■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၁)

■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၁)
Published 7 August 2017


Photos: Gettyimages,Man Utd,,Daily Mail,Mirror ...

■ အခန်း (၃)

■ မန်ယူသို့ရောက်ရှိခြင်း

■ ဖာဂူဆန်နှင့်ညစာစားပွဲ

၂၀၀၃ နွေရာသီမှာကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်း - မန်ယူခြေစမ်းပွဲမှာ စီရော်နယ်လ်ဒို ခြေစွမ်းပြခဲ့တာကြောင့် မန်ယူအသင်းကသူ့ကို ခေါ်ယူလိုက်တယ်လို့ အားကစားလောကမှာ အသိများကြပါတယ်။ ဒါကမှားတော့ မမှားပါဘူး။ ဒါပေမဲ့ ပြည့်စုံတယ်လို့လည်း မဆိုနိုင်ပါဘူး။ အမှန်တော့ ဒီပွဲမတိုင်ခင်ကတည်းက မန်ယူအသင်းနည်းပြဖာဂူဆန်ဟာ စီရော်နယ်လ်ဒိုကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပါ။ စပို့တင်းလစ္စဘွန်းအသင်း နည်းပြဟောင်းတစ်ဦးဖြစ်ခဲ့ပြီး၊ မန်ယူမှာဖာဂူဆန်ရဲ့ လက်ထောက်နည်းပြလုပ်နေတဲ့ ကားလို့စ်ကွီရော့ဇ်က စီရော်နယ်လ်ဒိုအကြောင်း ပြောကြားခဲ့တာကြောင့် ဖာဂူဆန်ဟာ မန်ယူအရံအသင်းနည်းပြ ဂျင်မ်ရိုင်ယန်ကို ပေါ်တူဂီစေလွှတ်ပြီး စီရော်နယ်လ်ဒိုရဲ့ ခြေစွမ်းကိုစောင့်ကြည့်ခိုင်းခဲ့ဖူးပါတယ်။

စပို့တင်းလစ္စဘွန်းလေ့ကျင့်ရေးကွင်းကို သွားရောက်ပြီး စောင့်ကြည့်ခဲ့တဲ့ ဂျင်မ်ရိုင်ယန်က ဖာဂူဆန်ဆီဖုန်းဆက်ပြီး တောင်ပံကစားသမားအဖြစ်ရော တိုက်စစ်မှူးအဖြစ်ပါကစားနိုင်တဲ့ စီရော်နယ်လ်ဒိုကိုအမြန်ခေါ်ယူဖို့၊ တခြားအသင်းတွေကလည်း သူ့ကိုမျက်စိကျနေတာကြောင့်လက်မနှေးနေဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက စီရော်နယ်လ်ဒိုကို အာဆင်နယ်အသင်းကခေါ်ယူဖို့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ နှစ်သင်းအကြား နှုတ်အားဖြင့် သဘောတူထားတဲ့အချိန်ပါ။ စပို့တင်းလစ္စဘွန်း - မန်ယူခြေစမ်းပွဲမတိုင်မီညမှာ စပို့တင်းအသင်းဒါရိုက်တာနှစ်ဦးဖြစ်သူ ဘတ်တန်ကုတ်၊ တဲလ်လက်စ်တို့နဲ့ ဖာဂူဆန်ဟာ ညစာအတူသုံးဆောင်ခဲ့ပါတယ်။ အမေရိကန်ခြေစမ်းခရီးစဉ်ကနေ ပြန်လာတဲ့ မန်ယူအသင်းဟာ လစ္စဘွန်းမြို့ကို ညမိုးချုပ်မှလေယာဉ်ဆိုက် ရောက်လာခဲ့ပါတယ်။ လေဆိပ်ကဆင်းလာချင်းပဲ ဖာဂူဆန်ကို လစ္စဘွန်းမြို့က နာမည်ကြီးဟိုတယ် Quinta da Marinha မှာ ညစာဖိတ်ကျွေးခဲ့တာဖြစ်ပြီး ဂျော့ချ်မန်ဒက်စ်နဲ့ သူ့ရဲ့ညာလက်ရုံးတူတော်စပ်သူ ကော်ရီယာတို့လည်းပါဝင်ခဲ့ပါတယ်။ အဲဒီညစာစားပွဲမှာ စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ မန်ယူအသင်းဟာ အဲဒီအချိန်တုန်းကလူငယ်ကစားသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေးဖြစ်တဲ့ ပေါင်(၈)သန်းနဲ့ စီရော်နယ်လ်ဒိုကို ခေါ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီတုန်းက စံချိန်တင်ထားသူက စပို့တင်းအသင်းကနေ ဘာစီလိုနာကိုပြောင်းရွှေ့ခဲ့တဲ့ လူငယ်ကစားသမား ကွာရက်စ်မာဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးကပေါင် (၆)သန်းဖြစ်ပါတယ်။ -----

