<

ပိုက်ကျော်ခြင်းအသင်း ရွှေ(၁)၊ ကြေး(၁)ခု ထပ်ရပြီး ဆီးဂိမ်းစ်တွင် ရွှေ(၂)ခု၊ ငွေ(၂)ခု၊ ကြေး(၁)ခု ဆွတ်ခူးရရှိခဲ့

 

Photo -ညီညီစိုးညွန့်

မြန်မာပိုက်ကျော်ခြင်းအသင်းသည် သြဂုတ်(၂၇)ရက်ကယှဉ်ပြိုင်ကစားခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေ(၁)ခု၊ ကြေး(၁)ခု ထပ်မံဆွတ်ခူးရရှိပြီး ပြိုင်ပွဲအားလုံးအပြီးတွင် ရွှေ(၂)ခု၊ ငွေ(၂)ခု၊ ကြေး (၁)ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ဆီးဂိမ်းစ်ပိုက်ကျော်ခြင်းပြိုင် ပွဲမှာ သြဂုတ် (၂၉)ရက်တွင် ပြီးဆုံးမည်ဖြစ်သော်လည်း မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲအမျိုးအစားများမှာ သြဂုတ်(၂၇) ရက်တွင် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းအတွက် ဒုတိယမြောက်ရွှေဆုကို အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် နာမည်ကြီးထိုင်းအသင်းပါဝင်လာခြင်းမရှိသောကြောင့် မြန်မာအသင်းသည် ပြိုင်ဘက်များကို အလွယ်တကူဖြတ်ကျော်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများတွင် ဖိလစ် ပိုင်ကို (၂-၁)ပွဲ၊ လာအိုကို (၂-၀) ပွဲ၊ အိမ်ရှင်မလေးရှားကို (၂-၀) ပွဲ၊ ကမ္ဘောဒီးယားကို (၂-၀)ပွဲတို့ဖြင့် (၄)ပွဲစလုံးအနိုင်ယူကာ ဗိုလ်စွဲခဲ့ ခြင်းဖြစ်သည်။ ရွှေတံဆိပ်ဆုရယူပေးခဲ့သည့် မြန်မာနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းအသင်းတွင် အောင်မျိုးဆွေ၊ ဇော်ဇော်အောင်နှင့် သန့် ဇင်ဦးတို့ ပါဝင်ကြသည်။ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးအသင်းသည် အုပ်စု (ခ) တွင် ပါဝင်ခဲ့ပြီး ဖိလစ်ပိုင်နှင့် မလေးရှားတို့ကို (၂)ပွဲပြတ်စီဖြင့် အနိုင်ရခဲ့သော်လည်း ဆီမီးဖိုင်နယ် တွင် ဗီယက်နမ်အသင်းကို မထင်မှတ်ဘဲ (၂)ပွဲပြတ်ဖြင့် အရေးနိမ့်ခဲ့ သောကြောင့် ဗိုလ်လုပွဲနှင့်လွဲချော်ကာ ပူးတွဲကြေးတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

နှစ်ယောက်တွဲအမျိုးသားပြိုင်ပွဲတွင် ပထမ-မြန်မာ၊ ဒုတိယ-မလေးရှား၊ ပူးတွဲတတိယ-လာအိုနှင့် ဖိလစ်ပိုင်၊ အမျိုးသမီး ပြိုင်ပွဲတွင် ပထမ-ထိုင်း၊ ဒုတိယ-ဗီယက်နမ်၊ ပူးတွဲတတိယ-မြန်မာ နှင့် မလေးရှားအသင်းတို့က ရရှိကြသည်။ မြန်မာပိုက်ကျော်ခြင်း အသင်းသည် ယခုပြိုင်ပွဲတွင် ဆုတံဆိပ်(၅) ခုရယူနိုင်ခဲ့ပြီး ရွှေတံဆိပ် ဆုများကို အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက် တွဲပြိုင်ပွဲ၊ ငွေတံဆိပ်(၂)ခုကို အမျိုးသားလေးယောက်တွဲပြိုင်ပွဲ၊ အမျိုး သား(၂)ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ၊ ကြေးတံဆိပ်(၁)ခုကို အမျိုး သမီးနှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ယှဉ်ပြိုင်ခွင့်ရသည့်ပြိုင်ပွဲအမျိုးအစား(၅)မျိုးစလုံးတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပိုက်ကျော် ခြင်းပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲဖြစ်သော သုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ ယင်းပြိုင်ပွဲကို သြ ဂုတ် (၂၉)ရက် (ယနေ့) ထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

August 28, 2017














Copy Protected by Chetan's WP-Copyprotect.