သရုပ်ဆောင်တေးသံရှင် ခင်သဇင်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်တေးသံရှင် ခင်သဇင်နှင့် တွေ့ဆုံခြင်း
Published 1 May 2018

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ ‘အိုးအိုး..ဟော့တယ်’ စာသားပါဝင်သည့်တေးသီချင်း Music Video တွင် စတင်ပါဝင်ခဲ့ပြီးနောက် ပရိသတ်များ သတိထားမိစေခဲ့သည့် မော်ဒယ်လ်တစ်ဦးမှာ ခင်သဇင်ပင်ဖြစ်သည်။ လက်ရှိတွင် ဒါရိုက်တာ အောင်သြဘာ ရိုက်ကူးသည့် ‘Beautiful Wives’ ရုပ်သံဇာတ်လမ်းတွဲတွင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအဖြစ် ပါဝင်ထားသည်။ သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်အားပေးမှုရရှိထားသူ ခင်သဇင်က ပထမဆုံး တစ်ကိုယ်တော်တေးစီးရီး ‘ခပ်ချေချေ’ ကို မေ ၁ ရက်တွင် စတင်ဖြန့်ချိထားသည်။ ဂီတလုပ်ငန်းတွင် ပရော်ဖက်ရှင်နယ်တစ်ဦး မဟုတ်သော်လည်း ဝါသနာပါရာ အနုပညာအလုပ်တစ်ခုအဖြစ် အကောင်းဆုံး ကြိုးစားလုပ်ဆောင်ထားပါသည်ဟု ပြောကြားလာခဲ့သည့် သရုပ်ဆောင်တေးသံရှင် ခင်သဇင်နှင့် တွေ့ဆုံ၍ သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - အခုရိုက်ဖြစ်နေတဲ့ ဇာတ်လမ်းတွဲနဲ့ ပတ်သက်လို့ အရင်ဆုံးပြောပေးပါဦး။
ဖြေ - အခုရိုက်နေတာက အောင်ပြည့် အန်တာတိန်းမန့်က ရိုက်နေတဲ့ Beautiful Wives ဆိုတဲ့ ဇာတ်လမ်းတွဲလေးပါ။ စာရေးဆရာမ လွန်းထားထားရဲ့ဝတ္ထုပါ။ မင်းသမီးလေးယောက်၊ မင်းသားလေးယောက်ပေါ့။ ဇင်ဇင်နဲ့အတူ စိုးပြည့်ရယ်၊ မြနှင်းရည်လွင်ရယ်၊ မေဘရဏီသော်ရယ်ပါ။

■ မေး - ဇာတ်လမ်းတွဲပုံစံကရော ဘယ်လိုပုံစံလေးဖြစ်မလဲ။
ဖြေ - ဒီမှာကတော့ မင်းသမီးလေးယောက်က အောင်မြင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ဇနီးတွေဖြစ်ကြတယ်။ သူတို့က Facebook Page တစ်ခုထောင်ထားကြတယ်။ သူတို့ခင်ပွန်းတွေက ဒါရိုက်တာတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆရာဝန်တွေပေါ့။ သူတို့ရဲ့ အိမ်ထောင်ရေး အတွေ့အကြုံတွေကို အဲဒီ Page ကနေ မျှဝေကြတာပေါ့။

■ မေး - ဒီဇာတ်လမ်းတွဲ သရုပ်ဆောင်တဲ့အခါရော ဘယ်လိုအတွေ့အကြုံတွေရလဲ။
ဖြေ - ဒီဇာတ်လမ်းမှာကတော့ ဖက်ရှင်ပိုင်းလေးတွေလည်း သေချာပြင်ဆင်တယ်။ ဇင်ဇင်က ဒီဇာတ်ကားမှာ ဆရာဝန်ရဲ့ဇနီးပေါ့။ အိမ်ထောင်သည်မှာမှ လှလှပပနေထိုင်တတ်တဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ ဖက်ရှင်ကျကျ ဝတ်ဖို့အတွက်ရော၊ ကာရိုက်တာနဲ့ ထပ်တူကျအောင်ပါ သေချာပြင်ဆင်ရတယ်။ အိမ်ထောင်ရေး အသိပညာပေးတာလေးတွေလည်း ပါတယ်။ ပြဿနာတစ်ခုခုရှိလာရင်လည်း ဘယ်လိုလှလှပပ ဖြေရှင်းမလဲဆိုတာလည်း ပါတယ်။ ဇာတ်လမ်းလေးက အရမ်းကောင်းပါတယ်။

