ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အလင်းရောင်နှင့် တွေ့ဆုံခြင်း

ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အလင်းရောင်နှင့် တွေ့ဆုံခြင်း
Published 12 December 2017

အနုပညာရပ်ဝန်းမှာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာခြေလှမ်းတွေကိုစတင်ခဲ့ပြီး ဒီနေ့အချိန်မှာ မော်ဒယ်၊ မင်းသား၊ အဆိုတော်စတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုအား ပေးမှုတွေရရှိလာသူ အနုပညာရှင်တစ်ဦးကတော့ အလင်းရောင်ပါ။ ‘ရည်းစားဦး’ ‘ ဘယ်ရည်းစားကိုအချစ်ဆုံးလဲ’ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ‘မနေ့ကဖြစ်သည်’ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရရှိခဲ့သလို သူ့ရဲ့တစ်ကိုယ်တော်စီးရီး Oh My Crush အတွက်လည်း အမ်တီဗီထွက်ရှိနိုင်ဖို့ ပြင်ဆင်နေတဲ့ အလင်းရောင်က သူပါဝင် သရုပ်ဆောင်ထားတဲ့ ‘3G’ ဇာတ်ကားကိုလည်း ဒီဇင်ဘာ ၁၅ ရက်မှာ ရုံတင်ပြသတော့မှာဖြစ်သလို လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ဖြစ်နေတဲ့ အလင်းရောင်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

 

မေး - လတ်တလော အနုပညာ လှုပ်ရှားမှုတွေကို အရင်သိပါရစေ။

ဖြေ - ကျွန်တော် ဒါရိုက်တာ ကိုဝိုင်း၊ မဖွေးဖွေးတို့နဲ့ ‘သတို့သမီး လျှို့ဝှက်ချက်’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားကြီးက ဒါရိုက်တာကိုဝိုင်းနဲ့အတူ တွဲဖက်ရိုက်ကူးခွင့်ရတဲ့ ငါးကားမြောက်ရုပ်ရှင်ကားကြီးဖြစ်သလို မဖွေးဖွေးနဲ့ အတူတွဲဖက်သရုပ်ဆောင်ခွင့်ရတဲ့ ငါးကားမြောက် ရုပ်ရှင်ကားကြီးပါ။

 

မေး - ‘ သတို့သမီး လျှို့ဝှက်ချက်’ ဇာတ်ကားအတွက် ဘယ်လိုတွေပြင်ဆင်ခဲ့ရလဲ ပြောပြပေးပါဦး။

ဖြေ -  ဒီဇာတ်ကားမရိုက်ခင်မှာ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ပြီး ကိုယ်သရုပ်ဆောင်ရမယ့် အပိုင်းတွေအတွက် ထရိန်နင်တွေလုပ်ဖြစ်ပါတယ်။ နောက်ပြီးအဝတ်အစားပိုင်းအတွက် ကြိုတင်ပြင်ဆင်ရတာတွေလည်း လုပ်ဖြစ်ခဲ့တယ်။

 

မေး - ဒီဇင်ဘာ ၁၅ ရက်မှာ ပရိသတ်တွေကြည့်ခွင့်ရတော့မယ့် ‘3G’ ဇာတ်ကားရိုက်ဖြစ်ခဲ့တဲ့ အကြောင်း လေးလည်း ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်ကားလေးက ကျွန်တော်ရုပ်ရှင်ကားကြီး နှစ်ကား ရိုက်ကူးခဲ့ပြီးနောက်ပိုင်းမှာ ထုတ်လုပ်ရေးနဲ့ စာချုပ်ပြဿနာတွေရှိခဲ့ပြီး ဘာအနုပညာလှုပ်ရှားမှုမှ မလုပ်ရဘဲ နှစ်နှစ်နီးပါးလောက် ထိုင်နေရတဲ့အချိန်မှာ ကျွန်တော့်ဆီကို ပထမဆုံးလာပြီး ကမ်းလှမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒါ့ကြောင့် ဒီဇာတ်ကားမှာ ကျွန်တော့်ပါဝင်ခွင့်ရခဲ့တာက ကျွန်တော့်ရဲ့ တစ်ကျော့ပြန် အနုပညာလှုပ်ရှားမှုတွေအတွက် ခြေလှမ်းသစ်တစ်ခု ဖြစ်ခဲ့သလို တွဲဖက်သရုပ်ဆောင်ရတဲ့ သူတွေကလည်း တကယ့်ဝါရင့်အနုပညာရှင်တွေ၊ အောင်မြင်နေတဲ့သူ တွေ ဒါရိုက်တာကလည်း ကိုဝိုင်းဖြစ်နေတဲ့အတွက် ကျွန်တော် ဒီဇာတ်ကားရိုက်ကူးချိန်မှာ အရမ်းကို တက်ကြွ ပျော်ရွှင်ခဲ့ရပါတယ်။ တစ်ဖက်ကလည်း ဒီဇာတ်ကား ရိုက်ကူးချိန် တစ်လျှောက်လုံးမှာ ပျော်ရွှင်တက်ကြွတဲ့ စိတ်ဖြစ်သလို အရမ်းလည်းရင်ခုန်ရပါတယ်။ ဒါ့ကြောင့် တချို့ဇာတ်ဝင်ခန်းတွေဆိုရင် အမှားနည်းနည်းရှိခဲ့တယ်။

