ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းနှင့် ဆက်သွယ်မေးမြန်းခြင်း

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းနှင့် ဆက်သွယ်မေးမြန်းခြင်း
Published 27 August 2017

“လုံခြုံရေးချထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ လုံခြုံရေးအင်အားကတော့ မပြည့်စုံနိုင်ဘူး”

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက သြဂုတ် ၂၅ ရက်မှစပြီး မောင်တောမြို့နှင့် မောင်တောမြို့ ပတ်ဝန်းကျင်ကျေးရွာများသို့ ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။ သြဂုတ် ၂၆ ရက်တွင် မောင်တောမြို့ပေါ်သို့ပါ ဝင်ရောက်တိုက်ခိုက်လျက်ရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းကို သြဂုတ် ၂၆ ရက် ညနေ ၃ နာရီဝန်းကျင်က ဆက်သွယ်မေးမြန်းခဲ့ပါသည်။

■ မေး - လက်ရှိ မောင်တောမြို့ရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ - လက်ရှိ မောင်တောအခြေအနေက ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုမရှိဘူး။ စိုးရိမ်ရတယ်။ မောင်တောမြို့ပေါ်ရဲစခန်းကို ဘင်္ဂါလီတွေ အဲဒီနားမှာရှိတဲ့ နေအိမ်တစ်ဝိုက်တွေကနေ သေနတ်တွေနဲ့ ပစ်ခတ်နေတယ်။ မြို့သူကြီးဘက်မှာလည်း ပစ်ခတ်နေတယ်။ တခြားနေရာတွေမှာလည်း ပစ်ခတ်နေတယ်။ အခုလက်ရှိထိပေါ့။ စဖြစ်တာကတော့ မနက် ၁၁ နာရီကျော်လောက်က မြို့သူကြီးကျေးရွာက ဘင်္ဂါလီတွေက သုံးမိုင်ဘက်ကို စပြီးတိုက်ခိုက်ခဲ့တာပေါ့။ အခုချိန်ထိ မောင်တောမြို့ပေါ်မှာ တိုက်ခိုက်မှုတွေဖြစ်နေတယ်။ တခြားနီးစပ်ရာတွေက ဘယ်လိုမှမလာနိုင်ပါဘူး။ မောင်တောမြို့ပေါ်က လူတွေတောင်မှ ဌာနဆိုင်ရာက ဝန်ထမ်းမိသားစုတွေကို ကယ်ထုတ်ရမယ့် အခြေအနေဖြစ်နေတယ်။ ဘယ်လိုမှ ဒီမြို့ပေါ်ကို ဝင်နိုင်တဲ့အနေအထားမရှိပါဘူး။

■ မေး - အစိုးရရုံးတွေလည်း တိုက်ခိုက်မှုရှိတယ်လို့ ကြားရပါတယ်။ အဲဒါရော ဟုတ်ပါသလားခင်ဗျ။
ဖြေ - အစိုးရရုံးကတော့ မြေစာရင်းရုံးပေါ့။ မြေစာရင်းရုံးမှာရှိတဲ့ စာရွက်စာတမ်းတွေအကုန်လုံး ဖျက်ဆီးပစ်တယ်။ ရုံးကိုတော့မဖျက်ဘူး။ ရုံးအတွင်းမှာရှိတဲ့ စာရွက်စာတမ်းတွေ အားလုံးဖျက်ဆီးပစ်တယ်။ လက်ရှိအခြေအနေက အစိုးရဝန်ထမ်းတွေရော ပြည်သူတွေရော အသက်အိုးအိမ်စည်းစိမ်ကို သူ့နေရာနဲ့သူ လုံခြုံအောင်နေနေရတာပေါ့။

■ မေး - နီးစပ်ရာ ကျေးရွာတွေကရော မောင်တောမြို့ကို ပြောင်းလာမှုတွေရှိလား။
ဖြေ - မောင်တောမြို့ပေါ်က သာသနာ့ဗိမာန်တွေမှာတော့ ရောက်ရှိနေတဲ့သူတွေရှိတယ်။ ဒီနေ့မှာကတော့ ရောက်ရှိဖို့နေနေသာသာ ဒီမြို့ပေါ်ကိုတောင် ဝင်လို့မရတဲ့အနေအထားပါ။ ရှိနေတဲ့ဒုက္ခသည်တွေက သူတို့ရဲ့စားဝတ်နေရေး၊ သူတို့ရဲ့ကျန်းမာရေး ပြောမယ်ဆိုရင် သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို လုံခြုံဖို့လာတဲ့နေရာမှာ ထပ်မံပြီးတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ခံစားနေရတာပေါ့။ ကျွန်တော်တို့လည်း လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကိုတော့ ပြောထားပါတယ်။ ပြည်သူတွေက သူ့တို့ရဲ့အသက်အိုးအိမ်စည်းစိမ်တွေ ဒုက္ခရောက်နေတယ်ဆိုပြီး ကျွန်တော့်ဆီကို ဖုန်းဆက်တယ်။ ပြောတယ်ဆိုတယ်။ ငိုကြွေးနေတယ်။ သူတို့ကို ကယ်ထုတ်ကြပါ။ သူတို့အန္တရာယ်ရှိတဲ့အတွက် သက်ဆိုင်ရာဌာနတွေနဲ့ ကြိုးစားပြီးတော့ အတတ်နိုင်ဆုံး လုပ်ပေးနေပါတယ်။