■ မေး - ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ပိုပြီးတာဝန်ကြီးတာမျိုးရှိလား။
ဖြေ - အဲဒါကတော့ ဇာတ်လမ်းတွဲဆိုတော့ ပိုပြီးအသေးစိတ်တာမျိုးတော့ရှိတယ်။ ဒါပေမဲ့ ဇာတ်လမ်းကလည်းကောင်းတယ်။ ဇာတ်ညွှန်းကလည်း ဦးဇော်မြင့်ဦးက သေချာလေးဖန်တီးထားတာ။ ဇင်ဇင်တို့ သရုပ်ဆောင်တွေအားလုံးကလည်း Teamwork လေးတစ်ခုနဲ့ သေချာဖန်တီးထားတာဖြစ်တဲ့အတွက် အကောင်းဆုံးဖြစ်မယ်လို့တော့ ထင်ပါတယ်။ ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်လမ်းတွဲလေးလည်း ဖြစ်တယ်။ အိမ်ထောင်ရေး အသိပညာလေးတွေလည်း ရမယ်ပေါ့။

■ မေး - ဒီဇာတ်လမ်းတွဲလေးကို ဘယ်တော့လောက်ပြဖြစ်မလဲ။
ဖြေ - ဒီဇာတ်ကားရိုက်ကူးချိန်က သုံးလလောက်ကြာမြင့်ပါမယ်။ အခုတော့စပြီးရိုက်နေတာ တစ်လနီးပါးလောက်ရှိတော့မယ်။ ဇွန်လမှာ စတင်ပြသဖို့ရည်မှန်းထားတယ်။

■ မေး - ခပ်ချေချေ တစ်ကိုယ်တော်တေးစီးရီးလည်း ထွက်ဖို့လုပ်ထားတယ်ဆိုတော့ အဲဒီအကြောင်းလေး ပြောပါဦး။
ဖြေ - ဇင်ဇင်ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေပါတဲ့ တစ်ကိုယ်တော်စီးရီးလေးပါ။ မတ်လကုန်မှာ ထွက်ဖို့ စိတ်ကူးခဲ့ပေမယ့် ပရိသတ်တွေအတွက် လက်ဆောင်အဖြစ် အမ်တီဗွီ Version လေးပါ တစ်ခါတည်းပေးချင်တာကြောင့် အခုမှထွက်ဖြစ်တာပါ။ ရိုက်ကူးချိန် ပေးလိုက်ရတာပေါ့။ အခုတော့ထွက်နိုင်ပါပြီ။ အမ်တီဗွီမှာလည်း သရုပ်ဆောင်တွေ အများကြီးပါထားတယ်။ ပရိသတ်တွေကို ကောင်းကောင်းလေးပေးချင်တာကြောင့် အချိန်နည်းနည်းယူလိုက်ရတာပါ။ မေ ၁ ရက်မှာ စတင်ဖြန့်ချိထားပါတယ်။

■ မေး - သီချင်းက ဘယ်လိုပုံစံလေးတွေ ထည့်ထားလဲ။
ဖြေ - သီချင်းလေးတွေက Tropical House တွေပါတယ်။ ပေါ့ပ်တွေပါတယ်။ စုံတွဲသီချင်းလေးတွေ ပါပါတယ်။ သီချင်းအေးလေးတွေလည်း ပါတယ်။ ဇင်ဇင်က အဆိုပိုင်းမှာအရမ်း Professional မဖြစ်ပေမယ့် Vocal Guide တွေနဲ့ သေချာလေ့ကျင့်ထားတယ်။ အကောင်းဆုံးကြိုးစားပြီး သီဆိုထားပါတယ်။

