'ဝဲ' တေးသီချင်းဖြင့် ပရိသတ်များကြားရောက်ရှိလာသူ တေးသံရှင် Mary နှင့် တွေ့ဆုံခြင်း

'ဝဲ' တေးသီချင်းဖြင့် ပရိသတ်များကြားရောက်ရှိလာသူ တေးသံရှင် Mary နှင့် တွေ့ဆုံခြင်း
Published 13 August 2017

အပြောင်းအလဲ၊ အသစ်အဆန်း ဖန်တီးမှုများအား တောင့်တလျက်ရှိသည့် မျက်မှောက်ခေတ်၏ ဂီတရေစီးကြောင်းအတွင်းတွင် ပြောင်းလဲမှုတစ်ခုအဖြစ် လူငယ်မျက်နှာသစ် တေးသံရှင်တစ်ဦးဖြစ်သည့် တေးသံရှင်မေရီ၏ 'ဝဲ' တေးသီချင်းက စီးမျောဝင်ရောက်လာခဲ့သည်။ ထူးခြားသည့်ဆိုဟန်၊ သံစဉ်စာသား ရေးဖွဲ့မှု၊ ဆန်းသစ်သည့်အသံပိုင်ရှင်တစ်ဦးအဖြစ် အချိန်တိုအတွင်းမှာပင် ပရိသတ်များ လက်ခံသတိထားမိစေခဲ့သည့် 'ဝဲ' တေးသီချင်း၏ ပိုင်ရှင်မေရီက အသက် ၂၁ နှစ်အရွယ် လူငယ်မျက်နှာသစ် တေးသံရှင်တစ်ဦးဖြစ်သည်။ မေရီ၏ ဒုတိယမြောက်တေးသီချင်း 'Mask' အား ထပ်မံနားဆင်ခွင့်ရရှိချိန်တွင် ဂီတအပြောင်းအလဲတစ်ခုအဖြစ် စီးဝင်မျောပါရန်အသင့်ဖြစ်လျက်ရှိသည့် ပရိသတ်များက တေးသံရှင်မေရီအပေါ် စိတ်ဝင်စားမှု ပိုမိုလာခဲ့သည်။ ငါးတန်းကျောင်းသူအရွယ်မှစတင်ကာ ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သူ တေးသံရှင်မေရီသည် သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာခိုက် ဘဝဖြတ်သန်းမှုပုံရိပ်အချို့၊ ဂီတလောကထဲ စတင်ဝင်ရောက်လာဖြစ်ပုံနှင့် ထူးခြားသည့် ဂီတဖန်တီးမှု ဟန်ပန်များအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - ဂျပန်ကို ဘယ်အရွယ်လောက်ကတည်းကစပြီး သွားဖြစ်ခဲ့တာလဲ။

ဖြေ - ငါးတန်းဖြေဆိုပြီးချိန်မှာ မေမေက အလည်ခေါ်တာကြောင့် သွားဖြစ် သွားတာပါ။ တကယ်တမ်းက ဟိုမှာကျောင်းတက်ဖို့တွေ၊ နေဖို့တွေ အစီအစဉ်မရှိဘူး။ ငါးတန်းဖြေပြီးချိန် သွားလည်ရင်းနဲ့ကမှ မိသားစုအကြောင်းတွေကြောင့် ဂျပန်မှာပဲ ကျောင်းတက်ပြီးနေဖို့ စီစဉ်ဖြစ်သွားတာပါ။

 

မေး -  ဂီတနဲ့ပတ်သက်လို့ကျတော့ ဘယ်လို စလုပ်ဖြစ်သွားတာလဲ။

ဖြေ -  Mary အစကတော့ သီချင်းလုပ်ဖို့ အစီအစဉ်မရှိဘူး။ ပညာရေးပိုင်းပဲ အချိန်ပေးခဲ့တယ်။ မိဘတွေကလည်း ပညာရေးပဲ လုပ်စေချင်တယ်။ ဒါပေမဲ့ 'ဝဲ' သီချင်းလေး စထုတ်ဖြစ်တဲ့အခါ ပရိသတ်တွေရဲ့အားပေးမှုလည်း ရှိလာတော့ သီချင်းကို ဆက်လုပ်မယ်ဆိုတဲ့ စိတ်ကူးမျိုးနဲ့ လုပ်ဖြစ်လာတာပါ။

