ဂျီယိုဗန်နီဆီမြွန်နီအတွက် အက်သလက်တီကိုအသင်း၏ ယူရိုသန်း(၄၀)ဖြင့် ကမ်းလှမ်းမှုကို ဖီအိုရင်တီးနားအသင်း ပယ်ချ

ဂျီယိုဗန်နီဆီမြွန်နီအတွက် အက်သလက်တီကိုအသင်း၏ ယူရိုသန်း(၄၀)ဖြင့် ကမ်းလှမ်းမှုကို ဖီအိုရင်တီးနားအသင်း ပယ်ချ
Published 30 July 2018

Photo: Sport

ဖီအိုရင်တီးနားအသင်းသည် အာဂျင်တီးနားတိုက်စစ်မှူး ဂျီယိုဗန်နီဆီမြွန်နီအတွက် အက်သလက်တီကိုအသင်း၏ ယူရိုသန်း(၄၀)ဖြင့် ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း သိရှိရသည်။
ဂျီယိုဗန်နီသည် ပြီးခဲ့သည့်ရာသီကမှ ဂျီနိုအာအသင်းမှ ဖီအိုရင်တီးနားအသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ယင်းအချိန်ကတည်းက အက်သလက်တီကိုအသင်းက ခေါ်ယူရန်စိတ်ဝင်စားခဲ့သည်။
ဂျီယိုဗန်နီသည် အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီ၏ သားအကြီးဖြစ်ပြီး အသက်(၂၃)နှစ်သာရှိသေးသူဖြစ်သည်။
ထို့ကြောင့် ဖခင်ဖြစ်သူက အက်သလက်တီကိုအသင်းသို့ ခေါ်ယူရန် ဆန္ဒရှိနေသလို၊ ၎င်းကလည်း ပြောင်းရွှေ့ကစားလိုကြောင်း ဝန်ခံထားသည်။

Photo: Getty Images

ဂျီယိုဗန်နီက ''ကျွန်တော် အက်သလက်တီကိုအသင်းကို ချစ်ပါတယ်။ ဒါဟာ အဖေ့အပေါ် အက်သလက်တီကိုအသင်းရဲ့ ပြုမူဆက်ဆံပုံကြောင့်တင် မဟုတ်ပါဘူး။ ကျွန်တော်တို့တစ်မိသားစုလုံးအပေါ် ပြုမူဆက်ဆံပုံကြောင့်လည်းဖြစ်ပါတယ်။ သူတို့က ထိပ်တန်းအသင်းကြီးဖြစ်ပေမယ့် ဝါကြွားမှုမရှိတဲ့အသင်းလည်းဖြစ်ပါတယ်'' ဟု ၂၀၁၆ ခုနှစ်က ပြောကြားခဲ့ဖူးသည်။
အက်သလက်တီကိုအသင်းသည် ဖီအိုရင်တီးနားအသင်း၌ ခြေစွမ်းပိုမိုတိုးတက်လာသည့် ဂျီယိုဗန်နီကို ယူရိုသန်း(၄၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဖီအိုရင်တီးနားအသင်းက ထိုက်တန်သည့်ဈေးနှုန်းမဟုတ်ဟု ယူဆကာ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စပိန်မီဒီယာအချို့ကမူ အက်သလက်တီကိုအသင်းအနေဖြင့် ဈေးနှုန်းတိုးမြှင့်ပြီး ကမ်းလှမ်းခဲ့ပါက ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာပင် ခေါ်ယူနိုင်ဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။