မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနော်အောင်နှင့် ဆက်သွယ်မေးမြန်းခြင်း

မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနော်အောင်နှင့် ဆက်သွယ်မေးမြန်းခြင်း
Published 1 January 2018

“၄၀၀၀ နဲ့ ၄၈၀၀ ကြားဆိုတဲ့ဟာကို တောက်လျှောက်လိုင်းတင်လာခဲ့တာ။ အဲဒီကိန်းဂဏန်းကနေပြီးတော့မှ ၄၈၀၀ ဆိုတဲ့ အမြင့်ဆုံးကိန်းဂဏန်းကို တည်သွားခဲ့တာကတော့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေ ကျေနပ်မှာမဟုတ်ပါဘူး”

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးမှာ အနည်းဆုံး အခကြေးငွေတစ်ရက် ၄၈၀၀ အဖြစ် အဆိုပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုအဆိုပြုရာမှာ အလုပ်ရှင်ကိုယ်စားလှယ်တွေနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေက တရားဝင် ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ အလုပ်ရှင်တွေဘက်က ကုန်ထုတ်လုပ်မှုစရိတ်တွေ မြင့်မားနေတဲ့အတွက် ၄၀၀၀ သာပေးချင်သလို အလုပ်သမားတွေဘက်ကလည်း လူနေမှုကုန်ကျစရိတ် မြင့်တက်လာတာကြောင့် တောင်းဆိုထားတဲ့ ၅၆၀၀ ကို လိုချင်ကြပါတယ်။ အမျိုးသားကော်မတီကနေ အနည်းဆုံး အခကြေးငွေနှုန်းထားကို အဆိုပြုထားပေမဲ့ အတည်မဖြစ်သေးပါဘူး။ ရက်ပေါင်း ၆၀ အတွင်း ကျေနပ်မှုမရှိတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေက ကန့်ကွက်ပိုင်ခွင့် ရှိနေပါသေးတယ်။ ဒီလိုအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌလည်းဖြစ် အနည်းဆုံးအခကြေး ငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ်လည်းဖြစ်သူ ဦးနော်အောင်နဲ့ မေးမြန်းခဲ့တာတွေထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ရပါတယ်။

■ မေး - အမျိုးသားကော်မတီကနေ အနည်းဆုံးအခကြေးငွေ ၄၈၀၀ အဆိုပြုလိုက်တာနဲ့ ပတ်သက်လို့ ဆရာ့အမြင်လေးကို သိချင်ပါတယ်။

ဖြေ - ၄၈၀၀ က ကျွန်တော်တို့ဘက်က အားမတန်လို့ မာန်လျှော့လိုက်ရတာမျိုး ဖြစ်သွားတာပါ။ အလုပ်ရှင်တွေကလည်း ခါးခါးသီးသီး ငြင်းဆန်တယ်။ အစိုးရအနေနဲ့ကလည်း သူတို့စဉ်းစားရမယ့်ဟာတွေက အများကြီးလို့ ပြောတာကိုး။ အများကြီး သတ်မှတ်လိုက်လို့ရှိရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကိုလည်း စဉ်းစားရမယ်လို့ ပြောလာတဲ့အပေါ်မှာ နောက်ဆုံး ကျွန်တော်တို့ အလုပ်သမားကိုယ်စားလှယ်တွေက အားမတန်မာန်လျှော့တဲ့ အနေနဲ့ ၄၈၀၀ ကို လက်ခံခဲ့ရတဲ့ သဘောမျိုးပေါ့။

■ မေး - အလုပ်သမားတွေဘက်က အနည်းဆုံး အခကြေးငွေ တောင်းဆိုတာနဲ့ ပတ်သက်လို့ များတယ်ဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။ ဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ - ကျွန်တော်တို့ အဖွဲ့ချုပ်က ၅၆၀၀ တောင်းထားတယ်ဆိုတာ လက်လွတ်စပယ်တောင်းထားတာ မဟုတ်ဘူး။ အလုပ်သမားတွေရဲ့ အခြေခံလူနေမှု ကုန်ကျစရိတ်နဲ့ တွက်ချက်ပြီးတော့မှ ကျွန်တော်တို့က တောင်းဆိုထားတာပါ။ ၄၈၀၀ သတ်မှတ်လိုက်မှုက ကျွန်တော်တို့ တောင်းဆိုထားတာနဲ့ ကွာဟမှုရှိနေတာပေါ့။ ဒီလို ကွာဟမှု ရှိနေတဲ့အတွက်ကြောင့် တကယ်လို့သာ ၄၈၀၀ ကို ကျင့်သုံးရင်တောင်မှ ကျွန်တော်တို့ တောင်းဆိုထားတာကို ပြည့်မီအောင် ဘယ်လိုပေးမလဲဆိုတာကို အလုပ်ရှင်ရော၊ အစိုးရရော စဉ်းစားထားဖို့ လိုပါတယ်။ ကျွန်တော်တို့ တောင်းဆိုထားတာပြည့်မီမှ အလုပ်သမားတွေကလည်း တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်းနဲ့ လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နိုင်မှာပေါ့။ တကယ်လို့သာ ၄၈၀၀ ကို ၃၆၀၀ တုန်းကလိုပဲ ဒါကိုအနည်းဆုံး အခကြေးငွေဆိုပြီးတော့ သတ်မှတ်ပေမဲ့လည်း အများဆုံးအခကြေးငွေသဘောမျိုး လုပ်နေခဲ့ရင်တော့ ပြဿနာက ရှိတယ်။