 

မေး - ဂီတလောကထဲကို 'ဝဲ' ဆိုတဲ့ သီချင်း မတိုင်ခင် မငိုပါနဲ့တော့' ဆိုတဲ့သီချင်းနဲ့ ပရိသတ်တွေက စသိကြတာနော်။

ဖြေ - 'မငိုပါနဲ့' ဆိုတဲ့ သီချင်းကတော့ ဟိုမှာပဲ အသံသွင်းပြီး အွန်လိုင်းကနေ ပေးပို့ခဲ့တဲ့ သီချင်းပါ။Lil'Z နဲ့ သီချင်းပေ့ါနော်။Lil'Z  ရဲ့ သီချင်းတွေကို ကျတော့ မေရီအရင်ကတည်းကလည်း ကြိုက်တယ်။ Lil'Z နဲ့က instagram မှာ သူငယ်ချင်းဖြစ်နေတယ်။  Mary ကလည်း  instagram  မှာ cover song လေးတွေတင်တော့ သူကနားထောင်ဖြစ်ပြီး သူ့သီချင်းမှာပါ ဖြစ်သွားတာပါ။

 

မေး - 'ဝဲ' သီချင်းနဲ့ ပရိသတ်တွေအားလုံးက  စိတ်ဝင်စားနေကြချိန်မှာ Facebook ကို Deactivate လုပ်သွားခဲ့တယ်နော်။

ဖြေ - Mary က Facebook မှာ လူတွေအများကြီး သိလာတဲ့အခါ မနေလည်း မနေတတ်ဘူး။ ကြောက်လည်းကြောက်တယ်။ တိုက်ခိုက်ခံရတာတွေလည်း ရှိလာတယ်လေ။ အဲဒီအချိန်မှာ သီချင်းလုပ်နေမှန်းလည်း မိဘတွေကလည်း မသိသေးတော့ ဘယ်သူ့ကို ပြောပြရမှန်းလည်းမသိဘူး။ ဒါကြောင့် Facebook deactivate လုပ်ဖြစ်ခဲ့တာပါ။

 

မေး - 'ဝဲ' တေးသီချင်းကို ကိုယ်တိုင်ရေးဖြစ်တဲ့ ခံစားချက်ကိုလည်း သိချင်ပါတယ်။

ဖြေ - သူငယ်ချင်းတစ်ယောက်က သူခံစားရတာလေး ရင်လာဖွင့်တယ်။ အဲဒါလေးကို သူ့နေရာမှာ ဝင်ခံစားပြီး ရေးဖြစ်တဲ့ သီချင်းလေးပါ။

 

မေး - Mary ရဲ့သီချင်းဆိုဟန်က ထူးခြားတယ်နော်။ ဒီဆိုဟန်ကို ဆက်ဆိုဖြစ်သွားမှာလား။

ဖြေ - Mary က ဘယ်ဂီတ အမျိုးအစားကို ဆိုတယ် ဆိုတာထက် ကိုယ့်ခံစားချက်၊  ကိုယ့်ပုံစံအတိုင်းပဲ ဆိုဖြစ်တဲ့သဘောပါ။ Mary က အစကတည်းကလည်း ခပ်အေးအေးနေတတ်တယ်။ အေးအေးဆေးဆေးပဲ နေတတ်တဲ့အခါကျတော့ ဂီတကို ခံစားရင်လည်း အေးဆေးတဲ့ ဂီတဟန်ပန်လေးတွေကို ပိုကြိုက်တယ်။ အဲဒါကြောင့် ဆိုတဲ့အခါလည်း အဲလိုဟန်ပန်မျိုးပဲဖြစ်သွားတာပါ။

