Published 12 February 2018

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှ ပျံသန်းလာသည့် စင်ကာပူလေကြောင်းလိုင်း (SIA) မှ လေယာဉ်တစ်စင်းသည် အင်ဂျင်ပြဿနာကြောင့် မန္တလေးမြို့သို့ လမ်းကြောင်းပြောင်းလဲ ဆင်းသက်ခဲ့ရကြောင်း SIA လေကြောင်းလိုင်း ၏ ဖေဖော်ဝါရီ ၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၁၉၀ လိုက်ပါလာကြောင်း သိရသည်။

"မနေ့က ညနေ ၅ နာရီ လောက်ဖြစ်တာပါ။ လေယာဉ်ပေါ် လူနှစ်ရာလောက် ပါတယ်။ ခရီးသည်တွေ ထိခိုက်မှု ဘာမှမရှိပါဘူး။ ပန်ကာဒလက်တစ်ခု ကျိုးသွားလို့ အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။ ဆင်းတဲ့အချိန် ပြေးလမ်းမှာ ရပ်သွားတာ။ ကျန်တဲ့ လေယာဉ်တွေ ဆင်းဖို့ခက်သွားလို့ ကားနဲ့ သွားဆွဲခဲ့ရတယ်။ ခရီးသည်တွေကိုတော့ အဲ့ဒီလေကြောင်းလိုင်းက လေယာဉ်တစ်စီး ပြန်လာခေါ်သွားပါတယ်'' မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် Golden Air ကုမ္ပဏီမှ ကိုကျော်ခိုင်ဝင်းကပြောကြားသည်။

စက်ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့သော စင်ကာပူလေကြောင်းလိုင်း လေယာဉ်အမှတ် SQ 449 သည် ခရီးစဉ်အတွင်း လေယာဉ်အင်ဂျင်တစ်လုံး စက်ချွတ်ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် မန္တလေးမြို့အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းတွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် ခရီးသည်များအားလုံးကို စင်ကာပူလေကြောင်းလိုင်းမှ တခြားလေယာဉ် တစ်စင်းဖြင့် အစားထိုးစီစဉ်၍ ပျံသန်းပေးခဲ့ရပြီး အဆိုပါလေယာဉ်သည် မန္တလေးမြို့မှ ဖေဖော်ဝါရီ ၈ ရက် ဒေသစံတော်ချိန် နံနက် ၀၀ နာရီ ၁၀ မိနစ်တွင် ထွက်ခွာနိုင်ရန် ခန့်မှန်းထားပြီး စင်ကာပူသို့ စင်ကာပူစံတော်ချိန် နံနက် ၄ နာရီ မိနစ် ၄၀ တွင် ရောက်ရှိရန် စီစဉ်ထားကြောင်း သိရသည်။