ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာဝိုင်းနှင့် တွေ့ဆုံခြင်း
Published 20 September 2017

“အစည်းအရုံးဝင် ကတ်ပြားဆိုတာကလည်း လောကသား မဟုတ်တဲ့သူတွေဆီမှာ အများကြီး တွေ့နေရတယ်။ ပြီးတော့ ဒီလူတွေဒီလူတွေချည်းပဲ ဖြစ်နေတဲ့အရာကလည်း နည်းမှန်လမ်းမှန် မဟုတ်ဘူးလို့ ယုံကြည်တယ်”

စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်များတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက်ပွဲအား ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ လွတ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးနောက် ရုပ်ရှင်လောကသားများအား ကိုယ်စားပြု အဖွဲ့အစည်းတစ်ခုဖြစ်လာစေရန် ရည်ရွယ်ခဲ့သော်လည်း လက်ရှိအချိန်အထိ ရုပ်ရှင်လောကသားများနှင့် အစည်းအရုံးတို့ကြားတွင် သဘောထား ကွဲလွဲမှုများဖြစ်ပေါ်နေဆဲပင်ဖြစ်သည်။ မကြာမီပြုလုပ်တော့မည့် ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ရုပ်ရှင်လောကအကျိုးအတွက် အမှန်တကယ် လုပ်ဆောင်နိုင်သူအား မဲပေးရွေးချယ်နိုင်ရန်အတွက် ရုပ်ရှင်လောကသား အချင်းချင်း တိုက်တွန်းနှိုးဆော်လျက်ရှိ နေကြပေသည်။ ဒါရိုက်တာ အကယ်ဒမီဝိုင်းကလည်း ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ယူဆချက်၊ အတွေးအမြင်များအား လူမှုကွန်ရက် စာမျက်နှာထက်တွင ်ရေးသားဖော်ပြထားသည်ကို တွေ့မြင်ရပါသည်။ အကယ်ဒမီ ဒါရိုက်တာဝိုင်းနှင့်တွေ့ဆုံဖြစ်သည့်အခိုက် ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲအပေါ် ထင်မြင်ယူဆမှုများကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - မကြာခင် လုပ်တော့မယ့် ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အစ်ကို့ရဲ့ အမြင်ကို အရင်သိချင်ပါတယ်။

ဖြေ - ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမှန်အတိုင်းပြောရရင် သိပ်အယုံအကြည်မရှိဘူး။ ရွေးကောက်ပွဲ တစ်ခုလုပ်တော့မယ်ဆိုရင် စာနယ်ဇင်း မီဒီယာတွေကတစ်ဆင့် လောကသားတွေအတွက် အသိပေး ရှင်းလင်းရတာပဲလေ။ အဲဒါကို အခုချိန်အထိမလုပ်ဘူး။ မဲပေးပုံ နည်းစနစ်တွေကလည်း ဆိုရှယ်လစ်စနစ်ကတည်းက ပြဋ္ဌာန်းလာခဲ့တာ အခုထိမှားနေတယ်။ အစည်းအရုံးဝင် ကတ်ပြားဆို တာကလည်း လောကသား မဟုတ်တဲ့သူတွေဆီမှာ အများကြီးတွေ့နေရတယ်။ ပြီးတော့ ဒီလူတွေဒီလူတွေချည်းပဲ ဖြစ်နေတဲ့အရာကလည်း နည်းမှန်လမ်းမှန် မဟုတ်ဘူးလို့ ယုံကြည်တယ်။ ဒီပွဲသည် တရားမျှတပြီး မျှတတဲ့စည်းမျဉ်းဥပဒေ အောက်မှာယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ အစ်ကိုတော့မြင်တယ်။

 

မေး - ကြားထဲမှာလည်း အချိန်လေးငါးရက်လောက် ရသေးတော့ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာဖို့ ဘာတွေဆက်လုပ်သွားမလဲ။