 

မေး - 'ဝဲ' သီချင်းနဲ့ ပတ်သက်လို့ အားပေးသူတွေရှိသလို ဝေဖန်မှုတွေလည်းရှိတော့ ဘယ်လိုခံစားရလဲ။

ဖြေ - အရမ်းတော့ခံစားရပါတယ်။ အဲလိုတစ်ခါမှလည်း အပြောမခံရဖူးဘူး။ ဘေးနားမှာလည်း ဘယ်သူမှမရှိဘူးပေါ့နော်။ မိဘတွေကလည်း သေချာမသိတဲ့အခါ မသိကြဘူး။ ဒီအနုပညာလောကရဲ့အခြေအနေတွေကိုလည်း သေချာ နားမလည်ဘူး။ အဲဒါကြောင့် အဲဒီတုန်းကတော့ ခံစားခဲ့ရပါတယ်။

 

မေး - ရှေ့ဆက်ပြီးတော့ ဘယ်သီချင်းတွေကို ဆက်ပြီး တင်ပြသွားဖို့ရှိလဲ။

ဖြေ - တစ်ကိုယ်တော်အယ်လ်ဘမ် မထွက်ခင်မှာ သီချင်းသုံးပုဒ် လုပ်မယ်လို့ ရည်မှန်းထားတဲ့အတွက် တတိယတစ်ပုဒ်ကို ဒီမှာ ရေးပြီးအသံသွင်းသွားဖို့ရှိပါတယ်။ အဲဒီသီချင်းကိုလည်း ပရိသတ်တွေဆီ အမြန်ဆုံးတင်ပြနိုင်ဖို့ ကြိုးစားသွားမှာပါ။

 

မေး - သီချင်းကို ကိုယ်တိုင်ရေးဖြစ်တာဆိုတော့ ဘာသာစကားပိုင်းမှာလည်း ကြိုးစားရတဲ့အတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေရှိလား။ ကိုယ်တိုင် ခံစားရတဲ့အတိုင်း ပုံဖော်ဖို့ရယ်၊ ညွှန်းဆိုနိုင်ဖို့အတွက်ရယ်အတွက် စကားလုံး သုံးနှုန်းရေးဖွဲ့တဲ့အပိုင်းမှာ အခက်အခဲရှိလား။

ဖြေ-  Mary ငယ်ငယ်ကတည်းက အင်္ဂလိပ်သီချင်းပဲဖြစ်ဖြစ်၊ ဂျပန်သီချင်းပဲဖြစ်ဖြစ် အရင်ဆုံးနားထောင်ပြီးရင် ခေါင်းထဲမှာ စာစီပါတယ်။ ပြီးမှ မြန်မာဘာသာစကားပြန်ပြီး ရေးဖွဲ့တာပါ။  'ဝဲ' သီချင်းမှာလည်း သတိထားမိမှာပါ။ သီချင်းတစ်ပုဒ်ရေးတယ်ဆိုရင် ရှေ့နောက် ကာရန်ညီရတယ်ပေါ့လေ။ ဒီသီချင်းမှာတော့ ကာရန်မညီမထားဘူး။ နောက်ပိုင်းတော့ မြန်မာစကားလှလှလေးတွေ သေချာလေ့လာပြီး ရေးဖွဲ့နိုင်ဖို့ကြိုးစားပါမယ်။

 

မေး- Mary ကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်ရော ရှိမလား။

ဖြေ-  Mary  ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်။  Mary ပရိသတ်တွေကို လျစ်လျူရှုသလိုဖြစ်သွားတဲ့ အချိန်တွေအတွက်လည်း တောင်းပန်ချင်ပါတယ်။ နောက် အခုလို ထပ်မဖြစ်စေရပါဘူး။ Mary ကိုလည်း ဆက်ပြီးချစ်ပေးကြပါ။ အားပေးကြပါလို့ ပြောချင်ပါတယ်။