Myanmar Idol မှာယှဉ်ပြိုင်ခွင့်ရခဲ့တာက ဘဝတစ်ဆစ်ချိုး ဖြစ်စေခဲ့တာပါလို့ ဆိုခဲ့သူ Myanmar Idol Winner ဆုရှင် သားငယ်ရဲ့ ငယ်ဘဝဖြတ်သန်းရာ

Myanmar Idol မှာယှဉ်ပြိုင်ခွင့်ရခဲ့တာက ဘဝတစ်ဆစ်ချိုး ဖြစ်စေခဲ့တာပါလို့ ဆိုခဲ့သူ Myanmar Idol Winner ဆုရှင် သားငယ်ရဲ့ ငယ်ဘဝဖြတ်သန်းရာ
Published 1 March 2018

အနာဂတ်ရဲ့မျိုးဆက်လို့ဆိုကြတဲ့လူငယ်တိုင်းမှာ မွေးဖွားကတည်းကပါဝင်လာတဲ့ ဝါသနာဗီဇကိုအခြေခံလို့ မိမိတို့ရဲ့ မျှော်လင့်ချက်အိပ်မက်တွေပိုင်ဆိုင်ထားတတ်ကြပါတယ်။ လူငယ်တချို့ကလည်း ဝါသနာအိပ်မက်ကို အလှပဆုံးပုံဖော်နိုင်သလို တချို့တွေကျတော့ ဘဝအခြေအနေရပ်တည်မှုအရ အိပ်မက်တွေကို သိမ်းဆည်းထားကြရသူတွေလည်း ရှိနေတတ်ပါတယ်။ ကြိုးစားနေတဲ့လူငယ်တိုင်းအတွက် ထိုက်တန်တဲ့ နေရာတစ်ခုရှိတယ်ဆိုတာကို သာဓကပြလိုက်နိုင်သူတစ်ဦးကတော့ Myanmar Idol ရဲ့ Winner ဆုရှင် သားငယ်ပဲဖြစ်ပါတယ်။ ဇနီးဖြစ်သူရဲ့ ပဲကြော်လုပ်ငန်းကို ကူညီလုပ်ကိုင်ရင်း ဝါသနာပါရာ ဂီတလုပ်ငန်းအတွက် အမြဲတမ်းကြံဆနေတတ်တဲ့ လူငယ်လေးတစ်ဦးအဖြစ်ကနေ လက်ရှိအချိန်မှာတော့ မြန်မာ နိုင်ငံတစ်ဝန်းသာမက ကမ္ဘာ့နိုင်ငံအသီးသီးကိုရောက်ရှိနေတဲ့ မြန်မာပရိသတ်တွေကပါ အားပေးချစ်ခင်ကြတဲ့လူငယ်မျက်နှာသစ် တေးသံရှင်တစ်ယောက်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါပြီ။ ဒီလို ဘဝစာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့တဲ့ Myanmar Idol Season-2 Winner ဆုရှင် သားငယ်ရဲ့ ငယ်ဘဝဖြတ်သန်းမှု အမှတ်တရတွေကို တင်ဆက်ပေးချင်ပါတယ်။

သားငယ်ကို ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းအစ်ကိုတစ်ယောက်ရှိပြီး ငယ်စဉ်ကတည်းက သီချင်းတွေကို စည်းချက်ကျကျ သီဆိုတတ်သူတစ်ယောက်လို့ မိဘဆွေမျိုးတွေက အသိအမှတ်ပြုရသူပါ။ ငယ်စဉ် ကလေးဘဝတစ်လျှောက်လုံးနဲ့ ကျောင်းတက်စဉ်ကာလတွေမှာ ကျောင်းကပွဲတွေမှာ ပါဝင်ခဲ့သလို ပြဇာတ်တွေ၊ တေးသရုပ်ဖော်အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ဖူးတယ် လို့ဆိုပါတယ်။

“ဂီတကတော့ ငယ်ငယ်ကတည်းကရူးတာဗျ။ သီချင်းကတော့အမြဲဆိုနေတာ။ ကျောင်းကပွဲတိုင်းလည်း ပါတယ်။ ထူးခြားတာက ကျွန်တော်က ဟာသဉာဏ်လည်းရှိတယ်။ ပြဇာတ်တွေမှာ ရယ်မောစရာ ပုံစံတွေလည်း ပါဝင်ခဲ့ဖူးတယ်။ အနုပညာ ဝါသနာကြီးတယ်လို့ဆိုရမှာပါ”လို့ တေးသံရှင် သားငယ်က ဆိုပါတယ်။