■ မေး - မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ထားပေမဲ့ တကယ့်လုပ်ငန်းခွင်တွေထဲမှာတော့ အများဆုံး အခကြေးငွေလိုမျိုးဖြစ်နေတဲ့ အပေါ်မှာ ဆရာတို့အနေနဲ့ ဘယ်လိုမျိုးလုပ်ဆောင်မှုတွေ ရှိပါသလဲ။

ဖြေ - အလုပ်သင်ရယ်၊ အစမ်းခန့်ဆိုပြီး ရှိတာပေါ့။ ကျွန်တော်တို့ အလုပ်သမား ကိုယ်စားလှယ်တွေ အကုန်လုံးက အတိအလင်း အမျိုးသားကော်မတီမှာ တောက်လျှောက်ဆွေးနွေးနေတာက အစမ်းခန့်ပဲဖြစ်ဖြစ်၊ အလုပ်သင်ပဲဖြစ်ဖြစ် သုံးလအချိန်ပဲ ရှိရမယ်။ သူတို့ အရင်တုန်းကကျင့်သုံးတဲ့ ခြောက်လပုံစံကြီးမရဘူးဆိုတာကို ကျွန်တော်တို့အတိအလင်း ဆွေးနွေးထားပါတယ်။ အဲဒီအပေါ်မှာလည်း အစိုးရကိုယ်စားလှယ်တွေ အနေနဲ့ သဘောတူညီမှု ရှိထားတယ်။ နောက်ဆိုရင်တော့ သုံးလဆိုတဲ့ အကန့်အသတ်ပဲ ရှိတော့မှာပါ။ ခြောက်လဆိုတဲ့ အကန့်အသတ် မရှိတော့ဘူးပေါ့။ နောက်တစ်ခုကျွန်တော်တို့ ထပ်ပြီးဆွေးနွေးနေတာက အလုပ်သင်ဆို ၇၅ ရာခိုင်နှုန်းပေါ့။ အလုပ်သင်က သူက ဘာမှမသိတာကိုး။ အစမ်းခန့်ကျတော့ သူက ကျွမ်းကျင်ပြီး ဝင်လာတဲ့အတွက် အစမ်းခန့်တာလေ။ အဲဒီဟာကို အကန့်အသတ်ထဲမှာ မပါသင့်ဘူးလို့ ဆွေးနွေးထားတယ်။

■ မေး - ဒီဇင်ဘာ ၂၉ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားကော်မတီ အစည်းအဝေးမှာ ဆရာ့အနေနဲ့ အချက်နှစ်ချက်ကို အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဘယ်အချက်တွေကို တင်သွင်းခဲ့တယ်ဆိုတာလည်း သိချင်ပါတယ်။

ဖြေ - အမျိုးသားကော်မတီမှာ ကျွန်တော်အဆိုတင်သွင်းထားတာ အချက်နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်က နှစ်တိုးကြေးပါ။ လုပ်သက်ကြေးလို့လည်း ခေါ်ပါတယ်။ အဲဒါကို ကျွန်တော်က ကိန်းဂဏန်းနဲ့ပြောတာ မဟုတ်ဘဲနဲ့ ရာခိုင်နှုန်းနဲ့ပဲ ကျွန်တော်ပြောခဲ့ပါတယ်။ လုပ်ခလစာ ဘယ်လောက်ပဲရရ တစ်နှစ်ပြည့်လို့ရှိရင် တစ်နှစ်လုပ်သက်ရှိတဲ့ လူတစ်ယောက်ကို လစာရဲ့ ငါးရာခိုင်နှုန်း တိုးပေးရမယ်ဆိုပြီး ကျွန်တော်အဆို တင်သွင်းထားပါတယ်။ နောက်တစ်ချက်ကတော့ ကျွမ်းကျင်ကြေးပေါ့။ ကျွမ်းကျင်ကြေးကတော့ စက်ရုံတစ်ရုံနဲ့တစ်ရုံ မတူတဲ့အတွက် စက်ရုံအလုပ်ရှင်နဲ့ အလုပ်သမားညှိနှိုင်းပြီးတော့မှ သတ်မှတ်သင့်တယ်ပေါ့။