 

မေး - ကိုယ့်အတွက် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ရိုက်ကူးခဲ့ရတဲ့ ‘3G’ ဇာတ်ကားရိုက်ကူးတုန်းက အမှတ်တရတွေရှိရင် လည်းပြောပြပေးပါဦး။

ဖြေ -  အမှတ်တရတွေကတော့ အများကြီးပါပဲ။ တစ်ခုကတော့ မအိချောပိုကို ချီပြီးပြေးရတဲ့အခန်းပေါ့။ အဲဒီအခန်းမရိုက်ခင် ရီဟာဇယ် သုံး၊ လေး၊ ငါးခါလုပ်ခဲ့ရတော့ တကယ်ရိုက်တဲ့အခေါက်မှာ ကျွန်တော်က ခြေခေါက်ပြီးလဲသွားတယ်။ ကျွန်တော့်ကြောင့် မအိချောလည်း ခြေထောက်ဒဏ်ရာ ရသွားခဲ့တာရှိတယ်။ အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

 

မေး - အလင်းရောင်အနေနဲ့ Oh My Crush စီးရီးထွက်ပြီးနောက်ပိုင်း ဂီတဘက်မှာ လှုပ်ရှားမှု နည်းသွားတာလေးကိုလည်း သိပါရစေ။

ဖြေ -  ကျွန်တော်က အနုပညာလောကမှာ လူသစ်တန်းတစ်ယောက်ဖြစ်တဲ့အတွက် ဂီတနဲ့ ရုပ်ရှင်အနုပညာ နယ်ပယ် နှစ်ခုစလုံးမှာ ဘက်မျှအောင်လုပ်နိုင်ဖို့ဆိုတာ ကျွန်တော့်အတွက် ခက်ခဲပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာတော့ ကျွန်တော်က သရုပ်ဆောင် အလုပ်ဘက်ကို ပိုပြီးလုပ်ဖြစ်ခဲ့တယ်။ ဒါကလည်း ကိုယ့်ဆီကိုရောက်လာတဲ့ အခွင့်အရေးတစ်ခုပါ။ ဒါပေမဲ့ ကားရိုက်တွေအားတဲ့အချိန်မှာ ပွဲတွေ ကျွန်တော်ဆိုဖြစ်ပါတယ်။ နောက်ပြီး Oh My Crush စီးရီးအတွက်လည်း MTV လေးတွေ ရိုက်ကူးဖြစ်နေပါတယ်။

 

မေး - Oh My Crush အတွက် MTV ရိုက်ကူးမှုက ဘယ်လောက်ပြီးသွားပြီလဲ။

ဖြေ - Oh My Crush အတွက် MTV ရိုက်နေတာက သုံးပုဒ်လောက်ပဲ ပြီးသေးတယ်။ ဒီဇင်ဘာလကုန်ပိုင်းလောက်မှာတော့ တစ်ပုဒ်ထပ်ပြီး ရိုက်ကူးဖို့စီစဉ်ထားပါတယ်။

 

မေး - Oh My Crush အတွက် MTV ကိုရော ဘယ်တော့လောက်ထွက်ဖို့ စဉ်းစားထားလဲ။

ဖြေ - အဲဒါတော့ ကျွန်တော်စဉ်းစားနေတုန်းပဲ။ Oh My Crush စီးရီးရဲ့ MTV တွေ ကို Facebook ကနေတစ်ဆင့်ပဲ ပရိသတ်တွေဆီကို လက်ဆောင်ပေးမလား။ DVD Album ထွက်ဖြစ်မလားတော့ သေချာမဆုံးဖြတ်ရသေးဘူး။

 

မေး - ၂၀၁၇ ခုနှစ်ထဲမှာ သရုပ်ဆောင်ဘက်မှာ ပိုပြီးလုပ်ဖြစ်ခဲ့တယ်ဆိုတော့ ၂၀၁၈ ခုနှစ်မှာရော ဂီတနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖို့စီစဉ်ထားလဲ။

ဖြေ -  ကျွန်တော့်ရဲ့ ပထမဆုံးတစ်ကိုယ်တော်စီးရီးအတွက် MTV ကို ပရိသတ်ဆီပေးဖို့ရှိမယ်။ နောက်ပြီး ကျွန်တော့်ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်စီးရီးကို Mini Album အဖြစ်ထွက်ဖို့လည်း စီစဉ်ထားပါတယ်။

 

