လာမည့်ရာသီတွင် နီကိုကိုဗက်ကို နည်းပြသစ်အဖြစ် ခန့်အပ်တော့မည်ဟု ဘိုင်ယန်မြူးနစ်အတည်ပြု

လာမည့်ရာသီတွင် နီကိုကိုဗက်ကို နည်းပြသစ်အဖြစ် ခန့်အပ်တော့မည်ဟု ဘိုင်ယန်မြူးနစ်အတည်ပြု
Published 14 April 2018

 

 

ဘိုင်ယန်မြူးနစ်အသင်းသည် ဖရန့်ဖတ်အသင်းနည်းပြအဖြစ်ဆောင်ရွက်နေသည့် အသင်း၏ ကွင်းလယ်လူဟောင်း နီကိုကိုဗက်ကို လာမည့်ရာသီတွင်အသင်းနည်းပြအဖြစ် ခန့်အပ်တော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ ကိုဗက်သည် ဘိုင်ယန်မြူးနစ်အသင်းကို လာမည့်ဇူလိုင်လတွင် စတင်ကိုင်တွယ်သွားမည်ဖြစ်ပြီး (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်းလည်း သိရှိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် စက်တင်ဘာလက အသင်းနည်းပြ အန်ဆယ်လော့တီနှင့်လမ်းခွဲလိုက်ပြီးနောက် အသင်း၏ ဂန္ထဝင်နည်းပြတစ်ဦးဖြစ်သူ ယပ်ဟေးနက်စ်ကို ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။ ယပ်ဟေးနက်စ်သည် ယာယီနည်းပြတာဝန်ကိုသာ ယူခဲ့ပြီး လာမည့်ရာသီတွင် ဆက်လက်ကိုင်တွယ်မည်မဟုတ်ဟုဆိုကာ အသင်းနည်းပြရာထူးကို ငြင်းပယ်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းသည် စပါးအသင်းနည်းပြပိုချက်တီနိုအပါအဝင် နည်းပြအတော်များများကို စဉ်းစားခဲ့ပြီး နောက်ဆုံးတွင် ခရိုအေးရှားကွင်းလယ်ကစားသမားဟောင်းကို ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ဆာလီဟာမစ်ဇစ်က "နီကိုကိုဗက်ဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ်အဖြစ် ၂၀၁၈ ဇူလိုင်လ ၁ ရက်နေ့ကနေ စတင်တာဝန်ယူသွားမှာပါ။ ကျွန်တော်တို့ မနေ့က သူ့ကို (၃)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့ပါတယ်။ သူဟာ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်းတစ်ယောက်ပါ။ သူဟာ ဒီအသင်းကို ဘယ်လိုတည်ဆောက်ထားသလဲဆိုတာ ကောင်းကောင်း နားလည်သူဖြစ်ပြီး ဒီအသင်းရဲ့ DNA က ဘာလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အနာဂတ် အတွက်မှန်ကန်တဲ့ နည်းပြတစ်ယောက်ကို ခန့်အပ်နိုင်ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။

အသက် (၄၆)နှစ်အရွယ်ရှိ နီကိုကိုဗက်သည် အလွန်ရှည်လျားသည့် ဘွန်ဒစ်လီဂါကစားသမားဘဝကို ပိုင်ဆိုင်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းတွင်မူ ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိသာ ကာလတိုကစားခဲ့ဖူးသူဖြစ်သည်။ သူသည် ခရိုအေးရှားအသင်းအတွက် ပွဲပေါင်း (၈၃)ပွဲကစားပေးခဲ့သည့် ဂန္ထဝင်ကစားသမားဖြစ်ခဲ့သော်လည်း ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် မွေးဖွားခဲ့သည် ဂျာမန်ဇာတိကစားသမား တစ်ဦးလည်းဖြစ်သည်။ သူသည် ခရိုအေးရှားလက်ရွေးစင်အသင်းကို ၂၀၁၃ ခုနှစ် ၂၀၁၅ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်က စတင်ကိုင်တွယ်ကာ ဘွန်ဒစ်လီဂါကလပ် ဖရန့်ဖတ်အသင်းကို စတင်တာဝန်ယူခဲ့ခြင်းဖြစ်သည်။

ဖရန့်ဖတ်အသင်းသည် ၎င်းရောက်မလာခင်ရာသီက တန်းဆင်းရမလိုအခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး play-offs ကစားကာ ကပ်ကျန်ခဲ့ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့် နည်းပြဖြစ်သူ အာမင်ဗေးနေရာတွင် နီကိုကိုဗက်နှင့် အစားထိုးခဲ့ပြီး ပထမဆုံးရာသီတွင် အဆင့် (၁၁)၊ ပြီးခဲ့သည့် ရာသီက အဆင့် (၅)နှင့် ယခုရာသီတွင်လည်း ဖရန့်ဖတ်အသင်းသည် အဆင့် (၅)နေရာတွင် ဆက်လက်ရပ်တည်နေလျက်ရှိသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ကိုဗက်ကို နည်းပြအဖြစ် ခန့်အပ်ရန်ကြိုးပမ်းနေသည်ဆိုသည့် သတင်းများကို ငြင်းဆန်ပယ်ချခဲ့ဖူးပြီး ထိုအချိန်က ကိုဗက်ကိုယ်တိုင်ကလည်း "လာမယ့်ရာသီမှာ ဖရန့်ဖတ်အသင်းနည်းပြအဖြစ် ကျွန်တော်ဆက်ရှိနေမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး"ဟု ဆိုခဲ့ဖူးပြီး ယခုအချိန်တွင်မူ အပြီးသတ် သဘောတူညီမှုရရှိသွားခဲ့ခြင်းဖြစ်သည်။ ဒေ့ါမွန်အသင်း၏ နည်းပြဟောင်းဖြစ်သူ သောမတ်စ်တူဟယ်လ်ကို ဘိုင်ယန်မြူးနစ်အသင်းသည် ဦးစွာချဉ်းကပ်ခဲ့သော်လည်း တူဟယ်လ်က ယင်းရာထူးကို ငြင်းဆန်ပယ်ချလိုက်ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းသည် နီကိုကိုဗက်ကို အရခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

Most Read

Most Recent