သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 13 August 2018

 

Photos: AFP,Getty Images

■ ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာက ရာသီအဖွင့်ပွဲစဉ် ဟတ်ဒါဖီးလ် (ဝ-၃) ချယ်လ်ဆီး ပွဲတွင် ပါဝင်ကစားခဲ့သည့် ကစားသမားသစ် ကွင်းလယ်လူ ဂျော်ဂျင်ဟိုနှင့် ဂိုးသမား ကယ်ပါတို့၏ စွမ်းဆောင်ရည် များကို ချီးကျူးပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ အသင်းတွင် မြန်မြန်ဆန်ဆန်အထိုင်ကျခဲ့သည်ဟု ဆိုခဲ့သည်။

■ မန်စီးတီးအသင်း၏ ဘယ်လ်ဂျီယံနောက်ခံလူ ဒီနိုင်းယာ (၂၃ နှစ်)အား ခေါ်ယူရန် စီးရီးအေကလပ် တိုရီနိုအသင်းက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ ဒီနိုင်းယာသည် ဆဲလ်တစ်၊ ဂါလာတာစာရေး၊ ဆန်းဒါးလန်း အစရှိသောအသင်းများသို့ အငှားချခံခဲ့ရသူဖြစ်ပြီး မန်စီးတီးတွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။ တိုရီနိုအသင်းသည် ၎င်းအား တစ်ရာသီအငှားခေါ်ယူပြီး အငှားစာချုပ်စေ့ချိန်တွင် အပြီးသတ်ခေါ်ယူမည်ဟု မန်စီးတီးအသင်းထံ ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

■ ချယ်လ်ဆီးအသင်းဘုတ်အဖွဲ့အနေဖြင့် အောင်မြင်မှုများ ရရှိရန်အတွက် မိမိအား အချိန်အတိုင်းအတာတစ်ရပ် ပေးအပ်ရမည်ကို ကောင်းကောင်းသိနားလည်ထားသည်ဟု အသင်းနည်းပြ ဆာရီက ပြောကြားခဲ့သည်။

■ အဲဗာတန်ကစားသမား (၂)ဦးဖြစ်သည့် တောင်ပံကစားသမား ဘိုလာဆီနှင့် ကွင်းလယ်လူ ဘက်ဆစ်တို့ကို ခေါ်ယူရန် လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းက ပစ်မှတ်ထားနေကြောင်း သိရသည်။ ဘိုလာဆီသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်တွင် ဘန်လေအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့ ပြီးမှ ပျက်ပြယ်ခဲ့သည်။ မစ်ဒယ်ဘရော့အသင်းက (၂)ဦးစလုံးကို တစ်ရာသီ အငှားခေါ်ယူရန်အတွက် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

■ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ရာသီအဖွင့်ပွဲစဉ်တွင် ဟတ်ဒါဖီးလ်အသင်းအား (၃-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သော်လည်း ယင်းပွဲတွင် အနိုင်ရရန်အတွက် ခက်ခက်ခဲခဲကစားခဲ့ရသည်ဟု ဝန်ခံပြောကြားခဲ့သည်။ ယင်းပွဲပထမပိုင်းတွင် ဟတ်ဒါဖီးလ်အသင်း၏ မာကျောသည့်ကစားပုံကြောင့် မိမိတို့အသင်းမှာ အခက်တွေ့ခဲ့ ကြောင်း ဆာရီက ဝန်ခံပြောကြားခဲ့သည်။

■ မန်ယူတောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ်က မိမိအနေဖြင့် စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှုပြည့်ဝစေရန် ကြိုးစားနေကြောင်း၊ မိမိ၏အရည်အသွေးကို အစွမ်းကုန် ပြသပြီး အသင်းအတွက် ဆုဖလားများ ရရှိစေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

■ အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားက ဘရာဇီးလ်တောင်ပံကစားသမား ရစ်ချာလီဆန်ကို ပေါင် သန်း(၄၀)ကျော်ပေးခဲ့ခြင်းအတွက် ဝေဖန်မှုများကို တုံ့ပြန်လိုက်ပြီး လွန်ခဲ့သည့်တစ်နှစ်က ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ် ကို ပေါင်သန်း(၃၀)ဖြင့် ခေါ်ယူခဲ့စဉ်ကလည်း ယခုကဲ့သို့ပင် ဝေဖန်မှုများရှိခဲ့ပြီး ပစ်ဖို့ဒ် လက်စွမ်းပြချိန်၌ ဝေဖန်သံများ ပျောက်ကွယ်သွားသည်ဟု ပြောကြားခဲ့သည်။

■ ချယ်လ်ဆီးအသင်း၏ ကစားသမားဟောင်းနှင့် နည်းပြဟောင်းတစ်ဦးဖြစ်သူ ရုဒ်ဂူးလစ်က တောင်ပံကစားသမား ဟာဇက်အနေဖြင့် အသင်းနှင့်အတူ ဆုဖလားများ ရယူရန်အတွက် ချယ်လ်ဆီးတွင်သာ ဆက်ရှိ နေလိမ့်မည်ဟု မှတ်ချက်ပြု ပြောကြားလိုက်သည်။