■ ပြန်လည်ဖြည့်တင်းရမယ့် ကွင်းလယ်

မန်ယူအသင်းဟာ ၂၀၀၂-၀၃ ရာသီပြီးပြီးချင်းဇွန်လမှာ အသင်းရဲ့အဓိကကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်ကို ရီးယဲလ်မက်ဒရစ်အသင်းထံရောင်းချထားပြီး ဝါရင့်အာဂျင်တီးနားကွင်းလယ်လူ ဗာရွန်ကလည်း ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့သွားချိန်ဖြစ်ပါတယ်။ကွင်းလယ်ကိုပြန်အစားထိုးဖို့ ဘရာဇီးလ်နာမည်ကြီးကွင်းလယ်လူ ရော်နယ်လ်ဒင်ဟိုကိုကမ်းလှမ်းခဲ့ပေမယ့် ရော်နယ်လ်ဒင်ဟိုက မန်ယူအသင်းရဲ့ကမ်းလှမ်းမှုကို အံ့အားသင့်ဖွယ်ငြင်းဆန်ခဲ့ပြီး PSG အသင်းကနေ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ချိန်ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ ကွင်းလယ်မှာကစားသမားသစ်ပြန်လည်ဖြည့်တင်းဖို့ မဖြစ်မနေလိုအပ်နေချိန်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် မန်ယူအသင်းဆီကနေ ပေါင်(၈)သန်းထက်မက တောင်းဆိုလို့ရနိုင်ကြောင်း စပို့တင်းအသင်းဒါရိုက်တာတွေကို မန်ဒက်စ်ကတိတ်တဆိတ်အသိပေးခဲ့ပါတယ်။

ဟိုတယ်မှာဆွေးနွေးခဲ့စဉ်တုန်းက စပို့တင်းလစ္စဘွန်းဒါရိုက်တာနှစ်ဦးဟာ စီရော်နယ်လ်ဒိုကိုရောင်းချချင်ပေမယ့် လက်မလွှတ်လိုသေးဘဲ အသင်းမှာအငှားသဘောမျိုးနဲ့ တစ်နှစ်ဆက်ထားပေးဖို့တောင်းဆိုခဲ့ပါတယ်။ စပို့တင်းအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်ကိုယ်တိုင်က စီရော်နယ်လ်ဒိုကိုအသင်းမှာ အဓိကကစားသမားအဖြစ် နေရာပေးဖို့ဆန္ဒရှိနေပြီး စပို့တင်းအသင်းအုပ်ချုပ်ရေးအဖွဲ့၊ နည်းပြအဖွဲ့အားလုံးက အရည်အသွေးရှိနေတဲ့သူ့ကို လက်မလွှတ်လိုဘဲ ဖြစ်နေကြပါတယ်။ ဒီညစာစားပွဲမှာ စပို့တင်းအသင်းက မန်ယူအသင်းကမ်းလှမ်းတဲ့ ကြေးကိုလက်ခံကြောင်း ယတိပြတ်အဖြေမပေးခဲ့သလို၊ ဖာဂူဆန်ကလည်း စီရော်နယ်လ်ဒိုကိုပြန်ပြီးအငှားချ၊ မချဆိုတာ အဖြေမပေးခဲ့ပါဘူး။ ဒီညစာစားပွဲအပြီးမှာ မန်ဒက်စ်ဟာဖာဂူဆန်ရဲ့ ဟိုတယ်အခန်းကိုလိုက်ပါခဲ့ပြီး စီရော်နယ်လ်ဒိုနဲ့ပတ်သက်လို့ (၂)နာရီကြာခန့် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတုန်းက မန်ဒက်စ်နဲ့ ဖာဂူဆန်တို့ ပထမဦးဆုံးအကြိမ် လူချင်းတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်တစ်နေ့ စပို့တင်းနဲ့ မန်ယူတို့ခြေစမ်းပွဲကစားတော့ ဖာဂူဆန်ကစီရော်နယ်လ်ဒိုကိုထိန်းဖို့ ညာနောက်ခံနေရာမှာ ဂျွန်အိုရှေးကို တာဝန်ပေးလိုက်ပါတယ်။ စီရော်နယ်လ်ဒိုကို ထိန်းမနိုင်၊ သိမ်းမရဖြစ်နေတဲ့ ဂျွန်အိုရှေးကို အားမရလွန်းလို့ ဖာဂူဆန်ဟာ ကွင်းဘေးစည်းနားအထိထသွားပြီး နိုင်အောင်ထိန်းဖို့ အော်ဟစ်သတိပေးခဲ့ပါတယ်။ ဘယ်လိုပဲကြိုးစားကြိုးစား သူ့ကိုလိမ်ခေါက်လှည့်ဖျားပြီး အကြိမ်ကြိမ်ကျော်ဖြတ်နေတဲ့ စီရော်နယ်လ်ဒိုကိုကြည့်ပြီး ရှက်စိတ်နဲ့အတူ ဂျွန်အိုရှေး မျက်နှာတစ်ခုလုံး နီရဲလာပါတယ်။ အဲဒီပွဲမှာ ဂျွန်အိုရှေးဟာ သူ့ကိုလူစားလဲပေးဖို့တောင် တောင်းဆိုခဲ့ပြီး ဖာဂူဆန်ကမလဲပေးလို့ ပထမပိုင်းအပြီးမှာ အသင်းဆရာဝန်ဆီက ခေါင်းကိုက်ပျောက်ဆေးတွေသောက်ပြီး ဆက်ကစားခဲ့ရတာပါ။