■ မေး - ဂီတကိုလုပ်ဖြစ်သွားတဲ့ အကြောင်းရင်းလေးလည်း ပြောပြပါဦး။
ဖြေ - အမှန်အတိုင်းပြောရရင် သီချင်းဆိုဖို့ တစ်ခါမှမစဉ်းစားဖူးဘူး။ သီချင်းကို တန်ဖိုးထားတယ်။ ကြိုက်တယ်။ ဒါပေမဲ့ ကိုယ့်ဘာသာဆိုတဲ့အခါ စိတ်တိုင်းမကျဘူး။ တစ်ခါတလေ အခုခွေအတွက်လုပ်ဖြစ်ရင်းနဲ့ သီချင်းကအရမ်းကောင်းပြီး သဇင်က အသံသိပ်မကောင်းတဲ့အခါကျတော့ သီချင်းနဲ့အသံက တန်တောင်မတန်ဘူးလို့တောင် ပြောမိတယ်။ ဒါပေမဲ့ အကောင်းဆုံးကြိုးစားထားတယ်။ သီချင်းဆိုတာက အနုပညာလှုပ်ရှားမှုတစ်ခုအနေနဲ့ပါ။ ပရိသတ်တွေက သီချင်းလေးတွေ ထုတ်စေချင်တာကြောင့်လည်းပါတယ်။ အဆိုတော်တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်တာမဟုတ်ဘူး။ ပရိသတ်တွေကို အမှတ်တရလက်ဆောင် ပေးချင်တာလည်းပါတယ်။ ဝါသနာပါတာကြောင့်လည်း ပါပါတယ်။

■ မေး - တေးရေးတွေက ဘယ်သူတွေပါမလဲ။
ဖြေ - တေးရေးတွေက ကိုဝေကြီးသီချင်း သုံးပုဒ်ပါမယ်။ ဖြိုးပြည့်စုံပါမယ်။ ဇင်ဇင်နဲ့ ကျော်ဇင်လတ်ပါမယ်။ သီချင်းအားလုံး ရှစ်ပုဒ်ပါ။

■ မေး - ရုပ်ရှင်ကားကြီး ရိုက်ထားတာတွေရှိသေးလား။
ဖြေ - ရုပ်ရှင်ကားကြီးတွေရော၊ ဗီဒီယိုပါရိုက်ထားတာ ရှိပါတယ်။ ရုံရက်မရသေးလို့ စောင့်နေရတာပါ။ ဗီဒီယိုရော ကားကြီးပါရိုက်ဖို့ စီစဉ်ထားတာတွေလည်း ရှိပါတယ်။

■ မေး - အခွေထွက်တဲ့နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖြစ်မယ့် အစီအစဉ်ကိုလည်း ပြောပါဦး။
ဖြေ - မေ ၁ ရက် အခွေစထွက်မယ့်နေ့ လှည်းတန်းစင်တာမှာ ဇင်ဇင်နဲ့ အခြားအနုပညာရှင်တွေက ပရိသတ်တွေနဲ့ တွေ့ဆုံမယ်။ အမှတ်တရလက်မှတ် ထိုးပေးမယ်။ သီချင်းလေးတွေဆိုပြမယ်။ အမှတ်တရ လက်ဆောင်လေးတွေပေးမယ့် အစီအစဉ်တွေပါပါမယ်။ ပရိသတ်တွေအားလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့ရမှာဆိုတော့ ရင်ခုန်ပါတယ်။

■ မေး - စီးပွားရေးလည်း လုပ်နေပြီဆိုတော့ ပြောပြပါဦး။
ဖြေ - Spa တစ်ခု ဖွင့်ထားပါတယ်။ အလှအပအတွက် သေချာလေးလုပ်ပေးနိုင်မယ့် ဆိုင်မျိုးပေါ့။ Artist တွေလည်း အရမ်းတော်ကြတယ်။ ဝန်ထမ်းတွေကို Teamwork လေးဖြစ်အောင် သေချာလေးလုပ်ပေးပါတယ်။ ဆိုင်ကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။

■ မေး - ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်တွေရှိရင် ပြောပေးပါဦး။
ဖြေ - ဇင်ဇင်ရဲ့ ပထမဆုံးတစ်ကိုယ်တော်ခွေကို နားထောင်ကြည့်ပေးစေချင်ပါတယ်။ ပရိသတ်တွေဆီက တုံ့ပြန်မှု၊ ဝေဖန်မှုတွေကို ဇင်ဇင် အရမ်းသိချင်ပါတယ်။ အဲဒီအတွက် ဝေဖန်စကားလေးတွေလည်း ပြောပေးပါဦး။ လင်းလင်းခိုင်