ဒေးဗစ်ဘက်ခမ်၏ အမေရိကန်မှ ကလပ်အသင်းကို အင်တာမိုင်ယာမီဟု အမည်ပေး

ဒေးဗစ်ဘက်ခမ်၏ အမေရိကန်မှ ကလပ်အသင်းကို အင်တာမိုင်ယာမီဟု အမည်ပေး
Published 6 September 2018

Photo: Express

အင်္ဂလန်နှင့် မန်ယူအသင်း၏ ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်သည် အမေရိကန်တွင် ကလပ်အသင်းတစ်သင်းကို ပိုင်ဆိုင်ထားပြီး ယခုအခါ ယင်းအသင်းကို အင်တာမိုင်ယာမီဟု အမည်ပေးလိုက်ကြောင်း သိရှိရသည်။
အသင်း၏နာမည်အပြည့်အစုံမှာ Club Internacional de Futbol Miami ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် မေဂျာလိဂ်ပြိုင်ပွဲ၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဒေးဗစ်ဘက်ခမ်သည် မိုင်ယာမီမြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များနျှင့် ပူးပေါင်းကာ ၂၀၁၃ ခုနှစ်တွင် Miami Beckham United ဟုအမည်ရသည့် အဖွ့ဲတစ်ခုကို ဖွဲ့စည်းခဲ့ပြီး အင်တာမိုင်ယာမီအသင်းကို မေဂျာလိဂ်ယှဉ်ပြိုင်နိုင်မည့် ပရော်ဖက်ရှင်နယ်အသင်းတစ်သင်း ဖြစ်လာရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မေဂျာလိဂ်ပြိုင်ပွဲကလည်း ၂၀၂၀ ခုနှစ်တွင် အသင်း(၂၄)သင်းပါဝင်သည့်ပြိုင်ပွဲအဖြစ် တိုးချဲ့သွားမည်ဖြစ်၍ အင်တာမိုင်ယာမီအသင်း ယှဉ်ပြိုင်ခွင့်ရရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒေးဗစ်ဘက်ခမ်သည် စက်တင်ဘာ(၅)ရက်နေ့က အသင်းအမည် အတည်ပြုကြေညာခြင်းနှင့် အသင်း၏အမှတ်တံဆိပ် မိတ်ဆက်ပြသခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အသင်းအတွက် အရေးပါသည့် ခြေလှမ်းသစ် အစပြုသည့်အခိုက်အတန့်ဖြစ်ကြောင်းနှင့် ဂုဏ်ယူကျေနပ်မိကြောင်း ဆိုခဲ့သည်။
ဒေးဗစ်ဘက်ခမ်သည် အင်တာမိုင်ယာမီအသင်း၏ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေပြီး ပရိသတ်(၂၅၀၀၀)ဆံ့သည့်ကွင်းသစ်ကို ၂၀၂၁ ရာသီတွင် စတင်ဖွင့်လှစ်အသုံးပြုသွားနိုင်ရန် ကြိုးပမ်းနေကြောင်းလည်း သိရှိရသည်။

Most Read

Most Recent