<

သရုပ်ဆောင်အကယ်ဒမီ ၀တ်မှုန်ရွှေရည်နှင့်တွေ့ဆုံခြင်း

‘ကိုယ်တိုင်လည်း အမေကိုချစ်တဲ့ သမီးတစ်ယောက်အနေနဲ့ အမေ့မေတ္တာကို ပိုနားလည်ပြီး Heart ထိရပါတယ်’

လှပ ချစ်ခင်ဖွယ်ကောင်းသည့် ဆယ်ကျော်သက်မော်ဒယ်လ်တစ်ဦးအဖြစ် ပရိသတ် စတင်သိရှိစေခဲ့သူ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်သည် လက်ရှိတွင် ကျရာဇာတ်ရုပ်တိုင်း၌ ပီပြင်စွာ ပုံဖော်နိုင်သည့် အမူအရာကောင်းသူ အကယ်ဒမီ သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ် လက်ခံအားပေးမှု အများအပြား ရရှိစေခဲ့ပြီးဖြစ်သည်။ လတ်တလော ရုံတင်ပြသလျက်ရှိသည့် ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားတွင် ဒေါက်တာခင်မောင်ဝင်း၏ဇနီးဖြစ်သူ ဒေါ်ခင်လေးရီ ဇာတ်ရုပ်၌ ပီပြင်စွာပုံဖော်ထားကာ မကြာခင်က ရိုက်ကူးပြီးစီးခဲ့သည့် ‘ဇာတိမြေ’ ရုပ်ရှင်ဇာတ်ကားနှင့် ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားများ၌လည်း ပီပြင်စွာ ပုံဖော်ထားပါသည်။ ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားကိုကြည့်ရှုကာ မိခင်ဖြစ်သူ၏ မေတ္တာကို ပိုမိုနားလည်ပြီး ခံစားရပါသည်ဟု ဖွင့်ဟပြောဆိုခဲ့သည့် သရုပ်ဆောင် အကယ်ဒမီ ၀တ်မှုန်ရွှေရည်နှင့် တွေ့ဆုံ၍ ‘ထာဝရအမေ’ ဇာတ်ကားနှင့်ပတ်သက်သည့် အမှတ်တရများ၊ ရိုက်ကူးပြီးစီးခဲ့သည့် ဇာတ်ကားအချို့နှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာလုပ်ငန်းများအပေါ် ပြင်ဆင်ထားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး – ထာဝရအမေ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ ခံစားချက်လေး အရင်ဆုံးပြောပြပေးပါဦး။

ဖြေ –  အရမ်းပျော်ပါတယ်။ ဒီဇာတ်ကားက ဆရာကြီးဒေါက်တာ ခင်မောင်ဝင်းရဲ့မိခင်ဖြစ်သူ အန်တီဒေါ်ခင်ခင်ရဲ့ မိခင်မေတ္တာ ကြီးမားမှုကိုသာမကဘဲ မိခင်တွေအားလုံးရဲ့ မေတ္တာကိုပါဖော်ကျူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီလိုဇာတ်ကားမျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် ကစ်အရမ်းလည်း ပျော်ရသလို အမှတ်တရလည်း ဖြစ်ရပါတယ်။ ဇာတ်ကားမှာ ပါဝင်ဖို့ကမ်းလှမ်းပေးခဲ့တဲ့ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းနဲ့ ဒါရိုက်တာဖြစ်တဲ့ ဦးစင်ရော်မောင်မောင်တို့ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။

 

မေး – ဇာတ်ကားကို ပြန်ကြည့်ချိန်မှာရော ဘယ်လိုခံစားရလဲ။

ဖြေ – ကိုယ်တိုင်လည်း အမေကိုချစ်တဲ့ သမီးတစ်ယောက်အနေနဲ့ အမေ့မေတ္တာကိုပိုနားလည်ပြီး Heart ထိရပါတယ်။ တော်တော်လေး ခံစားရတယ်။ မိခင်တွေရဲ့သားသမီးတွေအပေါ် ထားတဲ့မေတ္တာကိုလည်း ပိုပြီးခံစားနားလည်လာသလို တန်ဖိုးလည်း ပိုထားတတ်လာပါတယ်။ မိခင်ကိုပိုပြီး ဂရုစိုက်ဖို့၊ မိခင်မေတ္တာကို တန်ဖိုးထားဖို့အများကြီးပါပဲ။ ဒီဇာတ်ကား လေးကြည့်လိုက်တဲ့ သူတိုင်းကလည်း ကစ်လိုပဲခံစားကြရမယ်လို့ ယုံကြည်ပါတယ်။

 