သားငယ်က သူငယ်တန်းကနေ အဋ္ဌမတန်းအထိကို မာန်အောင်ကျွန်းမှာတက်ရောက်ခဲ့ပြီး နဝမတန်းနဲ့တက္ကသိုလ်ဝင်တန်းကိုတော့ ရန်ကုန်မှာ လာတက်ခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းပညာရေးကို တက္ကသိုလ်ဝင်တန်းမှာ နားခဲ့ပြီးချိန်မှာတော့ အိမ်ထောင်ဖက်ဖြစ်သူနဲ့ စတင်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ထောင်ဖက်ဇနီးကို ဖျာပုံမြို့ကိုခိုးပြေးသွားခဲ့ပြီး ဆန်စက်တစ်ခုမှာအလုပ်ဝင်လုပ်ရင်းက ဇနီးဖြစ်သူရဲ့ မိဘများရှိရာ ပြင်ဦးလွင်ကို သွားရောက်နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျွန်တော့်ဇနီးမိဘတွေက အရင်ကတည်းက ပြင်ဦးလွင်မှာ ပဲကြော်လုပ်ငန်းလုပ်တာပါ။ ကျွန်တော်လည်း ဇနီးနောက်ကို လိုက်သွားတဲ့အခါ သူ့လုပ်ငန်းတွေကို ဦးစီးပြီး လုပ်ပေးရတာပေါ့။ ပဲကြော်တွေကြော်နေရလည်းပဲ သီချင်းတွေကတော့ ဆိုနေတာပါပဲ။ သီချင်းဆိုချင်တဲ့ အိပ်မက်ကိုတော့ ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ဘူး။ အဆိုတော်လည်း အရမ်းဖြစ်ချင်တယ်။ ဘယ်လမ်းကြောင်းကနေ သွားရမလဲဆိုတာကို အမြဲတမ်းကြံစည်နေခဲ့ပါတယ်” လို့ သားငယ်က ပွင့်ပွင့်လင်းလင်းဆိုပါတယ်။

ဂီတအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လမ်းကြောင်းကို အမြဲတမ်းရှာဖွေနေခဲ့သူသားငယ်က Myanmar Idol Season -1 ကိုကြည့်ခွင့်ရချိန်မှာ ပါဝင်လိုစိတ်တွေ ပြင်းပြလာခဲ့တယ်လို့ဆိုပါတယ်။ ဇနီးဖြစ်သူကလည်း အားပေးခဲ့တာကြောင့် Myanmar Idol Season 2 မှာ ပါဝင်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်နေသူ၊ မိသားစုစီးပွားရေးအတွက် ဦးဆောင်နေရသူတစ်ယောက်အနေနဲ့ မရေရာတဲ့လမ်းတစ်ခုကို စတင်လျှောက်လှမ်းဖို့ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ အသံစစ်ရွေးချယ်မှုကို သွားရောက်ယှဉ်ပြိုင်ဖို့ လမ်းစရိတ်အခက်အခဲကြုံရတဲ့အထိ ဘဝကကြမ်းတမ်းခဲ့တယ်လို့ သားငယ်က ဆိုပါတယ်။

“ဒီလမ်းကိုဝါသနာအရမ်းပါပေမယ့် ဘယ်လောက်အထိဖြစ်လာမယ်ဆိုတာ ဘာမှမသေချာဘူး။ လောလောဆယ်ကတော့ မိသားစုစီးပွားရေးကိုလည်း မျက်ကွယ်ပြု ထားခဲ့ရမယ့်အနေအထားပေါ့။ ဇနီးကလည်းအများကြီး အားပေးပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း စိတ် ပြင်းပြတယ်။ ရသလောက် အကောင်းဆုံးကြိုးစားမယ် ဆိုတဲ့စိတ်၊ ကြုံလာသမျှ အခက်အခဲကိုရင်ဆိုင်မယ်ဆိုတဲ့ စိတ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ” လို့ ပြိုင်ပွဲရဲ့ အစခရီးကို ပြန်လည်မျှဝေခဲ့ပါတယ်။

Myanmar Idol ပြိုင်ပွဲရဲ့အဆင့်ဆင့် ရွေးချယ်မှုတွေကို ဖြတ်သန်းအပြီးမှာတော့ Top 10 ပြိုင်ပွဲဝင်ထဲက တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ရပါတယ်။ ပထမဆုံးရက်သတ္တပတ် ယှဉ်ပြိုင်မှုမှာ အငဲရဲ့ 'အိမ်' သီချင်းကိုခံစားသက်ဝင်မှုဖြည့်စွက်ပြီး သီဆိုနိုင်ခဲ့တာကြောင့် ပရိသတ် သတိပြုအားပေးမှုကို စတင်ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ အပတ်စဉ် ယှဉ်ပြိုင်မှုတွေမှာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့သလို စွယ်စုံရအနုပညာရှင်ဝင်းဦးရဲ့ သီချင်းများနဲ့  ယှဉ်ပြိုင်မှုမှာတော့ 'မမမိုး' သီချင်းနဲ့ သားငယ်ရဲ့ယှဉ်ပြိုင်မှုက မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ချစ်ခင်မှုကို ပိုမိုရရှိစေခဲ့ပါတယ်။ ဒါ့အပြင် ဝေလရဲ့  'မိတ်ကပ် မကြိုက်သောသီချင်းများ' ကို ကိုယ်ပိုင်ဟန်တစ်မျိုးနဲ့ သီဆိုမှုကလည်း ပရိသတ်အကြိုက်တွေ့စေခဲ့ပြန်ပါတယ်။