■ ကင်ယွန်ကိုဖိအားပေးတဲ့ ဖာဂူဆန်

ပထမပိုင်းအပြီးမှာ မန်ယူအသင်းတာဝန်ရှိသူတစ်ဦးဖြစ်သူ မော်ဂန်ကို ဖာဂူဆန်က Director Box ထဲမှာရှိနေတဲ့ အသင်းအမှုဆောင်ဒါရိုက်တာ ပီတာကင်ယွန်ကို အောက်ဆင်းလာဖို့ အခေါ်လွှတ်လိုက်ပါတယ်။ ပီတာကင်ယွန်ရောက်ရှိလာချိန်မှာ ဖာဂူဆန်က " ဒီကစားသမား (စီရော် နယ်လ်ဒို)ကိုမရရင် ဒီကွင်းထဲကနေမထွက်ဘူး "လို့ပြောလိုက်ပါတယ်။ ပီတာကင်ယွန်က ရီးယဲလ်မက်ဒရစ်အသင်းဟာလည်း စီရော်နယ်လ်ဒိုအတွက် ပေါင်(၈)သန်းနဲ့ကမ်းလှမ်းထားကြောင်း ဖာဂူဆန်ကိုအသိပေးခဲ့ပါတယ်။ ဖာဂူဆန်က တစ်ခွန်းတည်းတုံ့ပြန်လိုက်ပါတယ်။ " ဒါဆိုလည်း ပေါင်(၉)သန်းပေးလိုက်ပေါ့" လို့ဖြစ်ပါတယ်။

ပီတာကင်ယွန်ဟာ ပွဲကြည့်စင် Director Box ထဲကိုပြန်လည်ရောက်ရှိလာရာမှာ စပို့တင်းအသင်းဒါရိုက်တာတွေကို စီရော်နယ်လ်ဒိုနဲ့ တိုက်ရိုက်လူချင်းတွေ့စကားပြောလို့ရမလားလို့ ခွင့်တောင်းခဲ့ရာမှာ ခွင့်ပြုချက်ရခဲ့ပါတယ်။ ပွဲအပြီးကွင်းထဲက နည်းပြအဝတ်လဲခန်းထဲမှာ ဖာဂူဆန်ရေချိုးနေချိန် ပီတာကင်ယွန်၊ စီရော်နယ်လ်ဒိုနဲ့ အေးဂျင့်ဂျော့ချ်မန်ဒက်စ်တို့က သူ့ကိုစောင့်ဆိုင်းနေကြပါတယ်။ ရေချိုးခန်းထဲကထွက်လာတဲ့ ဖာဂူဆန်က မန်ဒက်စ်ကို " ဂျော့ချ်၊ တစ်ဆိတ်လောက်သူ့ကို ဘာသာပြန်ပြီးပြောပေးစမ်းပါ "လို့ဆိုပြီး အခုလိုပြောလိုက်ပါတယ်။ " မင်း ငါတို့ဆီမှာ အပတ်တိုင်းပွဲကစားခွင့်ရမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကို ပထမအသင်းကြီး လူစာရင်းမှာ ထည့်သွင်းပေးထားမယ်။ မင်းရဲ့အသက်က (၁၇)နှစ်ပဲရှိသေးတယ် (အမှန်တကယ်တွင် ထိုစဉ်က ၁၈ နှစ်ရှိပြီဖြစ်သည်)။ မင်းကိုငါတို့ အချိန်ယူပြီးကစားသမားကောင်းတစ်ဦးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးမယ် "လို့ ဖာဂူဆန်ကပြောကြားလိုက်ပါတယ်။