■ မေး - ဆရာတို့ရဲ့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ကနေ သဘောထား ထုတ်ပြန်ချက်ထဲမှာ အမျိုးသား ကော်မတီက ဆုံးဖြတ်လိုက်တဲ့ အလုပ်သမား ၁၀ ဦးနဲ့အထက် အကျုံးဝင်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဥပဒေနဲ့မညီဘူးလို့ ဝေဖန်ထားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုအကြောင်းတွေကြောင့် အမျိုးသားကော်မတီရဲ့ လုပ်ဆောင်ချက်တွေက ဥပဒေနဲ့မညီရတာလဲဆိုတာ သိချင်ပါတယ်။

ဖြေ - မနေ့က အစည်းအဝေးမှာ ဘာတစ်ခုကြုံသွားသလဲဆိုတော့ စက်မှုဝန်ကြီးဌာနက ညွှန်ချုပ်ပြောတာက အသေးစားစက်မှုလုပ်ငန်းရှင်လို့ သတ်မှတ်ထားတဲ့ သူတို့ရဲ့ ဥပဒေမှာ ၁၀ ဦးနဲ့ အထက်လို့ ပြဋ္ဌာန်းထားတယ်။ နောက်ပြီးတော့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်က သူတို့ လယ်ယာစိုက်ပျိုးရေးမှာ အသေးစားဆိုပြီး သတ်မှတ်ထားတာက ခုနစ်ဦးတဲ့။ အဲဒါကို ကြည့်ရင် ဘာဖြစ်နေလဲဆိုတော့ ဥပဒေတစ်ခု ထုတ်တာက တခြားဥပဒေတွေနဲ့ ဆက်စပ်စဉ်းစားပြီးတော့မှ ထုတ်တဲ့ပုံစံမျိုးမဟုတ်ဘူးဆိုတာ တွေ့ရတယ်။ ဟိုဥပဒေနဲ့ ကြည်ရင် မှန်သလိုလို၊ ဒီဥပဒေနဲ့ ကြည့်ရင် မှားသလိုလိုတွေ ဖြစ်နေတယ်။ ပြည်နယ်နဲ့တိုင်းကော်မတီဥက္ကဋ္ဌတွေကလည်း SME လုပ်ငန်းတွေအတွက် စဉ်းစားပေးသင့်တယ်ဆိုတဲ့ အကြောင်းကို အကြောင်းပြပြီးတော့မှ ၁၀ ဦးနဲ့အထက်ကို အကုန်လုံးက လက်ခံကြတယ်။

■ မေး - အဆိုပြုလိုက်တဲ့ ၄၈၀၀ အပေါ်မှာ ဆရာတို့အနေနဲ့ ကန့်ကွက်သွားဖို့ ရှိလား။

ဖြေ - ကျွန်တော်ကတော့ အမျိုးသား ကော်မတီကိုယ်စားလှယ်ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ ကန့်ကွက်ဖို့ မရှိဘူး။ ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့ ကန့်ကွက်သွားဖို့ရှိမယ်လို့ ထင်တာပဲ။ အဖွဲ့ချုပ်က သဘောထား ကြေညာချက်လည်း ထုတ်ပြန်ထားပြီဆိုတော့လေ။ အဖွဲ့ချုပ်အနေနဲ့တော့ ကန့်ကွက်သွားမယ်လို့ ထင်တာပဲ။

■ မေး - အလုပ်သမားတွေ တောင်းဆိုထားတဲ့ ၅၆၀၀ မရဘဲ ၄၈၀၀ သာ အတည်ဖြစ်ခဲ့ရင် အလုပ်သမားတွေဘက်က ဘာတွေတုံ့ပြန်လာနိုင်ပါသလဲ။

ဖြေ - အမျိုးသားကော်မတီမှာ ကျွန်တော်လည်း ပြောပြီးသားပါ။ အလုပ်သမားတွေက နောက်ဆုံး ၅၂၀၀ အထိတော့ လက်ခံပေးလို့ ရတယ်။ ၅၂၀၀ ထက် လျော့နည်းရင်တော့ ဖြစ်လာတဲ့အပြောင်းပေါ့။ အမျိုးသားကော်မတီက ခံရလိမ့်မယ်လို့ ကျွန်တော်ပြောထားပါတယ်။ ဘာတွေဖြစ်လာနိုင်မလဲဆိုတာထက် ဒီ ၄၈၀၀ သတ်မှတ်ထားတဲ့အပေါ်မှာ သဘာဝကျအောင် ဘယ်လိုပြန်လုပ်မလဲဆိုတာ ပိုပြီးတော့အရေးကြီးတယ်။ ဘာတွေတုံ့ပြန်ကြမလဲဆိုတာကတော့ ကျွန်တော်တို့ရဲ့ မိခင်အဖွဲ့ချုပ်ရယ်၊ CTUM အဖွဲ့ချုပ်ရယ်၊ အနည်းဆုံး အခကြေးငွေ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစရှိတဲ့ အဖွဲ့တွေရဲ့ တုံ့ပြန်မှုအပေါ်မှာ မူတည်မှာပါ။ ဒါပေမဲ့တစ်ခုရှိတာက အမျိုးသားကော်မတီအနေနဲ့ ဘာတွေလုပ်သင့်သလဲဆိုတာတော့ ၄၈၀၀ နည်းတယ်။ Living Rage နဲ့ မကိုက်ညီဘူး။ Living Rage နဲ့ ကိုက်ညီအောင် ဘယ်လိုမျိုး ကျွန်တော်တို့ ကုစားသွားမလဲဆိုတဲ့ဟာကို အမျိုးသားကော်မတီ တာဝန်ရှိသူတွေအနေနဲ့ကတော့ စဉ်းစားထားဖို့ လိုအပ်ပါတယ်။