ဖြေ - အစ်ကိုတို့ကတော့ တောင်းဆိုနေတာပဲလေ။ ရွေးကောက်ပွဲကော်မရှင်က အစကတည်းက ပွင့်ပွင့်လင်းလင်း အသိမပေးဘူး။ သတင်းစာကနေ ကြေညာတာပဲရှိတယ်။ ပြီးတော့ ဒါရိုက်တာအလွှာမှာ ၁၇၅ ယောက်စာရင်း ရှိတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကို စစ်ခွင့်ပေးပါဆိုတာကို စစ်ခွင့်မပေးဘူး။ ရိုးသားမှုရှိတယ်ဆိုရင် အလွှာတိုင်းကို စာရင်းတွေကို စစ်ခွင့်ပေး သင့်တယ်။ မှားနေတယ်ဆိုရင်လည်း ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့တာဝန်ယူမှု၊ တာဝန်ခံမှုရှိသင့်တယ်။ စာနယ်ဇင်းရှင်းလင်းပွဲ မလုပ်ဘူးဆိုကတည်းက တစ်ခုခုကိုထိန်ချန်ချင်လို့ ဒါမှမဟုတ် ရွေးကောက်ပွဲကို စိတ်ပါဝင်စားမှု နည်းစေချင်လို့ ယူဆတယ်။

 

မေး - လက်ရှိမှာ ရွေးကောက်ခံမယ့်သူ စာရင်းလည်း ထုတ်ပြန်ထားပြီးပြီဆိုတော့ ပါဝင်ရွေးချယ်ခံမယ့်သူတွေနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်လဲ။

ဖြေ - အဓိက,ကတော့ ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေကိုပြင်ရမယ်။ အစ်ကိုတို့က ဖလင်ခေတ် မဟုတ်တော့ဘူး။ ဒစ်ဂျစ်တယ်ခေတ်ကို သွားနေပြီ။ ရုပ်ရှင်အစည်းအရုံးမှာ လက်ရှိ နေရာယူထားတဲ့သူအများစုက လောကသားတွေရဲ့ ဒုက္ခ၊ အခက်အခဲကို သေချာမသိသေးဘူး။ အဲဒီတော့ ဘာထူးမှာလဲ နေရာယူထားတာပဲ အဖတ်တင်တယ်လေ။ အဲဒီလိုဖြစ်နေတာပါ။ အဓိက,ကတော့ ရွေးကောက်ပွဲစည်းမျဉ်း ဥပဒေကိုပြင်ရမယ်။ ပြောနေတာလည်း သုံးလေးနှစ် ရှိနေပြီ။ ပြောရတာ တော်တော်ခက်ပါတယ်။

 

မေး - ရွေးကောက်ပွဲ လုပ်ဖြစ်တဲ့အခါ ရလာတဲ့ရလဒ်နဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လုပ်သွားမလဲ။

ဖြေ - ထွက်ပေါ်လာမယ့်ရလဒ်နဲ့ ပတ်သက်ပြီး အစ်ကိုတို့ ဆက်လက်ဆောင်ရွက်သွားမှာတွေတော့ ရှိပါတယ်။ ရုပ်ရှင် အစည်းအရုံးနဲ့ မပတ်သက်တော့ဘဲ လွတ်လပ်တဲ့ ရုပ်ရှင်လောကသားအနေနဲ့ ရပ်တည်တာမျိုးလုပ်မယ့်သူတွေလည်း ရှိတယ်။ အကယ်ဒမီလိုပွဲမျိုးကို ကန့်ကွက်တာမျိုး ဝိုင်းလုပ်တာမျိုးလည်း လုပ်လို့ရတာရှိတယ်။ ဥပမာပြောရရင် အစည်းအရုံးကလုပ်တဲ့ ရုပ်ရှင်သက် ကြီးပူဇော်ပွဲဆိုတာမျိုးကို ဘယ်သူမှမလာကြဘူး။ အဲဒီထဲက ယုံကြည်မှုဘယ်လောက် ကျဆင်းတယ်ဆိုတာ စဉ်းစားသင့်တယ်။

 

