အကယ်ဒမီထွန်းထွန်းနှင့် တွေ့ဆုံခြင်း

အကယ်ဒမီထွန်းထွန်းနှင့် တွေ့ဆုံခြင်း
Published 2 August 2017

ဂီတအနုပညာအလုပ်တွေနဲ့ စတင်ခဲ့ပေမယ့် သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ အောင်မြင်မှုရလာခဲ့တဲ့ ထွန်းထွန်းက အနုပညာနယ်ပယ်ကနေ နှစ်ကာလအနည်းငယ် ကွာဝေးခဲ့သူပါ။ အနုပညာအလုပ်တွေ ပြန်လုပ်ချိန်မှာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်တွေကို ပိုလုပ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာတော့ အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့သူပါ။ မကြာခင်မှာလည်း ထွန်းထွန်းရဲ့ သရုပ်ဆောင်အနုပညာမှတ်တိုင်တစ်ခုအနေနဲ့ မြင်တွေ့ခွင့်ရမယ့် ‘ပွဲခံမယ်’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေကြည့်ရှုရတော့မှာဖြစ်လို့ အကယ်ဒမီထွန်းထွန်းနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

‘ပွဲခံမယ် ဇာတ်ကားက အနုပညာမှာ ကျွန်တော်ပြန်လည်မွေးဖွားခွင့်ရတဲ့ ဇာတ်ကားလို့လည်း ပြောရမှာပါ’

မေး - ‘ပွဲခံမယ်’ ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းလေးကို အရင်သိပါရစေ။

ဖြေ - ဒီဇာတ်ကားလေးက ကျွန်တော်အနုပညာအလုပ်တွေကို ပြန်ပြီးကြိုးစားလုပ်ကိုင်နေတဲ့အချိန်မှာ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးနိုင်ဖို့အတွက် ဒါရိုက်တာကိုစတီးလ်က သယ်ဆောင်လာပေးတယ်။ ထုတ်လုပ်သူတွေဘက်ကလည်း အနည်းငယ်တော့ စိတ်ဝင်စားကြတယ်ဆိုတဲ့အချိန်မှာ R Square ထုတ်လုပ်ရေးနဲ့ကျွန်တော် စာချုပ်တွေချုပ်ပြီး ကြိုးစားကြမယ်ဆိုပြီးတော့ ရိုက်ကူးဖြစ်ခဲ့တာပါ။ ‘ပွဲခံမယ်’ ဇာတ်ကားက အနုပညာမှာ ကျွန်တော်ပြန်လည်မွေးဖွားခွင့်ရတဲ့ ဇာတ်ကားလို့လည်း ပြောရမှာပါ။

မေး - ‘ပွဲခံမယ်’ ဇာတ်ကားမရိုက်ခင်မှာ ဇာတ်ကောင်စရိုက်အတွက် ကြိုတင်ပြင်ဆင်ရတာတွေရှိတယ်လို့ သိရတယ်။ ဘယ်လိုတွေကြိုတင်ပြင်ဆင်ရလဲ ပြောပြပေးပါလား။

ဖြေ - ဒီဇာတ်ကောင်စရိုက်အတွက် ကျွန်တော်ဘော်ဒီဝိတ်ထိန်းရတယ်။ ဇာတ်ညွှန်းတွေအစအဆုံးကို အခေါက်ပေါင်းများစွာ ဖတ်ရတယ်။ ဇာတ်ကောင်စရိုက်အတွက် ကျွန်တော့်ဘာသာ ကျွန်တော်ပြင်ဆင်လေ့ ကျင့်တာတွေလည်းရှိပါတယ်။ နောက်ပြီး ဒါရိုက်တာကိုစတီးလ် လိုချင်တဲ့အတိုင်း မိတ်ကပ်အညိုလိမ်းရတယ်။ နောက်ပြီး ဇာတ်ကားမရိုက်ခင်မှာ အသားညိုနေအောင်လည်း ကြိုးစားနေရတယ်။ လက်သည်း၊ ခြေသည်းတွေလည်း အရှည်ထားပြီး လူပိန်နေအောင်လို့ ညစာတွေလည်းအငတ်ခံတယ်။ ပြောရရင်တော့ ဒီဇာတ်ကားအတွက် ကျွန်တော်အပင်ပန်းခံပြီး သေချာကြိုးစားပြင်ဆင်ခဲ့ရပါတယ်။

မေး - ကိုယ်ပြန်ပြီးကြိုးစားခွင့်ရတဲ့ ဇာတ်ကားဆိုတော့ ဒီဇာတ်ကားရိုက်ကူးစဉ်က အတွေ့အကြုံနဲ့ အမှတ်တရတွေရှိရင်လည်း သိချင်ပါတယ်။

