ကစားသမားဘ၀ တိုးတက်စေရန် ပြည်ပကလပ်သို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်ဟု အောင်သူ ပြောကြား

ကစားသမားဘ၀ တိုးတက်စေရန် ပြည်ပကလပ်သို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်ဟု အောင်သူ ပြောကြား
Published 22 November 2017

ထိုင်းကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့ကစားမည့် အောင်သူက ကစားသမားဘ၀ ပိုမိုတိုးတက်စေရန် ပြည်ပကလပ်အသင်းသို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော့်ရဲ့ ကစားသမားဘ၀ ပိုမို တိုးတက်စေချင်လို့ အသင်းပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းလိဂ်က မြန်မာနေရှင်နယ်လိဂ်ထက် ပိုပြီးအဆင့်မြင့်တာကြောင့် ကျွန်တော့်အနေနဲ့ ပိုပြီးကြိုးစားရမှာပါ။ အောင်မြင်မှုရအောင်နဲ့ ဒီထက်ပိုကောင်းတဲ့ ကစားသမားဘ၀ ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားမှာပါ”  ဟု အောင်သူက Eleven Media Group ၏ ဆက်သွယ် မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။

အောင်သူသည် လက်ရှိတွင် M-150 Cup ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းတွင် လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး ထိုင်းနိုင်ငံသို့ သွားရောက်မည့်ရက်အား အပြီးသတ် စာချုပ်ချုပ်ဆိုပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်သည်။

Police Tero အသင်းသည် ယခင် ဘီအီးစီ တယ်ရိုဆာဆနာအသင်းအား အမည်ပြောင်းလဲထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင် ရလဒ်များဆိုးရွားခဲ့သောကြောင့် အသင်းအား အပြောင်းအလဲပြုလုပ်နေခြင်းဖြစ်သည်။

အောင်သူသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) မှ ထွက်ပေါ်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ရတနာပုံအသင်းတွင် စတင်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အောင်သူသည် ရတနာပုံအသင်းနှင့်အတူ ၂၀၁၄၊ ၂၀၁၆ MNL အမှတ်ပေးချန်ပီယံဆု ရယူနိုင်ခဲ့ပြီး ၂၀၁၇ ရာသီတွင် ရတနာပုံအသင်းအတွက် လိဂ်ဂိုး ခြောက်ဂိုး သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent