ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား လက်ခံခြင်းနှင့် နေရာချထားခြင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စီမံချက် ရေးဆွဲထားပြီး လိုအပ်သော ရန်ပုံငွေရရှိရေး ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်မည် 

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား လက်ခံခြင်းနှင့် နေရာချထားခြင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စီမံချက် ရေးဆွဲထားပြီး လိုအပ်သော ရန်ပုံငွေရရှိရေး ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်မည် 
Published 11 December 2017

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အထူးဆေးကုသရေး အဖွဲ့များက ကွင်းဆင်းဆေးကုသမှု ပေးနေစဉ်

ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံခြင်းနှင့် ပြန်လည် နေရာချထားခြင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စီမံချက်ကို ရေးဆွဲထားပြီး စီမံချက်ပါ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော ရန်ပုံငွေ ရရှိထောက်ပံ့ပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာပါက ပြန်လည်လက်ခံနိုင်ရန်အတွက် စီစဉ်ထားပြီး ကုန်းလမ်းဖြင့် ဝင်ရောက်လာသူများအတွက် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ နှင့် ရေလမ်းဖြင့် ဝင်ရောက်လာသူ များအတွက် ငါးခူရကျေးရွာများကို ရွေးချယ်ထားကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် တစ်ဖက်နိုင်ငံသို့ ရွှေ့ပြောင်းသွားသူများ ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာပါက ပြန်လည် လက်ခံရေး စခန်းများနှင့် ပြန်လည်နေရာချထားသည့် နေရာများ၌လည်း ရွေ့လျားဆေးအဖွဲ့များဖြင့် ယာယီဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် စီမံချက်များရေးဆွဲ လုပ်ဆောင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ အဆိုပါစီမံချက်သည် လက်ရှိအခြေအနေ ပေါ်မူတည်၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် အခြေအနေ၊ ပြန်လည်လက်ခံရေး စခန်းများနှင့် ပြန်လည်နေရာချထားခြင်းများ ဆောင်ရွက်မည့် အခြေအနေ စသည်တို့၌ အပြောင်းအလဲများ ရှိလာပါက ဤစီမံချက်ပါ လုပ်ငန်းများကို လိုက်လျောညီထွေစွာ ပြုပြင်၍ ပြန်လည်ရေးဆွဲ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းသွားသူများ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက တစ်ပတ်လျှင် ငါးကြိမ်စီ လက်ခံပေးမည်ဖြစ်ပြီး တစ်ကြိမ်လျှင် စခန်းတစ်ခု၌ ၁၀၀ မှ ၁၅၀ ခန့်အထိ လက်ခံပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ပြန်လည်လက်ခံပါက လူဝင်မှုဆိုင်ရာ လုပ်ငန်းများ (National Vartification Card ထုတ်ပေးခြင်း၊ Biometric မှတ်တမ်း ပြုလုပ်ခြင်း စသည်) နှင့် အခြားလို အပ်သည်များအား သက်ဆိုင်ရာ ဌာနများမှ ဆောင်ရွက်ပေးမည်ဖြစ် ပြီး ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့်  ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တောင်ပြိုလက်ဝဲနှင့် ငါးခူရ ပြန်လည်လက်ခံရေး စခန်းများ၌ လက်ခံထားသော လူထုအား အဆိုပါစခန်းများ၌ တစ်ညနေထိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး နေထိုင်ရေးနှင့် စားသောက်ရေးများ စီစဉ်ပေးထားမည်ဖြစ်ကြောင်း၊ နောက်တစ်နေ့ နံနက်တွင် အဆိုပါ ပြန်လည်လက်ခံထားသော လူထုအား ဒါးကြီးစားကျေးရွာသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ဒါးကြီးစားကျေးရွာ၌ ယာယီနေထိုင်ရမည်ဖြစ်ကြောင်း၊ ဤအစီအစဉ်အတိုင်း ဆောင်ရွက်ဖြစ်မည် ဆိုပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ပြန်လည်ဝင်ရောက်လာသည့် လူထုအား မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ ငါးခူရကျေးရွာနှင့် ဒါးကြီးစားကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်လက်ခံရေးစခန်းများ (တောင်ပြိုလက်ဝဲနှင့် ငါးခူရ) နှင့် ယာယီပြန်လည်နေရာချထားမည့် ဒါးကြီးစားကျေးရွာတို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သော ဆေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဒါးကြီးစားကျေးရွာ၌ မြေပြင်အခြေအနေနှင့် လိုအပ်ချက် အပေါ်မူတည်၍ ယာယီဆေးရုံ သို့မ ဟုတ် ကျေးလက်ကျန်းမာရေးဌာန သို့မဟုတ် ဌာနခွဲ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ ခန့်အပ် ိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ လိုအပ်ပါက ဒါးကြီးစား ကျေးရွာ၌ရွေ့လျားဆေးအဖွဲ့များဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆေးအဖွဲ့များအတွက် လိုအပ်သော ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများအား အခြားသော  ပြည်နယ်/တိုင်းဒေသကြီးများမှ အလှည့်ကျခေါ်ယူကာ အင်အားဖြည့်ဆည်း ပံ့ပိုးပေးမည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် မောင်တောမြို့နယ် အတွင်းမှ ဒေသခံ အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးတွဲလျက် တာဝန်ထမ်းဆောင်နိုင်စေရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။