ဖြေ - ဒီဇာတ်ကားရိုက်တုန်းက ရှုတင်တစ်ခုလုံးမှာ အတက်ကြွဆုံးက ကျွန်တော်ပဲ။ အခုလည်း တက်ကြွတယ်ဆိုမယ့် အဲဒီတုန်းက ပိုပြီးတက်ကြွတယ်။ မနက်ဆိုရင်လည်း  အစောကြီးထပြီး လေ့ကျင့်ခန်းတွေလုပ်တယ်။ ကိုယ်တိုင်ကိုယ်က တက်ကြွပြီးပျော် ရွှင်နေခဲ့တယ်။ အဲဒီဇာတ်ကားရိုက်တုန်းက ရှုတင်အဖွဲ့သားအားလုံးကလည်း လူညီတယ်။ ရိုက်ကွင်းမှာ ဖုန်းတွေနဲ့ဓာတ်ပုံရိုက်တာရှိပေမယ့် အွန်လိုင်းမှာမတင်ဘူး။ အခုလိုအချိန်မှာ ပရိသတ်တွေတွေ့ခွင့်ရစေချင်လို့။ ဇာတ်ကောင်စရိုက်အတွက်လည်း သေချာကြိုးစားပြီးပြင်ဆင်တယ်။ နောက်ပြီး တချို့ဖိုက်တင်ခန်းတွေမှာဆိုရင် ကျွန်တော်တို့ အရမ်းပင်ပန်းခဲ့ကြတယ်။ ဇာတ်ကားရဲ့ ပထမဆုံးဖိုက်တင်ခန်းမှာဆိုရင် နေအရမ်းပူတဲ့အချိန်ကြီးဖြစ်လို့ ကျွန်တော်ဆို ရိုက်နေရင်းနဲ့ ရင်ထဲဆို့တက်ပြီး မောဟိုက်လာတယ်။ ဖိုက်တင်နည်းပြတွေရော ကိုလူချောအဖွဲ့တွေရော အားလုံးပင်ပန်းကြတယ်။ အဲဒီအခန်းတွေမှာဆိုရင် နာရီဝက်လောက်ရိုက် လိုက် ၁၅ မိနစ်လောက်နားလိုက်နဲ့ အချိန်တော်တော်ကြာကြာရိုက်ခဲ့ရတယ်။

မေး - ကိုယ်အများကြီးကြိုးစားထားတဲ့ ဇာတ်ကားဖြစ်လို့ ပရိသတ်တွေဆီ အရောက်မပို့ခင် ကိုယ်ပြန်ကြည့်ရတဲ့အခါမှာရော ကိုယ့်ကိုယ်ကိုယ်ကျေနပ်အားရမှုရှိလား။

ဖြေ - ကျွန်တော့်ရဲ့အကျင့်ကတော့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်တာက အမြဲရှိတယ်။ နောက်တစ်ခါဆိုရင် ကိုယ်ဘယ်လိုထပ်ကြိုးစားမယ်ဆိုတဲ့ စိတ်လည်းဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က အဆင်ပြေဖို့ဆိုတာထက် ဒီဇာတ်ကားကိုကြည့်တဲ့ ပရိသတ်တွေအဆင်ပြေဖို့လိုတာပါ။ အဲဒီအတွက် ပရိသတ်တွေဆီက စကားသံတွေကိုလည်း မျှော်လင့်နေပါတယ်။

မေး - ဒီဇာတ်ကားကို ကိုယ်တိုင်က ပရိသတ်တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင်ရော ဇာတ်ကားထဲက ရာကျော်ကို ဘယ်လိုမြင်လဲ။

ဖြေ - ဒီဇာတ်ကားကို ပရိသတ်တစ်ယောက်အနေနဲ့ ကြည့်ပြီးပြောရမယ်ဆိုရင်တော့ ဇာတ်ကားထဲက ရာကျော်က သူ့ဇာတ်ကောင်စရိုက်အတွက် ဒီဇာတ်ကားမှာ တာဝန်ကျေတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဇာတ်ကားမှာ ရာကျော်က ရာကျော်ဖြစ်တယ်လို့ မြင်ပါတယ်။

မေး - လက်ရှိလုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - နောက်ထပ်လည်း ကိုစတီးလ်နဲ့ ‘ပီဇာ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ပါတယ်။ ဘဝသရုပ်ဖော်ဇာတ်လမ်းလေးပါပဲ။ ကျွန်တော်က အဲဒီဇာတ်ကားမှာ ဝမရှိဘဲ ဝိလုပ်တဲ့သူပေါ့။ သဘာဝဆန်တဲ့ဇာတ်ရုပ်ပါပဲ။ အဲဒီဇာတ်ကားပြီးသွားရင် ကျွန်တော်တို့ နှင်းဆီအဖွဲ့သားတွေရဲ့ ‘Rose Rider’ ဇာတ်ကားရိုက်ဖို့ရှိတယ်။ သြဂုတ်လထဲမှာတော့ အဲဒီရုပ်ရှင်ဇာတ်ကားနှစ်ကားပဲ လက်ခံထားပါတယ်။

မေး - အခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းကိုပဲ ဆက်တိုက်လုပ်ဖြစ်နေတော့ ဂီတအနုပညာအလုပ်တွေကိုရော ဘယ်တော့မြင်တွေ့ရမလဲ။

ဖြေ - လောလောဆယ်ကတော့ ဇာတ်ကားရိုက်ကူးရေးတွေပဲ ဆက်တိုက်ဖြစ်နေတယ်။ ဂီတဘက်ကို မလှည့်နိုင်သေးဘူးဖြစ်နေတာ။ အိမ်မှာနေရင်းနဲ့ သီချင်းတွေရေးဖြစ်နေတာပဲရှိတယ်။ အဲဒီလိုရေးပြီးသွားတဲ့ သီချင်းတွေကလည်း စတူဒီယိုသွားဖို့ အတီးပိုင်းလုပ်ဖို့ကို အချိန်မပေးနိုင်သေးဘူးဖြစ်နေတယ်။ ဂီတဘက်မှာ ကျွန်တော်စီးရီးထွက်ဖို့တော့ လုပ်နိုင်မှာမဟုတ်သေးဘူး။ တစ်ပုဒ်စ နှစ်ပုဒ်စလောက်ကိုပဲ Mini Album အနေနဲ့ ထွက်နိုင်မယ်ထင်တယ်။ နောက်ပြီး အွန်လိုင်းမှာ ဖြန့်တာမျိုးတွေပေါ့။ အဲဒီလောက်ပဲ ဂီတဘက်မှာ လုပ်နိုင်ဦးမယ်ထင်ပါတယ်။

စုမှူးနိုင်