ပြိုင်ပွဲတစ်လျှောက် ယှဉ်ပြိုင်ခဲ့မှုမှာ Bottom တစ်ကြိမ်မှမထိုင်ရတဲ့ တစ်ယောက်တည်းသော ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲကို တက်လှမ်းလာခဲ့ပါတယ်။ သားငယ်က ပရိသတ်ချစ်ခင်အားပေးမှုကြောင့် Bottom တစ်ကြိမ်မှ မထိုင်ခဲ့ရတာဖြစ်တဲ့အတွက် ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကိုကျေးဇူးတင်ရသလို စိတ်ဓာတ်ခွန်အားတွေလည်း ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

“ပြိုင်ပွဲယှဉ်ပြိုင်စဉ်မှာ အခက်အခဲတွေကတော့ အများကြီးပါပဲ။ မိသားစုတာဝန်တွေကိုလည်း ဥပေက္ခာ ပြုထားရတော့ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ စိတ်အားငယ်တဲ့အချိန်တွေလည်း အများကြီးပဲ။ ဒါပေမဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေအားပေးကြတယ်ဆိုတာ သိရတော့ စိတ်ဓာတ်ခွန်အားတွေ အများကြီးရခဲ့ပါတယ်” လို့ သားငယ်က သူ့ရဲ့ခံစားမှုကိုဖွင့်ဟခဲ့ပါတယ်။

နောက်ဆုံးအဆင့်ပြိုင်ပွဲမှာတော့ အငဲရဲ့တေးသီချင်းနဲ့ ယှဉ်ပြိုင်မှု၊ ဖိုးကာရဲ့တေးသီချင်းနဲ့ယှဉ်ပြိုင်မှု၊ ရဲလေး ရေးစပ်ပေးထားတဲ့ တေးသီချင်းနဲ့ယှဉ်ပြိုင်မှုတွေမှာ အားနည်းချက်တချို့ ကြုံခဲ့ရပေမယ့် ပရိသတ်အတွက် အကောင်းဆုံးဖျော်ဖြေမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့သာ တင်ဆက်ခဲ့တယ်လို့ သားငယ်ကဆိုပါတယ်။

သားငယ်က လတ်တလောမှာတော့ 'လမ်းကလေး' လို့နာမည်ပေးထားတဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ကို ထွက်ရှိထားပြီး ရော့ခ်တေးသီချင်းအများစုပါဝင်ထားသလို ပရိသတ်နှစ်သက်အားပေးခဲ့တဲ့ သီချင်းဟောင်းတချို့ကိုလည်း ပြန်လည်ထည့်သွင်းခဲ့ပါတယ်။ ဒီအခွေလေးက သားငယ်ရဲ့ပရိသတ်တွေအတွက် ကျေနပ်ရတဲ့ အယ်လ်ဘမ်တစ်ခွေဖြစ်လို့နေပါတယ်။ ဒီနေ့ဖတ်ရှုခဲ့ကြရတာကတော့ ပြင်ဦးလွင်မြို့ကပဲကြော်လုပ်ငန်းမှာ ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေရတဲ့ဘဝကနေ မိမိဝါသနာပါရာဂီတလမ်းကြောင်းပေါ်ရောက်ရှိဖို့ ကြိုးစားလျှောက်လှမ်းလာတဲ့ Myanmar Idol Season 2 ရဲ့ Winner ဆုရှင်သားငယ်ရဲ့ ဘဝဖြတ်သန်းမှု အမှတ်တရတချို့ပဲဖြစ်ပါတယ်။ ငယ်ရွယ်သူတစ်ယောက်ဖြစ် ပေမယ့် ကြုံလာတဲ့ဘဝရဲ့လောကဓံကိုအန်တုရင်း မိမိရည်ရွယ်ရာလမ်းဆီ အရောက်လှမ်းနိုင်ခဲ့တာကိုလည်း သိမြင်ခံစားနိုင်မှာပါ။ နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်တွေရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေကို တင်ဆက်ပေးမယ်ဆိုတာ ဆက်လက်စောင့်မျှော် ဖတ်ရှုပါဦးလို့။