ပြင်သစ်အိုးပင်း အမျိုးသမီးဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် (၁) ဟာလက်နှင့် စတီဖင် တွေ့ဆုံ

ပြင်သစ်အိုးပင်း အမျိုးသမီးဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် (၁) ဟာလက်နှင့် စတီဖင် တွေ့ဆုံ
Published 9 June 2018

ဆလုံးစတီဖင်

ပြင်သစ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇွန် ၇ ရက်က ယှဉ်ပြိုင်ကစားရာ ကမ္ဘာ့အဆင့် (၁)ကစားသမား ဟာလက်နှင့် အမေရိကန်နိုင်ငံသူ ဆလုံးစတီဖင်တို့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်ခွင့်ရခဲ့ကြောင်း သိရသည်။
ဟာလက်(ရိုမေးနီးယား၊ ဆီဒင် ၁) သည် ကွာတားဖိုင်နယ်၌ နာမည်ကြီးကစားသမား ရှာရာပိုဗာအား အနိုင်ရလာသည့် ၂၀၁၆ ခုနှစ်ချန်ပီယံ မူဂူရူဇာ (စပိန်၊ ဆီဒင် ၃) နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ၆-၁၊ ၆-၄ ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။ ၂၀၁၇ ခုနှစ် ယူအက်စ်အိုးပင်း ချန်ပီယံအမေရိကန်နိုင်ငံသူ စတီဖင် (ဆီဒင် ၁၀) မှာလည်း တစ်နိုင်ငံတည်းသူ မက်ဒီဆန်ကီး (ဆီဒင် ၁၃) နှင့် တွေ့ဆုံရာ ၆-၄၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။

ဟာလက်

ဟာလက်သည် ပြင်သစ်အိုးပင်းပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ တတိယအကြိမ် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ရှာရာပိုဗာနှင့် ၂၀၁၇ ခုနှစ်တွင် အိုစတာပန်ကိုအား ရှုံးနိမ့်ထားသည်။ ဟာလက်သည် ကမ္ဘာ့အဆင့် (၁) နေရာရပ်တည် လျက်ရှိသော်လည်း ဂရင်းစလင်းပြိုင်ပွဲများ၌ တစ်ကြိမ်မျှ အနိုင်ရဗိုလ်စွဲဖူးခြင်းမရှိဘဲ ယခု နှစ် သြစတြေးလျအိုးပင်းပြိုင်ပွဲတွင်လည်း ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ စတီဖင်မှာမူ ယခုပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦး ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲကို ဇွန် ၉ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဟာလက်နှင့် စတီဖင်သည် ယခုပွဲမတိုင်မီ ခုနစ်ပွဲ တွေ့ဆုံဖူးပြီး ဟာလက်က ငါးပွဲဖြင့် ပြတ်သားစွာ အနိုင်ရထားကာ နှစ်ပွဲသာ ရှုံးနိမ့်ဖူးသည်။