လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု အောင်လအန်ဆန် ကြုံးဝါး

လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု အောင်လအန်ဆန် ကြုံးဝါး
Published 15 February 2018

ဓာတ်ပုံ - ညီညီစိုးညွန့်

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့၌ ထိုးသတ်မည့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု ကြုံးဝါးပြောဆိုသည်။

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ စတင်ထိုးသတ်ကတည်းက မစ်ဒယ်ဝိတ်တန်း၌သာ ယှဉ်ပြိုင်ခဲ့သော်လည်း ယခုပြိုင်ပွဲတွင် ဝိတ်တန်းတက်၍ ကမ္ဘာ့ချန်ပီယံလုပွဲထိုးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်က “ပြိုင်ပွဲထိုးသတ်ဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။ စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါ ကြံ့ခိုင်သန်မာနေပြီလို့ ခံစားမိပါတယ်။ ကျွန်တော့်ကိုတွန်းအားပေးတဲ့ နည်းပြတွေရော လေ့ကျင့်ဖက်တွေကိုပါ ကျေးဇူးတင်ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မယ့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ” ဟုပြောကြားသည်။ ယင်းပြိုင်ပွဲအတွက် ကြိုတင်လက်မှတ်များကို ဖေဖော်ဝါရီလဆန်းမှစ၍ ရောင်းချလျက်ရှိပြီး အောင်လအန်ဆန်၏ Facebook တွင် ဖော်ပြထားသည့် Promo Code ဖြင့်ဝယ်ယူပါက ၂၅ ရာခိုင်နှုန်း လျှော့ဈေးရရှိမည်ဖြစ်သည်။ အောင်လအန်ဆန်သည် လက်မှတ် Discount မှရရှိသည့်ငွေကြေးကို လူမှုရေးအဖွဲ့အစည်းများသို့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်က ရန်ကုန်မြို့၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့်အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီး ခြောက်လကျော်အကြာတွင် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ ထပ်မံထိုးသတ်ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲပြီးဆုံးပါက အခြားပြိုင်ပွဲများ ထပ်မံထိုးသတ်ရန် စီစဉ်ထားကြောင်း သိရသည်။