မေး –  ဒီဇာတ်ကားမှာ သရုပ်ဆောင်တဲ့အခါမှာရော ဘယ်လောက်ထိ ပင်ပန်းခဲ့ရလဲ။

ဖြေ – ဒီဇာတ်ကားမှာက ငယ်ရွယ်စဉ်အချိန်နဲ့ အရွယ်ရောက်ပြီးချိန်တွေကို သရုပ်ဆောင်ရတာဆိုတော့ အရွယ်အလိုက် ခံစားမှုပြောင်းလဲလာတာတွေ၊  မိခင်မေတ္တာကို ကိုယ်တိုင် မိခင်တစ်ယောက်ဖြစ်လာချိန်မှာ ပိုပြီးနားလည်လာရတာတွေ၊ ယောက္ခမဆိုပေမယ့်လည်း မိခင်မေတ္တာ ကြီးမားလွန်းသူမို့ လေးစားရတာတွေဆိုတဲ့ ခံစားချက်တွေ အများကြီးထည့်ပြီး သရုပ်ဆောင်ရပါတယ်။ အပြင်အဆင်ပိုင်းဆိုလည်း ကျောင်းသူအရွယ်နဲ့ လိုက်ဖက်တဲ့ ၀တ်စားဆင်ယင်မှု၊ အိမ်ထောင်ကျပြီးသွားတဲ့အခါ အရွယ်နဲ့လိုက်ဖက်တဲ့ ၀တ်စားဆင်ယင်မှုတွေ ရွေးချယ်ဝတ်ဆင်ခဲ့ရပါတယ်။ ဇာတ်ကားရိုက်ကူးစဉ်မှာကတော့ အမှတ်တရတွေ အများကြီးပါပဲ။

 

မေး –  လိပ်ပြာစံအိမ် ဇာတ်ကားကရော ရိုက်ကူးပြီးသွားပြီလား။

ဖြေ – လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပဲ လိပ်ပြာစံအိမ် ဇာတ်ကားက ရိုက်ကူးပြီးသွားပါတယ်။ ဒီဇာတ်ကားကလည်း မတူကွဲပြားတဲ့ ခေတ်ကာလတစ်ခုကို ရိုက်ကူးတာဖြစ်တဲ့အပြင် မိသားစုအပေါ် သံယောဇဉ်ကြီးမားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ရတာပါ။ ၀ိညာဉ်ဇာတ်ကားလည်းဖြစ်တော့ မတူကွဲပြားတဲ့ ပုံစံမျိုးတွေ သရုပ်ဆောင်ရပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးတဲ့ ထိုင်းဒါရိုက်တာကတော့ From Bangkok to Mandalay ဇာတ်ကားမှာ ကတည်း က ဆုံဖူးပြီးသားဆိုတော့ သူအလုပ်လုပ်တဲ့ ပုံစံကိုလည်း ကစ်နားလည်သလို အပြန်အလှန် ညှိနှိုင်းလို့လည်းရပါတယ်။ ဒီဇာတ်ကားမှာလည်း ကစ်အကောင်းဆုံး ကြိုးစားထားပါတယ်။

 

မေး –  အောင်ရဲလင်း၊ မိုရီဆာကီဝင်းတို့နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဇာတိမြေ ဇာတ်ကားနဲ့ ပတ်သက်လို့ အားရ ကျေနပ်မှုဆိုရင်ရော။

ဖြေ –  အဲဒီဇာတ်ကားလေးက အချိန်ယူ ရိုက်ကူးခဲ့ရသလို အရမ်းလည်း ပင်ပန်းပါတယ်။  ဂျပန်မှာ ရိုက်ကူးခဲ့စဉ်တစ်လျှောက်လုံးလည်း ပင်ပန်းခဲ့သလို မြန်မာနိုင်ငံမှာ ထပ်မံ ရိုက်ကူးတော့လည်း ပင်ပန်းပါတယ်။ အရမ်းလည်း ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ အခုအဲဒီဇာတ်ကားကို ကားဆက်ပြီးတဲ့အချိန်မှာ ဇာတ်ကားက ကောင်းတယ်ဆိုတဲ့ တုံ့ပြန်မှုတွေ ပြန်ကြားရတဲ့အတွက် ပင်ပန်းရကျိုး နပ်တယ်လို့ ဆိုရမှာပါ။ ပရိသတ်တွေ ကြည့်ခွင့်ရတဲ့အခါလည်း စိတ်ကျေနပ်စရာ ဇာတ်ကား တစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။

 