အမှန်တော့ ဖာဂူဆန်ဟာဒီခြေစမ်းပွဲမတိုင်ခင်မှာ စီရော်နယ်လ်ဒိုကို စပို့တင်းလစ္စဘွန်းအသင်းအလိုရှိတဲ့အတိုင်း တစ်ရာသီအငှားချဖို့စဉ်းစားခဲ့ပေမယ့် ဒီခြေစမ်းပွဲအပြီးမှာ သူ့ရဲ့စိတ်တွေပြောင်းလဲသွားခဲ့ပါတယ်။ ဒါကြောင့် စပို့တင်းလစ္စဘွန်းအသင်းရဲ့ အားကစားဒါရိုက်တာဖရိုင်တက်စ်ဆီကို စီရော်နယ်လ်ဒိုအတွက် ပြောင်းရွှေ့ကြေးပိုပေးမယ့်အကြောင်းနဲ့ သူ့ကိုအငှားမချတောဘဲ အပြီးသတ်ချက်ချင်းခေါ်ယူသွားမယ့် အကြောင်းအသိပေးလိုက်ပါတယ်။

■ ကလေးဆိုးကြီးလိုပူဆာတဲ့ ဖာဂူဆန်

ဖာဂူဆန်ရဲ့အလိုဆန္ဒကြီးမားခြင်းဟာ အရုပ်လိုချင်လို့ အတင်းငိုယိုပူဆာနေတဲ့ ကလေးကြောင့် ဈေးမလျော့ဘဲ ခပ်တင်းတင်းရောင်းနေတဲ့ ဈေးသည်လို စပို့တင်းအသင်းနဲ့မန်ဒက်စ်တို့ အကြိုက်တွေ့သွားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုအတွက် ပြောင်းရွှေ့ကြေးက လူငယ်ကစားသမားတစ်ဦးရဲ့ ဈေးကွက်တန်ကြေးထက်များစွာကျော်လွန်သွားခဲ့ပြီး ယူရို(၁၈)သန်း (ပေါင် ၁၂ .၂၄ သန်း)အထိ ဖြစ်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ စီရော်နယ်လ်ဒိုကို (၅)နှစ်စာချုပ်ချုပ်ဆိုဖို့စီစဉ်ခဲ့ပြီး သူ့ရဲ့လစာငွေကလည်း တစ်နှစ်ယူရို (၂၄၀၀၀) ကနေ ယူရို(၂)သန်းအထိ အဆပေါင်းများစွာ ခုန်တက်သွားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုကို သံယောဇဉ်မပြတ်နိုင်တဲ့ စပို့တင်းလစ္စဘွန်းအသင်းဟာစာချုပ်မှာ အချက်တစ်ချက်တော့ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ အဲဒါကတော့ မန်ယူအသင်းအနေနဲ့ သူ့ကိုပြန်ရောင်းမယ်ဆိုရင် စပို့တင်းအသင်းကို ဦးစားပေးရောင်းချရမယ်လို့ ထည့်သွင်းချုပ်ဆိုခဲ့တာပါ။ နောက်(၆)နှစ်အကြာမှာ မန်ယူအသင်းဟာ စီရော်နယ်လ်ဒိုကို ပြန်လည်ရောင်းချခဲ့ပြီး အဲဒီအချိန်မှာတော့ စပို့တင်းအသင်းဟာ သူတို့ရဲ့ကစားသမားဟောင်းကို ဘယ်လိုမှမခေါ်ယူနိုင်ဘဲ ရင်နာနာနဲ့သာလက်ပိုက်ကြည့်ခဲ့ရပါတယ်။ မန်ယူအသင်းဟာ စီရော်နယ်လ်ဒိုကို ရီးယဲလ်အသင်းထံ (ထိုစဉ်က) ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ ရောင်းထုတ်ခဲ့တာပါ။

