြေစွမ်းပြနိုင်တယ်လို့ ပြောလို့မရသလိုပေါ့။ ကျွန်တော်ဆိုရင် တချို့ပွဲတွေမှာ ခြေစွမ်းမကောင်းဘူး။ ဒါပေမဲ့ ဂိုး တော့သွင်းနိုင်တယ်။ တချို့ပွဲတွေကျ ခြေစွမ်းပြ ကစားနိုင်တယ်။ ဂိုးတော့ မသွင်းနိုင်ဘူးပေါ့။ ဒါပေမဲ့ အဆုံးသတ်မှာ ဂိုးတွေကပဲ ရလဒ်တစ်ခုကို ပြောင်းလဲစေနိုင်တာဆိုတော့ သူ့ရဲ့အခန်းကဏ္ဍကို မေ့ထားလို့မရဘူး။

မေး ■ ကလပ်အသင်းဘက်ကို ခဏသွားရအောင်။ ခင်ဗျားသူငယ်ချင်း နေမာကတော့ ရီးယဲလ်နဲ့ သတင်းတွေကြီးနေတယ်။ ဒီလိုမဟုတ်ဘဲ သူ ဘာစီလိုနာကို ပြန်ရောက်လာမယ်ဆိုရင်ရော ကြိုဆိုမှာလား။
ဖြေ ■ ကျွန်တော်တစ်ယောက်တည်းရဲ့ သဘောထားကို ပြောပါဆိုရင်တော့ နေမာ ဘာစီလိုနာကို ပြန်လာတာ မြင်ချင်တယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒီလိုဖြစ်လာဖို့ မရှိဘူးလို့ထင်တယ်။ တစ်ခုပဲ သူ ရီးယဲလ် ရောက်သွားမှာကိုတော့ မလိုလားဘူး။

မေး ■ စီရော်နယ်လ်ဒိုကတော့ ခင်ဗျားနဲ့ သူငယ်ချင်း ဖြစ်ဖို့ ဝန်မလေးဘူးလို့ ဆိုခဲ့ဖူးတယ်။ ခင်ဗျားကော ဘယ်လိုမြင်လဲ။
ဖြေ ■ တစ်ချိန်ချိန်မှာ ဖြစ်လာမလားတော့ ကျွန် တော်မသိပါဘူး။ ဒါပေမဲ့ သူငယ်ချင်းလို ဆက်ဆံရေးမျိုးက အချိန်အကြာကြီးပေါင်းသင်းဖူးမှ ဖြစ်ပေါ်လာတဲ့အရာလို့ ကျွန်တော် ထင်ပါတယ်။ အဲဒါမှလည်း တစ်ယောက်အကြောင်းကို တစ်ယောက် သိနိုင်မှာလေ။ ကျွန်တော်တို့နှစ်ယောက်က ဆုပေးပွဲလိုနေရာမျိုးမှာပဲ စကားပြောဖြစ်ကြတာဆိုတော့ သိပ်မရင်းနှီးဘူး။ ဒီ့ထက်ပိုပြီး ရင်းနှီးတဲ့ သူငယ်ချင်းမျိုး ဖြစ်လာဖို့တော့ အကြောင်းမရှိနိုင်ဘူးထင်ပါတယ်။

မေး ■ ရီးယဲလ်နည်းပြအဖြစ်ကနေ ဇီဒန်း ရုတ်တရက် နုတ်ထွက်သွားတာကို ဘယ်လိုမြင်လဲ။
ဖြေ ■ ဘယ်သူမှ ဒီလိုဖြစ်မယ်လို့ မျှော်လင့်မထားကြဘူး။ တကယ့်ကို အံ့သြစရာပါ။ ဒါပေမဲ့ သူ့မှာလည်း နုတ်ထွက်ရတဲ့အကြောင်းတွေ ရှိနိုင်တယ်။ သူနဲ့အသင်းကြားမှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲ ကျွန်တော်မသိဘူး။ သူက ရီးယဲလ်မှာ ရနိုင်သမျှ အောင်မြင်မှုတွေ အကုန်ရခဲ့တယ်။ အရာရာကို သူ့ခြေ၊ သူ့လက်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ အခု သူထွက်တော့မယ်ဆိုတော့လည်း ဘယ်သူမှ သူ့ကိုတားဆီးလို့မရဘူး။ အောင်မြင်နေတဲ့အချိန်မှာ အနားယူသွားတာမျိုးကို ကျွန်တော် သဘောကျတယ်။

မေး ■ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ဗိုလ်စွဲမယ်လို့ ထင်သလဲ။
ဖြေ ■ ကျွန်တော့်အတွေးကလည်း အားလုံးခန့်မှန်းထားသလိုပါပဲ။ ဂျာမနီ၊ စပိန်၊ ဘရာဇီးလ်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံတို့ပဲ ဖြစ် နိုင်မယ်လို့ထင်တယ်။ ဘရာဇီးလ်မှာ နေမာနဲ့ ကော်တင်ဟိုရှိတယ်။ စပိန်မှာ အင်နီယေစတာ၊ ဒေးဗစ်ဆေးလ်ဗားတို့လို အတွေ့အ ကြုံရင့်ကစားသမားတွေရှိတယ်။ ဘယ်လ်ဂျီယံမှာဆို ဟာဇက်၊ ဒီ ဘရိုင်းနား၊ ပြင်သစ်မှာဆိုရင်လည်း ဂရစ်ဇ်မန်း၊ ဘာပေတို့ လို ကြယ်ပွင့်တွေရှိနေတယ်။ ဂျာမနီကတော့ ထူးထူး ခြားခြား တစ်ဦးတစ်ယောက်တည်းကို ရွေးထုတ်ပြစရာမရှိဘူး။ ဒါပေမဲ့သူတို့ရဲ့ စုစည်းမှုက အရမ်းကောင်းတယ်။ ကျွန်တော်တို့အသင်းက ရေပန်းစားတဲ့စာရင်းထဲမှာ မပါဘူး။ ဒါပေမဲ့ ထိပ်သီးအသင်းတွေကို ယှဉ်ကစားနိုင်တဲ့လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။

မေး ■ ဒီတစ်ကြိမ် ကမ္ဘာ့ဖလားက ခင်ဗျားအတွက်ဘယ်လိုအဓိပ္ပာယ်မျိုး သက်ရောက်နေလဲ။
ဖြေ ■ အများကြီး အဓိပ္ပာယ်ရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီတစ်ကြိမ်က ကျွန်တော့်အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်လာနိုင်လို့ပါ။ ကျွန်တော့်အတွက်မှမဟုတ်ဘူး။ အာဂျင်တီးနားမှာရှိတဲ့ ကျွန်တော်တို့ အသက်အပိုင်းအခြားကစားသမားတွေအတွက် နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တယ်။ ဒီတစ်ကြိမ်မှ မစွမ်းဆောင်နိုင်ရင် နောင်ဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့အတွက် "Its Now or Never" ပဲ။