၂၀၁၇ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် ထိုင်း၊ အိမ်ရှင်မလေးရှားနှင့် အင်ဒိုနီးရှား တို့တွေ့ဆုံ

၂၀၁၇ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် ထိုင်း၊ အိမ်ရှင်မလေးရှားနှင့် အင်ဒိုနီးရှား တို့တွေ့ဆုံ
Published 25 August 2017

မြန်မာအသင်းနှင့် တွေ့ဆုံမည့် ထိုင်းအသင်းကစားသမားများ အုပ်စုတွင်း ကမ္ဘောဒီးယားနှင့် ပွဲစဉ်တွင် ဂိုးသွင်းအပြီး အောင်ပွဲခံနေစဉ်။ (Photo - AFP)

၂၀၁၇ ဆီးဂိမ်းစ်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မြန်မာအသင်းနှင့် ထိုင်းအသင်း၊ အိမ်ရှင်မလေးရှားအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။ အုပ်စု(ခ)၏နောက်ဆုံးနေ့ပွဲစဉ်မာျးကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ ထိုင်းအသင်းက ဗီယက်နမ်အသင်းကို (၃-ဝ)ဂိုး၊ အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီးယားအသင်းကို (၂-ဝ)ဂိုးနှင့် ဖိလစ်ပိုင်အသင်းက တီမောအသင်းကို(၂-၁)ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ကြသည်။ အုပ်စု (ခ)ပွဲစဉ်များအပြီးတွင် ထိုင်းအသင်းက ငါးပွဲကစား လေးပွဲနိုင် တစ်ပွဲသရေ ရမှတ်(၁၃)မှတ်ဖြင့် အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းက ငါးပွဲကစား သုံးပွဲနိုင် နှစ်ပွဲသရေ ရမှတ်(၁၁)မှတ်ဖြင့် အုပ်စုဒုတိယတို့ ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ကြသည်။ နာမည်ကြီးဗီယက်နမ်အသင်းမှာ ထိုင်းအသင်းနှင့်ပွဲစဉ်တွင် သရေကစားရုံဖြင့် ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်မည်ဖြစ်သော်လည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ်(၂၆)ရက်တွင် ရှာအလမ်ကွင်းနှင့် ဆီလာယန်ကွင်းတို့တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။