မေး - ဒုတိယစီးရီးအတွက် ဘယ်လိုတွေပြင်ဆင်နေလဲ သိပါရစေ။

ဖြေ -  Mini Album အဖြစ်ထွက်မယ့် ကျွန်တော့်ရဲ့ဒုတိယမြောက် တစ်ကိုယ်တော်စီးရီးအတွက် လောလောဆယ် သီချင်းခုနစ်ပုဒ်ကိုတော့ရထားပါပြီ။ သီချင်းက ခြောက်ပုဒ်လောက်ပါမယ့် Mini Album ဖြစ်ပေမယ့် သီချင်းတွေကို ထပ်စုပြီးမှ သေချာပြန်ရွေးဖို့ လုပ်နေပါတယ်။ အရင်ပထမစီးရီး Oh My Crush တုန်းက သီချင်းအမြူးတွေပါပေမယ့် သီချင်းအနှေးလေးတွေပိုများတယ်။ အဲဒီတော့ ပွဲတွေဆိုတဲ့အခါကျတော့ သီချင်းမြူးလေးတွေဆိုဖို့ သီချင်းရှားနေတာမျိုး ကြုံရတယ်။ ဒ့ါကြောင့် Mini Album မှာတော့ သီချင်းအမြူးလေးတွေ ပိုပြီးထည့်ဖို့ စီစဉ်ထားပါတယ်။

 

မေး - အခုချိန်မှာ ကိုယ့်ရဲ့ သရုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ကိုယ့်ကိုကိုယ် ဘယ်လိုပြန်ပြီးသုံးသပ်မိလဲ။

ဖြေ - ပထမဆုံး ရိုက်ကူးခဲ့တဲ့ ‘ရည်းစားဦး’ တို့၊ ‘ဘယ်ရည်းစားကို အချစ်ဆုံးလဲ’ တို့ ဇာတ်ကားတွေမှာတော့ ကျွန်တော် တတ်ထား၊ သိထားသလောက်နဲ့ အကောင်းဆုံးလုပ်ခဲ့တာပါ။ တတိယ ဇာတ်ကားဖြစ်တဲ့ 3G က စပြီးတော့ သေချာသင်ကြားမှုတွေရလာခဲ့တယ်။ နောက်ထပ်ရိုက်ခဲ့တဲ့ ‘ရွှေကြာ’၊ ‘ကာဗွန်ဒိုင်အောက်ဆိုက်’ စတဲ့ဇာတ်ကားတွေမှာလည်းလေ့ ကျင့်မှုတွေလုပ်ရတယ်ဆိုတော့ တိုးတက်မှုရှိလာတယ် လို့ထင်ပါတယ်။ 3G ဇာတ်ကားကစလို့ နောက်ပိုင်းမှာကျွန်တော့်ရဲ့ ကိုယ်ပိုင်လေ့လာမှုမှာလည်း တိုးတက်မှုတွေရှိလာတယ်။ ကိုဝိုင်းတို့ မဖွေးတို့ကလည်း သင်ပေးတယ်။ အများကြီး အထောက်အပံ့တွေရခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်တော့ သရုပ်ဆောင်ပိုင်းမှာ အရင်ထက်ပိုပြီးကောင်းလာတယ်လို့ ခံစားမိသလိုပဲ ဒီထက်ကောင်းဖို့ လိုသေးတယ်လို့လည်း ခံယူထားပါတယ်။ အများကြီးဆက်ပြီး ကြိုးစားရဦးမှာပါ။

 

မေး - ‘3G’ ဇာတ်ကားကိုလာကြည့်မယ့် ပရိသတ်တွေအတွက် ပြောချင်တာရှိရင်။

ဖြေ -  ကျွန်တော့်အတွက် ဒီဇာတ်ကားလေးက ဒါရိုက်တာကိုဝိုင်းနဲ့ရော မဖွေးဖွေးတို့၊ မအိချောပိုတို့နဲ့ပါ ပထမဆုံးတွဲ ဖက်ခွင့်ရတဲ့ ဇာတ်ကားပါ။ ကျွန်တော့်ရဲ့ အနုပညာလမ်းကြောင်းမှာ ပျော်ရွှင်ရင်ခုန်ရတဲ့အချိန်မှာ ရိုက်ကူးခဲ့တဲ့ကားပါ။ အားလုံးက ဝိုင်းဝန်း ကြိုးစားထားကြလို့ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကား ဖြစ်စေမှာပါ။

 

မေး - အလင်းရောင်ကို အားပေးနေတဲ့ပရိသတ်တွေအတွက် ပြောချင်တဲ့စကားရှိရင်။

ဖြေ - အားပေးနေတဲ့ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ဂီတမှာရော သရုပ်ဆောင်ဘက်မှာပါ အများ ကြီးကြိုးစားနေပါတယ်။ ၂၀၁၈ နှစ်သစ်မှာလည်း ပရိသတ်တွေအားလုံး စိတ်ကူးသစ်၊ အကြံဉာဏ်သစ်၊ အတွေးသစ်တွေနဲ့အတူ အောင်မြင်ကြီးပွားကြပါစေ။ ပရိသတ်တွေအားလုံး ကျန်းမာချမ်းသာကြပါစေ။