■ မေး - အလုပ်ရှင်ဘက်က ကိုယ်စားလှယ်တွေ အမျိုးသားကော်မတီအစည်းအဝေးမှာ တရားဝင်ကန့်ကွက်တာနဲ့ ပတ်သက်လို့ ဆရာ ဘာများပြောချင်ပါသလဲ။

ဖြေ- အလုပ်ရှင်တွေဘက်ကလည်း ၄၈၀၀ ဆိုတာကို ဘဝင်ကျပုံမရဘူး။ မနေ့တုန်းက ဒေါ်ခိုင်ခိုင်နွယ်ဆိုရင် ဒါကို အမျိုးသားကော်မတီ အစည်းအဝေးမှာ ပြတ်ပြတ်သားသား ငြင်းဆိုတာတွေ့ရတယ်။ အလုပ်ရှင်တွေ အနေနဲ့လည်း ကန့်ကွက်သွားဖို့ ရှိလိမ့်မယ်လို့ ထင်တယ်။ မနေ့က ဒေါ်ခိုင်ခိုင်နွယ် ဖြေထားတာကို ကြည့်ခြင်းအားဖြင့် ၄၈၀၀ နှုန်းထားထက် အစိုးရက သူတို့အပေါ်မှာ ဖြေလျှော့ပေးရမယ့်ဟာတွေက ပိုများနေတယ်။

■ မေး - ကော်မတီတွေ လုပ်ဆောင်နေတဲ့ အပေါ်မှာ ဆရာ့အနေနဲ့ အားရကျေနပ်မှုရှိရဲ့လား။

ဖြေ- အမျိုးသားကော်မတီပဲဖြစ်ဖြစ်၊ တိုင်းဒေသကြီးကော်မတီပဲဖြစ်ဖြစ် ပြည်ထောင်စုအစိုးရက ဘတ်ဂျက်ချပေးပြီးတော့ စဉ်ဆက်မပြတ်လုပ်ဖို့ ၂၉ ရက် အစည်းအဝေးမှာ ကျွန်တော် ပြောခဲ့တယ်။ အနားနီးကာမှ ဖုတ်ပူ မီးတိုက်လုပ်တဲ့ အလုပ်မျိုးတွေမလုပ်ဖို့ မနေ့တုန်းက အမျိုးသားကော်မတီမှာလည်း ဒါကိုပဲ ကျွန်တော် ဆက်လက်ပြီးတော့မှ အဆိုတင်ခဲ့တယ်။ ပြည်ထောင်စုဝန်ကြီးကလည်း ဒါကို အလေးအနက် စဉ်းစားပြီးတော့မှ စဉ်ဆက်မပြတ် လုပ်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောသွားပါတယ်။

■ မေး - ဆရာ့အနေနဲ့ မေးခဲ့တဲ့အပေါ်မှာ ဘာများဖြည့်စွက် ပြောချင်တာများ ရှိပါသေးသလဲ။

ဖြေ - အလုပ်သမားတွေ လိုချင်တဲ့ နှုန်းထားတော့ မဟုတ်ခဲ့ဘူး။ ကျွန် တော်တို့အနေနဲ့ ဒါကို ထန်ကုန်ကြိုးစားခဲ့တာပါလို့ ၄၀၀၀ နဲ့ ၄၈၀၀ ကြားဆိုတဲ့ဟာကို တောက်လျှောက်လိုင်းတင်လာခဲ့တာ။ အဲဒီကိန်းဂဏန်းကနေပြီးတော့မှ ၄၈၀၀ ဆိုတဲ့ အမြင့်ဆုံးကိန်းဂဏန်းကို တည်သွားခဲ့တာကတော့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေ ကျေနပ်မှာမဟုတ်ပါဘူး။ ကျေးဇူးတင်ပါတယ်။