ပခုက္ကူမြို့နှင့်အနီးဒေသများ မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းနိုင်ပြီး ကျေးလက်ဒေသအချို့ မိုးရွာသွန်းမှုနည်းသည့်အတွက် သောက်ရေကန်များ ရေမရရှိသေး

ပခုက္ကူမြို့နှင့်အနီးဒေသများ မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းနိုင်ပြီး ကျေးလက်ဒေသအချို့ မိုးရွာသွန်းမှုနည်းသည့်အတွက် သောက်ရေကန်များ ရေမရရှိသေး
Published 29 May 2018

ပခုက္ကူမြို့နှင့် အနီးနားဒေသများတွင် မေ ၂၈ ရက်မှစ၍ မိုးရွာသွန်းမှုကြောင့် တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းများ ဖြစ်ထွန်းနိုင်ပြီး ကျေးလက်ဒေသအချို့ မိုးရွာသွန်းမှု နည်းပါးသည့်အတွက် သောက်ရေကန်များ ရေမရရှိသေးကြောင်း သိရသည်။

ယခုမေလဆန်းက သီးနှံစိုက်ပျိုးထားသည့် တောင်သူများမှာ စိုက်ပျိုးပြီးနာက်ပိုင်း မိုးရွာသွန်းမှုမရှိသည့်အတွက် သီးနှံဖြစ်ထွန်းမှု လျော့နည်းမည့် အခြေအနေနှင့် ကြုံတွေ့နေရပြီး မေ ၂၈ ရက် ညနေပိုင်းမှစ၍ ရွာသွန်းခဲ့သည့် မိုးကြောင့် သီးနှံများဖြစ်ထွန်းမှု ကောင်းလာနိုင်ကြောင်း တောင်သူများထံမှ သိရသည်။

“အရင်ရက်တွေကတော့ မိုးမလာလို့ စိုးရိမ်နေတာပေါ့လေ။ အပင်ဖြစ်ကလည်း အတော်နည်းတယ်။ နေကလည်း တအားပူထားတော့ မြေတွင်း အပူဓာတ်ကလည်းများနေပြီ။ ဒီလကုန်လောက်မှ မရွာဘူးဆိုရင် ယာခင်းတွေက ဖျက်ပြီးပြန်စိုက်ရမယ့် အခြေအနေ ဖြစ်နေတာ။ အခုမိုးကလည်း အတော်လေးရွာနေတော့ ယာခင်းတွေ အခြေအနေ ကောင်းပါတယ်။ ပဲနောက်ခင်းတွေ ပိုကောင်းမယ်ထင်တယ်” ဟု ပခုက္ကူမြို့နယ် ကိုင်းကျေး ရွာမှ တောင်သူ ကိုသက်ခိုင်က ပြောကြားသည်။

ပခုက္ကူဒေသတောင်သူများမှာ မိုးဦးသီးနှံအဖြစ် နှမ်းနှင့် ပဲတီစိမ်းအား အဓိကထား စိုက်ပျိုးထားပြီး အချို့တောင်သူများမှာ မေလဆန်းပိုင်းက မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ယခုမိုးရွာသွန်းမှုပြီးမှသာ မြေပဲနှင့် နှမ်းသီးနှံအား စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့၏ အနီးနားကျေးရွာများတွင် မေ ၂၈ ရက်မှစ၍ ရွာသွန်းခဲ့သည့် မိုးကြောင့် မြေသားသောက်ရေကန်များ ရေစတင်ရရှိနေပြီဖြစ်သော်လည်း ကန်ရေအား အဓိကမှီခို အားထားရသည့် မြိုင်မြို့နယ်တွင်း ကျေးရွာအချို့မှာ မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ကန်ရေမရရှိသေးကြောင်း သိရသည်။

“မိုးက ရွာတယ်ဆိုရုံပဲ ရွာသေးတယ်။ ချောင်းရေစီးလောက်အောင်ကို မရွာသေးဘူး။ ကန်လည်း ရေမရသေးဘူး။ တချို့ မစိုက်ရသေးတဲ့ တောင်သူတွေဆိုရင် မိုးသည်းဖို့ ဆုတောင်းနေရတာ။ လက်ရှိကတော့ ရေတံလျှောက်ကို ကောင်းကောင်းစီးအောင် မရွာသေးဘူး။ ရေအတွက်ကတော့ စက်တွင်းကိုပဲ အားထားရတုန်း” ဟု မြိုင်မြို့နယ် အိုရင်းကျေးရွာမှ ကိုဗညားက ပြောကြားသည်။

မိုးရွာသွန်းမှုကြောင့် သီးနှံဖြစ်ထွန်းမှု အားကောင်းနိုင်သည့် ဒေသများမှ တောင်သူများစိုက်ပျိုးထားသည့် ပဲတီစိမ်းမှာ လက်ရှိဈေးကွက်အတွင်း တစ်တင်း ကျပ် ၄၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ကျန်သီးနှံများထက် ပဲတီစိမ်းအား ပိုမိုအားထား စိုက်ပျိုးလာကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးတို့တွင် ၃၈ မီလီမီတာ (၁ ဒသမ ၅ လက်မ ) နှင့် အထက် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ မေ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။