■ မေး - မောင်တောမြို့ပေါ်မှာ လုံခြုံရေးချထားတာရော လုံလောက်မှုရှိလားခင်ဗျ။ ပြီးတော့တပ်ကရော လုံခြုံရေးလာယူပေးထားတာ ရှိလားခင်ဗျ။
ဖြေ - ရှိတော့ရှိတယ်။ လုံခြုံရေးချထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ လုံခြုံရေးအင်အားကတော့ မပြည့်စုံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မောင်တောတစ်မြို့နယ်လုံးမှာရှိကြတဲ့ ဘင်္ဂါလီတွေက ခြောက်သိန်း ခုနစ်သိန်းလောက်ရှိတယ်။ ကျွန်တော်တို့ လုံခြုံရေးအင်အားတွေနဲ့ ပြည်သူတွေအင်အားတွေက တစ်သောင်းလောက် ရှိတယ်ဆိုရင်တောင်မှ သူတို့ရဲ့ လေးငါးခြောက်သိန်းကို ကျွန်တော်တို့ ဘယ်လိုလုပ်ခုခံကာကွယ်နိုင်မှာလဲ။ လုံခြုံရေးကတော့ မလုံလောက်ပါဘူး။

■ မေး - ဘာများဖြည့်စွက်ပြောချင်တာများ ရှိပါသလဲခင်ဗျ။
ဖြေ - ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့က ကြိုပြီး ပြီးခဲ့တဲ့သောကြာ ၂၂ ရက်ကပေါ့။ အဲဒီနေ့မှာ အစည်းအဝေးမှာ ပြည်ခိုင်ဖြိုးပါတီကနေ ပျော်ဘွယ်မဲဆန္ဒနယ်က ဦးသောင်းအေးကနေပြီး အရေးပေါ်အခြေအနေ ကြေညာပေးဖို့ဆိုပြီး ပြည်ထောင်စုနာယကဆီကို သွားတင်တယ်။ ဒီမောင်တောမြို့ရဲ့ အခြေအနေနဲ့ အခုလက်ရှိအခြေအနေမှာ ပစ်ခတ်ခံထိပြီး မောင်တောတစ်မြို့နယ်လုံး ရဲစခန်းတွေ ကျဆုံးတယ်။ သေတယ်။ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံမှုမရှိဘူး။ ဒီအပေါ်မှာမူတည်ပြီး အရေးပေါ်အခြေအနေ ကြေညာကောင်းပြီ။ အဲဒါကိုတင်တာကို ကျွန်တော်တို့ဘက်ကလည်း သဘောတူတယ်။ ကျွန်တော်တို့ မြို့နယ်ဘက်ကလည်း ဒါကိုထောက်ခံတယ်။ နောက်ကျွန်တော်တို့ဘက်က အရေးပေါ်အခြေအနေကို အဆိုကိုတင်ခွင့်မရခဲ့ဘူးပေါ့။ ကြိုပြီးဖြစ်လာမှာကို ကျွန်တော်တို့က ဒီဟာကိုတင်တာကိုမရခဲ့ဘူး။ နောက်ထပ်လည်း မောင်တောမြို့က အခုလက်ရှိအနေအထားထိက ကျဆုံးနေတဲ့ အနေအထားဖြစ်နေတယ်။ ပြောချင်တာကတော့ အစိုးရကတော့ ဒီအပေါ်မှာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်တွေလို့ ကြေညာပြီးပြီ။ ကြေညာပြီးပြီဆိုတော့ အကြမ်းဖက်ကို ဘယ်လိုတိုက်ခိုက်မလဲ။ ဘယ်လိုပုံစံနဲ့ တိုက်ခိုက်မလဲ။ ပြည်သူတွေကိုရော ဘယ်လိုပုံစံနဲ့ အကာအကွယ်ပေးမှာလဲ။