အိုဇေးလ်နှင့် ဆန်းချက်ဇ် နှစ်ဦးစလုံးကို ရောင်းထုတ်နိုင်သည်ဟု အာစင်ဝင်းဂါး ဝန်ခံ

အိုဇေးလ်နှင့် ဆန်းချက်ဇ် နှစ်ဦးစလုံးကို ရောင်းထုတ်နိုင်သည်ဟု အာစင်ဝင်းဂါး ဝန်ခံ
Published 12 October 2017

Photo: Daily Star

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အိုဇေးလ်နှင့် ဆန်းချက်ဇ် နှစ်ဦးစလုံးကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်နိုင်သည်ဟု ဝန်ခံပြောကြားခဲ့သည်။

ယင်းကစားသမားနှစ်ဦးမှာ လစာငွေတိုးမြှင့်တောင်းဆိုမှုကြောင့် စာချုပ်သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေသူများဖြစ်ပြီး ယခုရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် နွေရာသီတွင် အသင်းမှ အလွတ်ထွက်ခွာခွင့်ရရှိမည်ဖြစ်ပြီး ဇန်နဝါရီလ၌ ခေါ်ယူလိုသည့်အသင်းနှင့် အကြိုသဘောတူညီမှု ရယူနိုင်တော့မည်ဖြစ်သည်။

အာစင်ဝင်းဂါးက ယင်းကစားသမားနှစ်ဦးစလုံးကို အသင်းတွင် ဆက်ရှိစေလိုပြီး စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေမှုများကိုလည်း ကျေနပ်မှုရှိသော်လည်း အခြေအနေအရ ရောင်းထုတ်နိုင်ဖွယ်ရှိသည်ဟုလည်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်က သက်တမ်းတိုးဖို့ သဘောတူညီချက်ရအောင် မလုပ်နိုင်ခဲ့ပါဘူး။ သူတို့ ဒီမှာ ပျော်ရွှင်နေတာကြောင့် သူတို့ရဲ့စိတ် ပြောင်းသွားလိမ့်မယ်လို့လည်း ထင်မိခဲ့ပါတယ်။ လက်ရှိအခြေအနေကတော့ ဘာမှ ပြောလို့ မရသေးပါဘူး။ ဇန်နဝါရီမှာ လမ်းခွဲရဖို့လည်း ဖြစ်လာနိုင်ပါတယ်" ဟု အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးသည် ယခင်က အဆိုပါကစားသမားနှစ်ဦးကို စာချုပ်သက်တမ်းမတိုးနိုင်ခဲ့လျှင်ပင် ရာသီကုန်ချိန်တွင် အလွတ်အဆုံးရှုံးခံမည်ဟု ပြောကြားခဲ့ဖူးသော်လည်း ယခုအခါ အာဆင်နယ်အသင်းဘုတ်အဖွဲ့က အလဟသဆုံးရှုံးခံမည့်အစား ရောင်းထုတ်ရန် စဉ်းစားလာခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။