ရက်အနည်းငယ်အကြာမှာတော့ မန်ယူအသင်းဟာ အထူးသီးသန့်လေယာဉ်စေလွှတ်ပြီး စီရော်နယ်လ်ဒို၊ သူ့ရဲ့မိခင် ဒိုလိုရက်စ်၊ အစ်မဖြစ်သူ ကာတီယာ၊ သူ့ရဲ့ရှေ့နေတို့ကို မန်ချက်စတာမြို့ ကိုလာဖို့ ခေါ်ဆောင်လိုက်ပါတယ်။ စီရော်နယ်လ်ဒိုဟာ အသင်းကိုလေ့လာဖို့နဲ့ စာချုပ်အတွက် လက်မှတ်ရေးထိုးဖို့လောက်သာထင်မှတ်ပြီး အဝတ်အစားသိပ်မယူဆောင်ဘဲ အင်္ဂလန်ကို လိုက်ပါလာခဲ့ပါတယ်။ ဖာဂူဆန်အနေနဲ့ သူ့ကို လစ္စဘွန်းမြို့မှာ အချိန်အတိုင်းအတာတစ်ရပ်အနေနဲ့ပြန်နေထိုင်စေပြီး အင်္ဂလိပ်စကားပြော သင်ခိုင်းဦးမယ်လို့ စီရော်နယ်လ်ဒိုထင်မှတ်ခဲ့တာပါ။ ဒါပေမဲ့ ဖာဂူဆန်က စီရော်နယ်လ်ဒိုကိုခေါ်ယူကြောင်း မီဒီယာတွေကို အသိပေးခဲ့ခြင်းနဲ့အတူ သူ့ကိုလည်း မန်ယူအသင်းကြီးနဲ့အတူ ချက်ချင်းလေ့ကျင့်ခန်းဆင်းစေခဲ့ပါတယ်။ အဝတ်တွေမပါလာဘူးလို့ စီရော်နယ်လ်ဒိုကအကြောင်းပြပေမယ့် ဖာဂူဆန်က ပြဿနာမရှိကြောင်းနဲ့ လစ္စဘွန်းကိုပြန်ပြီး ပစ္စည်းတွေယူဖို့အတွက် နောက်မှအချိန်တစ်ခုပေးမယ်လို့ ပြန်ပြောခဲ့ပါတယ်။

■ ကော်မရှင်ခတောင်းတဲ့ အိုရှေး

ကာရင်တန်လေ့ကျင့်ရေးကွင်းကိုရောက်တော့ မဟာပြိုင်ဘက်အိုရှေးက သူ့ကိုကော်မရှင်ခ တောင်းပါတော့တယ်။ စပို့တင်းလစ္စဘွန်း - မန်ယူပွဲကြောင့် စီရော်နယ်လ်ဒို မန်ယူရောက်လာတာလို့ မန်ယူကစားသမားအများစုက ယုံကြည်နေကြပြီး ဒီပွဲမှာ သူပါဝင်အသုံးတော်ခံခဲ့တဲ့အတွက် စီရော်နယ်လ်ဒိုဆီက ပြောင်းရွှေ့ကြေးကော်မရှင်ရသင့်ကြောင်း အိုရှေးကနောက်ပြောင်ခဲ့တာပါ။ ဒါပေမဲ့ အိုရှေးရဲ့စကားကို စီရော်နယ်လ်ဒို ချက်ချင်းနားမလည်ခဲ့တာကြောင့် စကားပြန်တစ်ဦးက ဘာသာပြန်ပေးခဲ့ရပါသေးတယ်။

မန်ယူအသင်းကို စီရော်နယ်လ်ဒိုရောက်ရှိ ကြောင်းကြေညာဖို့ ဖာဂူဆန်နဲ့တွဲပြီး ဓာတ်ပုံရိုက်ခဲ့ရာမှာ သူ့ရဲ့ရောင်စုံအင်္ကျီဒီဇိုင်းဆန်းနဲ့ မော်ဒယ်လိုလိုဆံပင်ပုံစံတွေကြောင့် ဘယ်လိုကစားသမားကို ဖာဂူဆန်ခေါ်လိုက်တာလဲလို့ မန်ယူပရိသတ်တွေအကြား အတွေးများစရာဖြစ်ခဲ့ရပါတယ်။ မန်ယူအသင်းရဲ့ ဝတ်စုံတာဝန်ခံတစ်ဦးဖြစ်သူ အီယန်ဘက်ကင်ဟမ်ကတောင် " ဒီကောင်လေးက ဘယ် သူလဲ " လို့ မန်ယူကစားသမားတွေကို မေးယူရတဲ့အထိ သူ့ကိုမသိခဲ့တာပါ။ သူ့ကိုသိပ်ပြီး အထင်မကြီးခဲ့သူတွေထဲမှာ ပေါလ်စခိုးလ်၊ ရီယိုဖာဒီနန်တို့လို ဝါရင့်ကစားသမားကြီးတွေလည်းပါဝင်ခဲ့ပြီး သူ့ရဲ့မင်းသားစတိုင်ဟန်ထုတ်ပုံက မန်ယူအသင်းနဲ့ အံဝင်ပါ့မလားလို့ သံသယဝင်ခဲ့ကြပါတယ်။ စပို့တင်းလစ္စဘွန်း - မန်ယူခြေစမ်းပွဲကစားပြီး (၆)ရက်အကြာမှာပဲ မန်ယူအသင်းဟာ စီရော်နယ်လ်ဒိုကို မန်ယူကစားသမားတစ်ဦးအဖြစ် တရားဝင်ကြေညာခဲ့ပါတယ်။ အဲဒီရက်ပိုင်းအတွင်း အသင်းကိုရောက်ရှိလာတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကလီဘာဆင်နဲ့ စီရော်နယ်လ်ဒိုကို မန်ယူကစားသမားသစ်တွေအဖြစ် ကြေညာတဲ့အခမ်းအနားကို မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ ပြုလုပ်ခဲ့ပါတယ်။

ကစားသမားသစ်တစ်ဦးဖြစ်လာတာနဲ့အညီ သူ့ရဲ့ကျောနံပါတ်သတ်မှတ်ဖို့ဖြစ်လာပါတယ်။ ဖာဂူဆန်က စီရော်နယ်လ်ဒိုကို " ဘယ်နံပါတ်ဝတ် ချင်သလဲ " လို့ မေးလိုက်ပါတယ်။ အဲဒီတုန်းက စီရော်နယ်လ်ဒိုရွေးတဲ့နံပါတ်က အသင်းမှာလစ်လပ်နေတဲ့ နံပါတ်တစ်ခုဖြစ်တဲ့ (၂၈)ပါ။ ဒါပေမဲ့ ဖာဂူဆန်ကငြင်းဆန်ခဲ့ပြီး " မင်းနံပါတ်(၇)ဝတ်ရမယ် "ဆိုတဲ့စကားကို ပြောခဲ့ပါတယ်။ ဒီနံပါတ်ဟာ မန်ယူအသင်းမှာ ဂျော့ချ်ဘတ်စ်၊ စတိဗ်ကော်ပယ်လ်၊ ဘရိုင်ယန်ရော့ဘ်ဆင်၊ အဲရစ်ကန်တိုနာအစရှိတဲ့ ဂန္ထဝင်ကစားသမားတွေ ဝတ်ဆင်ခဲ့ပြီး၊ နောက်ဆုံးဝတ်ဆင်သွားသူက ပရိသတ်အချစ်တော် ဒေးဗစ်ဘက်ခမ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနံပါတ်ကို ဝတ်ဆင်ရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ စီရော်နယ်လ်ဒိုအတွက် အံ့သြတုန်လှုပ်မှုနဲ့အတူ ဖော်မပြနိုင်တဲ့ခံစားချက်တစ်ခုကို ခံစားခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဖလား(၃)လုံးရခဲ့တဲ့ မန်ယူအသင်းကို သွေးသစ်လောင်းချင်နေတဲ့ ဖာဂူဆန်ဟာ လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုကို ယုံကြည်မှုထမ်းပိုးနဲ့အတူ သူ့ပခုံးပေါ်ဖိအားတစ်ခု တင်ဆောင်ပေးလိုက်တာလည်းဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုအတွက် ဂန္ထဝင်တို့ရဲ့ခြေရာကို မဖြစ်မနေ နင်းလျှောက်ရတော့မယ့်တာဝန်ရှိလာပါတယ်။ သူ့ရဲ့ကစားသမားဘဝလမ်းကြောင်းမှာ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း၊ ဖိအား၊ တာဝန်အစ ရှိတာတွေအပေါ် သူဟန်ချက်ညီညီလျှောက်လှမ်း နိုင်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ် ...

ဆက်လက်ဖော်ပြပါမည်။

written by: မြတ်ထွဋ်