၂၀၁၃ ခုနှစ်နောက်ပိုင်း မြန်မာသေနတ်ပစ်အဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ဆုကို မေပိုးဝါ ဆွတ်ခူး

၂၀၁၃ ခုနှစ်နောက်ပိုင်း မြန်မာသေနတ်ပစ်အဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ဆုကို မေပိုးဝါ ဆွတ်ခူး
Published 25 August 2017

သြဂုတ် ၂၃ ရက်က ကျင်းပသည့် သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

Photo - ညီညီစိုးညွန့်

ရွှေတံဆိပ်ဆုကို အမျိုးသမီး ၁၀ မီတာလေပစ္စတိုပြိုင်ပွဲတွင် မေပိုးဝါက ရယူပေးခဲ့ ခြင်းဖြစ်ပြီး ကြေးတံဆိပ်ဆုကိုမူ အမျိုးသား မီတာ ၅၀ ရိုင်ဖယ်ဝမ်းလျားမှောက်ပြိုင်ပွဲ တွင် ကောင်းထိုက်က ရယူပေးခဲ့သည်။

မေပိုးဝါသည် ယင်းဆုတံဆိပ်အတွက် အိမ်ရှင် မလေးရှား၊ ဗီယက်နမ်ကစားသမားများနှင့် အဓိကယှဉ်ပြိုင်ခဲ့ရပြီး ရမှတ်အသာဖြင့် ရွှေ တံဆိပ်ရယူနိုင်ခြင်းဖြစ်ကာ ဗီယက်နမ်က ငွေတံဆိပ်နှင့် မလေးရှားက ကြေးတံဆိပ်ရရှိ ခဲ့သည်။ ယင်းရွှေတံဆိပ်ဆုမှာ မေပိုးဝါအတွက် ကစားသမားဘဝတစ်လျှောက် ပထမဆုံးရရှိ သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ တစ်ဦးချင်းဆုတံဆိပ် ဖြစ်ပြီး မြန်မာသေနတ်ပစ်အဖွဲ့အတွက်လည်း အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲနောက်ပိုင်း ပထမဆုံး ရွှေ တံဆိပ်ဆုဖြစ်ကြောင်း သိရသည်။

အမျိုးသား မီတာ ၅၀ ရိုင်ဖယ်ဝမ်းလျားမှောက်ပြိုင်ပွဲ တွင်မူ အိမ်ရှင်မလေးရှားကစားသမားက ရွှေ တံဆိပ်နှင့် စင်ကာပူကစားသမားက ငွေ တံဆိပ်ရရှိခဲ့ပြီး ကောင်းထိုက်က ကြေးတံဆိပ် ရရှိခဲ့သည်။ မြန်မာသေနတ်ပစ်အဖွဲ့သည် သြဂုတ် ၂၄ ရက်ပွဲစဉ်များအပြီးတွင် ရွှေ တံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခုရရှိထားပြီး ကျန်ကြေးတံဆိပ်တစ်ခုကို အမျိုးသား မီတာ ၅၀ ပစ္စတိုပြိုင်ပွဲတွင် ကျော်စွာဝင်းက ရယူ ပေးခဲ့ခြင်းဖြစ်သည်။ သေနတ်ပစ်ပြိုင်ပွဲကို သြဂုတ် ၂၅ ရက် (ယနေ့) နှင့် သြဂုတ် ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ အမျိုးသားနှင့် အမျိုးသမီးကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယခုနှစ် ဆီးဂိမ်းစ်သေနတ်ပစ်ပြိုင်ပွဲ၌ အမျိုးသား ပြိုင်ပွဲ ကိုးပွဲနှင့် အမျိုးသမီးပြိုင်ပွဲ ငါးပွဲကျင်းပ မည်ဖြစ်ပြီး ရွှေတံဆိပ် ၁၄ ခုချီးမြှင့်မည်ဖြစ် ကြောင်း သိရသည်။ '' အစ်မက ဒီပြိုင်ပွဲမတိုင်ခင်မှာ အလုပ် အတွက် သင်တန်းတစ်ခုသွားတက်နေရလို့ လေ့ကျင့်ပြင်ဆင်ချိန် ငါးလလောက်ပဲရခဲ့ တယ်။ ဒါပေမဲ့ အကောင်းဆုံးကြိုးစားပြီး ယှဉ် ပြိုင်ခဲ့လို့ အခုလိုရွှေတံဆိပ်ရရှိခဲ့တာပါ။ ဒီလို ရယူနိုင်တဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ နိုင်ငံအတွက်လည်း ဂုဏ် ယူပါတယ်။ ရှေ့လျှောက်ကြိုးစားသွားမှာပါ''ဟု မေပိုးဝါက ပြောကြားသည်။

Most Read

Most Recent