ဥရောပရွှေဖိနပ်ဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရန် အလားအလာကောင်းနေ

ဥရောပရွှေဖိနပ်ဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရန် အလားအလာကောင်းနေ
Published 2 May 2018

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် လိဂ်ပြိုင်ပွဲ၏သွင်းဂိုးများကိုသာ သက်ဆိုင်ရာ လိဂ်အဆင့်အတန်းအလိုက် အမှတ်ပေးပြီး ထည့်သွင်းတွက်ချက်သည့် ဥရောပရွှေဖိနပ် ဆု (ESM) ကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိရန် အခြေအနေကောင်းလျက်ရှိသည်။

ဧပြီ ၂၉ ရက်ကကစားခဲ့သော ဘာစီလိုနာကို လာလီဂါချန်ပီယံဖြစ်စေခဲ့သည့် ဒီပို့တီဗိုနှင့်ပွဲတွင် မက်ဆီသည် ဟက်ထရစ်သွင်းယူခဲ့သောကြောင့် ယခင်ထိပ်ဆုံးတွင်ရှိနေခဲ့ သည့် ဆာလာကို ကျော်တက်ကာ ဦးဆောင် နိုင်ခဲ့ခြင်းဖြစ်သည်။ လက်ကျန်ပွဲများတွင် ဘာစီလိုနာအသင်းမှာ လေးပွဲအထိ ကစားရန် ကျန်ရှိနေသောကြောင့် မက်ဆီမှာ ပိုမိုအခွင့်အရေး ရှိနေခြင်းဖြစ်ပြီး ဆာလာနှင့် လီဝန်ဒေါစကီးမှာ နှစ်ပွဲစီ၊ အီမိုဘီလီ၊ ကာဗာနီ၊ အီကာဒီ နှင့် ဟာရီကိန်းတို့မှာ သုံးပွဲစီသာ ကစားရန် ကျန်ရှိတော့သည်။

၁၉၆၇-၆၈ရာသီက စတင်ချီးမြှင့်သည့် ယင်းရွှေဖိနပ်ဆုကို လာလီဂါပြိုင်ပွဲမှ ၁၃ ကြိမ်ရရှိကာ အကြိမ်အများဆုံး ဆွတ်ခူးထားပြီး ပရီးမီးယားလိဂ်နှင့် ၂၀၁၃-၁၄ တစ်ရာသီပူးတွဲ အပါအဝင် နောက်ဆုံးကိုးကြိမ်ဆက် ရယူ နိုင်ခဲ့သည်။ ESM ရွှေဖိနပ်ဆုကို အကြိမ်အများဆုံး ဆွတ်ခူးနိုင်ခဲ့သူအဖြစ် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့က လေးကြိမ်စီ ရရှိထားပြီး ယခုနှစ်တွင် မက်ဆီ ဆွတ်ခူးနိုင်ခဲ့လျှင် အအောင်မြင်ဆုံး ဖြစ်လာမည်ဖြစ်သည်။