စစ်တွေလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရသည့် မြန်မာအမျိုးသား လေကြောင်းမှ Embraer 190 လေယာဉ်၏ ချို့ယွင်းမှုကို ပြန်လည်ပြင်ဆင်ပြီးဖြစ်

စစ်တွေလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရသည့် မြန်မာအမျိုးသား လေကြောင်းမှ Embraer 190 လေယာဉ်၏ ချို့ယွင်းမှုကို ပြန်လည်ပြင်ဆင်ပြီးဖြစ်
Published 28 October 2017

အောက်တိုဘာ ၂၆ ရက်က စစ်တွေမှ ရန်ကုန်သို့ ပျံသန်းလာသည့် မြန်မာအမျိုးသား လေကြောင်းလိုင်း ခရီးစဉ်အမှတ် UB-202၊ Embraer 190 လေယာဉ်သည် လေယာဉ်တွင်း လေဖိအား ထိန်းညှိမှုစနစ် ချို့ယွင်းမှုကြောင့် စစ်တွေလေဆိပ်သို့ ပြန်လည်ဆင်းသက်၍ ပြုပြင်ခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါလေယာဉ်၏ ချို့ယွင်းချက်ကို ရှာဖွေကာ ပြန်လည်ပြင်ဆင်ပြီး ဖြစ်ကြောင်း အဆိုပါခရီးစဉ် အားမောင်းနှင်ခဲ့သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နည်းပြလေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောကြားသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းမှ နည်းပြလေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် ဒုတိယလေယာဉ်မှူးကြီး ဦးရဲထွဋ်အောင်တို့ မောင်းနှင်လာသည့် Embraer 190 လေယာဉ်သည် ညနေ ၇ နာရီ ၁၇ မိနစ်တွင် စစ်တွေလေဆိပ်မှ စတင်ပျံသန်းခဲ့ပြီး ပျံသန်းချိန် ၁၅ မိနစ်ခန့်၊ စစ်တွေမြို့မှ ရေမိုင် ၄၀ ခန့်၊ ရန်ကုန်မြို့သို့ ရေမိုင် ၂၃၀ ခန့်အကွာ အမြင့်ပေ ၁၈၀၀၀ ခန့်တွင် လေယာဉ်ဦးခေါင်းပိုင်းမှ လေစိမ့်ဝင်သံအား ကြားလိုက်ရကြောင်း သိရသည်။ ယင်းအချိန်တွင် လေယာဉ်အင်ဂျင်နှင့် စက်ပိုင်းဆိုင်ရာပြသသည့် ဒိုင်ခွက်များအား ကြည့်ရှုရာ ညတွင် လေယာဉ်အတွင်းရှိ လေထုဖိအားမှာ ရုတ်တရက် တရိပ်ရိပ် ထိုးတက်လာသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

“လေယာဉ်အတွင်းမှာရှိတဲ့ လေထုဖိအား ထိုးတက်လာတာကို တွေ့လိုက်ရလို့ လေယာဉ်ကို မူလပျံသန်းမယ့် အမြင့်ပေ ၂၉၀၀၀ ကို တက်နေရာကနေ အမြင့်ပေ ၁၉၀၀၀ ခန့်မှာ ချက်ချင်း ရပ်တန့်ခဲ့ပါတယ်။ လေယာဉ်တွင်း လေဖိအား ထိန်းညှိမှု စနစ်ကနေ လေယိုစိမ့်မှု ဖြစ်နေတယ်လို့ စဉ်းစားမိလို့ ခရီးသည်တွေ အန္တရာယ်ကင်းဖို့ စစ်တွေလေဆိပ်ကို ပြန်လည်ဆင်းသက်ပြီး လေယာဉ်ကို စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောပြသည်။

စစ်တွေလေဆိပ်သို့ ည ၇ နာရီ ၅၄ မိနစ် တွင်ဆင်းသက်ပြီး လေယာဉ်ပြင်ပ ကိုယ်ထည်အား စစ်ဆေးကြည့်ရာတွင် လေယာဉ်၏ အရှေ့ဘက်လေကြောင်းဆိုင်ရာ လျှပ်စစ်နှင့် နည်းပညာ သိုလှောင်ခန်း၏ လေလုံရန်ပိတ် သောတံခါးမှာ အပြင်သို့ အနည်းငယ် ထွက်ရှိနေကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။