မေး - နယ်ထွက်ပြီး ဇာတ်ကားရိုက်နေတဲ့သူတွေ မဲပေးလို့ရအောင် ဆောင်ရွက်ပေးမယ် ဆိုတာနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - တကယ်တော့ ဒီလိုအချက်တွေက အရင်ကတည်းက ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ စဉ်းစားပြီးဆောင်ရွက်ထားသင့်တာ။ အခုလိုအချိန်ကပ်ပြီး လုပ်တော့ ဘယ်လိုစည်းကမ်းစည်းမျဉ်းတွေနဲ့ လုပ်ဆောင်တာလဲ။ ဒါကိုဘယ် သူမှနားမလည်နိုင်ဘူး။ ကိုယ်မဲပေးတာတစ်ယောက်၊ သူတို့ပြန်ထည့်တာ ၁၀ ယောက်ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ။ ဒါက စဉ်းစားစရာပါ။

 

မေး - အစ်ကိုကိုယ်တိုင်ရော မဲပေးဖြစ်မလား။

ဖြေ - အစ်ကို့အနေနဲ့တော့ ၅၀-၅၀ ပါပဲ။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘယ်လို ဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ပြီး မဲပေးသင့်၊ မပေးသင့် ဆုံးဖြတ်သွားပါမယ်။

 

မေး - အစည်းအရုံးရွေးကောက်ပွဲနဲ့ပတ်သက်လို့ အစ်ကို့ရဲ့ဝေဖန်မှုကို ဥက္ကဋ္ဌကိုလူမင်းက တုံ့ပြန်ထားတာလည်းရှိတော့ အဲဒီအပေါ် ဘာများပြောချင်သေးလဲ။

ဖြေ - ဘာပြောချင်လဲဆိုတော့ မဲပေးမှု ရာခိုင်နှုန်း ၅၀ မကျော်ရင် အသိအမှတ် မပြုဘူးဆိုတာကို ဘယ်စာအုပ်မှာမှ မဖတ်ဖူးဘူးလို့ ပြန်ရေးထားတာတွေ့ရပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲမှာ ညနေ ၄ နာရီခွဲကျော်မှ ရာခိုင်နှုန်း ၅၀  မကျော်လို့ သရုပ်ဆောင်တွေကိုခေါ်ပြီး မဲပေးခိုင်းခဲ့ရတာကို ဦးစိုးမိုး (ပန်းချီ စိုးမိုး) တို့၊ ဘဘ ဗိုလ်ကလေးတင့်အောင်တို့တော့ မှတ်မိကြမှာပါ။ ကိုလူမင်းက ဥက္ကဋ္ဌဖြစ်သွားလို့ မေ့သွားရင်တော့လည်း မပြောတတ်ပါဘူး။

 

မေး - နိုဝင်ဘာ လလောက်ကစပြီး ရုံရှင် ကားရှင် ညှိနှိုင်းရမယ့် စနစ်သစ်ကို ဘယ်လိုမျှော်လင့်ထားလဲရှင့်။

ဖြေ - အစ်ကိုကတော့ ဒီလိုပြောင်းလဲမှုက ကောင်းတယ်လို့လက်ခံတယ်။ ယှဉ်ပြိုင်မှုရှိလာရင် ခံစားရမှာက ပရိသတ်ပဲလေ။ ယှဉ်ပြိုင်မှုရှိတဲ့အတွက် အရည်အသွေး တိုးတက်လာမယ်လေ။ ပရိသတ်က သူတို့ပေးတဲ့ပိုက်ဆံ၊ အချိန်တွေနဲ့ထိုက်တန်တဲ့ ဇာတ်ကားမျိုးတွေ ကြည့်ခွင့်ရလာမှာပါ။

 

မေး - ဇာတ်ကား အရည်အသွေးကိုကြည့်ပြီး ရုံတင်ခွင့်ပေးမှာဖြစ်တဲ့အတွက် တချို့ဇာတ်ကားတွေ အတွက်ရော အခက်အခဲ ဖြစ်သွားနိုင်လား။

ဖြေ - ဒါကတော့ စီးတီးမတ်မှာ ငရုတ်သီးကြော် ရောင်းချင်တယ်ဆိုရင် သူတို့ သတ်မှတ်တဲ့ အရည်အသွေးပြည့်မီရပါမယ်။ မပြည့်မီပဲနဲ့တော့ ရောင်းချင်လို့ မရပါဘူး။ အဲဒီလိုပါပဲ ဇာတ်ကား အရည်အသွေးပြည့်မီရင်တော့ ရုံတင်ပြသခွင့် ရမှာပါပဲ။