မေး –  နောက်ထပ် အနုပညာလှုပ်ရှားမှုဆိုရင်ရော ဘာတွေ ထပ်လုပ်ဖြစ်မလဲ။

ဖြေ –  ကစ် လောလောဆယ်တော့ ကြော်ငြာရိုက်ကူးမှုတွေ လက်ခံထားသလို ရုပ်ရှင်ကားကြီး ရိုက်ဖို့လည်း လက်ခံထားတာ ရှိပါတယ်။ ရုပ်ရှင်ကားကြီးကလည်း မတူကွဲပြားတဲ့ ကာရိုက်တာမျိုးနဲ့ ပါဝင်ဖြစ်မှာပါ။

 

မေး –  အနုပညာသက်တမ်းဖြတ်သန်းမှု များလာတာနဲ့အမျှ ဇာတ်ရုပ်ပိုင်းဆိုင်ရာ ရွေးချယ်မှုက ဘယ်လိုပြောင်းလဲလာလဲ။

ဖြေ –  အဓိကတော့ တစ်ကားနဲ့တစ်ကား ပုံစံမတူအောင်ရွေးဖြစ်တယ်။ ဇာတ်ရုပ်တိုင်းနဲ့ အံဝင်ခွင်ကျဖြစ်အောင်၊ တစ်ထပ်တည်းကျအောင် လုပ်နိုင်တယ်ဆိုတာမျိုးလည်း ဖြစ်ချင်တယ်။ ဒါကြောင့် တစ်ကားနဲ့တစ်ကားကတော့ ပုံစံကွဲပြားတာမျိုးကို ဦးစားပေး ရွေးချယ်ဖြစ်တယ်။ ကစ်နဲ့လည်း လိုက်ဖက်နိုင်တာမျိုးပေါ့။ ကစ်နဲ့လုံးဝ မလိုက်ဖက်တာမျိုးကိုတော့ မလုပ်ဖြစ်ပါဘူး။ အဓိကတော့ ကစ်နဲ့လိုက်ဖက်ပြီး ကြိုးစားလုပ်ဆောင်နိုင်မယ့် ဇာတ်ကောင်စရိုက်မျိုး၊ ပရိသတ်တွေ အတွက်လည်း အနုပညာခံစားမှု သေချာလေးပေးနိုင်မယ့် ဇာတ်လမ်းမျိုးကို ရွေးချယ်ဖြစ်ပါတယ်။

 

မေး –  ကစ်ရဲ့ Fan တွေနဲ့ အမှတ်တရလုပ်မယ့် အစီအစဉ်မျိုးတွေရော ရှိဦးမလား။

ဖြေ – ကစ် Fan တွေနဲ့က အလှူတစ်ခုခု အတူလုပ်တာမျိုး၊ အမှတ်တရ အစီအစဉ်မျိုးတွေ ကြိုးစားပြီး လုပ်ဖြစ်ပါတယ်။ ၂၀၁၈ ထဲမှာလည်း လုပ်ဖြစ်ဖို့ကြိုးစားပါမယ်။

 

မေး –  ၂၀၁၇ တစ်နှစ်တာလုံးက ကစ်အတွက် စိတ်ကျေနပ်စရာနှစ်တစ်နှစ်လို့ ပြောလို့ရလား။

ဖြေ – ကစ်ကတော့ ဘယ်အရာမဆို ကိုယ်လုပ်နေတဲ့အချိန်အတွင်းမှာ ကောင်းအောင်ကြိုးစားတယ်။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုချင်းစီတိုင်းကို ကောင်းအောင်ပဲ လုပ်ခဲ့တဲ့ ၂၀၁၇ မှာလည်း လုပ်ဖြစ်ခဲ့တဲ့အရာတိုင်းကို ကြိုးစားပြီး လုပ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

 

မေး –  ပရိသတ်တွေအတွက် နှစ်သစ် ဆုတောင်းလေးပြောပေးပါဦး။

ဖြေ –  မကြာခင်မှာ နှစ်သစ်တစ်ခုကို ရောက်တော့မယ်ပေါ့နော်။ နှစ်သစ်မှာ ချစ်ခင်ရတဲ့ ပရိသတ်အားလုံး လိုအင်ဆန္ဒတွေပြည့်ဝပြီး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

 

မေး –  ၂၀၁၈ အတွက်ရော အနုပညာနဲ့ပတ်သက်ပြီး ဘာတွေပြင်ဆင်ထားလဲ။

ဖြေ – ၂၀၁၈ မှာလည်း ကစ်ကိုအားပေးချစ်ခင်တဲ့ ပရိသတ်တွေအတွက် ကစ်အများကြီး ကြိုးစားလုပ်ဆောင်သွားမှာပါ။ အဲဒီအတွက်လည်း အများကြီးပြင်ဆင်ထားပါတယ်။














Copy Protected by Chetan's WP-Copyprotect.