အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန် ပြုတ်ကျပြီးနောက် ၁၅ နှစ်အကြာ၌ အီရတ်စစ်တပ် ရင်ဆိုင်နေရသော ပြဿနာ

အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန် ပြုတ်ကျပြီးနောက် ၁၅ နှစ်အကြာ၌ အီရတ်စစ်တပ် ရင်ဆိုင်နေရသော ပြဿနာ
Published 8 April 2018

ဧပြီ ၆ ရက်က အီရတ်မြို့တော် ဘဂ္ဂဒက်ရှိ တဟီရာရင်ပြင်ကို ရိုက်ကူးထားစဉ် (Photo: AFP)

အီရတ်တပ်များက IS ဂျီဟတ်များအား နှိမ်နင်းနေရစဉ် ဗိုလ်ချုပ်ဟောင်း အဗ္ဗဒယ်ကာရင်ခါလစ်သည် ရဲဘော်ရဲဘက်ဟောင်းအချို့ကို တိုက်ခိုက်နေရသည့် ဝမ်းနည်းဖွယ် အခြေအနေကို ကြုံနေရသည်။ ဥမင်များတူးမှုမှသည် အကာအကွယ်များ တည်ဆောက်မှုအထိ IS ဂျီဟတ်များက အသုံးချခဲ့သည့် နည်းဗျူဟာများသည် အာဏာရှင်ဆက်ဒမ်ဟူစိန် လက်ထက်က အီရတ်စစ်တပ်ဟောင်း၏ လက်စွဲစာစောင်မှ နည်းစနစ်များကို ခိုးချထားခြင်းဖြစ်သည်။

“သူတို့က စစ်တပ်ကနေ ကျွမ်းကျင်မှုတွေနဲ့ နည်းစနစ်တွေကို အမွေဆက်ခံရရှိခဲ့တယ်။ သူတို့က ကျွန်တော်တို့ကို သိထားတယ်” ဟု အငြိမ်းစားတပ်မှူးခါလစ်က ပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သော တပ်များက ပြီးခဲ့သည့် ၁၅ နှစ်ခန့်က ၂၀၁၃ ခုနှစ်တွင် အီရတ်ကို ကျူးကျော်ဝင်ရောက်ပြီး ဆက်ဒမ်ကို ဖြုတ်ချခဲ့ချိန်၌ အီရတ်လူမှုပတ်ဝန်းကျင်အား အပိုင်းပိုင်းအစစ ခွဲထုတ်ခဲ့ပြီး အီရတ်လက်နက်ကိုင်တပ်ဖွဲ့အောက်၌ ထမ်းဆောင်နေသူများအကြား သစ္စာခံမှုကို ချိုးဖျက်ပစ်ခဲ့သည်။ ယင်းအချိန်က တိုက်ခိုက်သိမ်းပိုက်မှုဆိုင်ရာ အမေရိကန်အာဏာပိုင်အဖွဲ့ခေါင်းဆောင် ပေါဘရမ်မာက ပထမဆုံးချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်မှာ နိုင်ငံတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ အားလုံးကို ဖျက်သိမ်းရန်ဖြစ်သည်။

ဖျက်သိမ်းခဲ့သော အီရတ်စစ်တပ်၊ ရဲနှင့် ထောက်လှမ်းရေးအေဂျင်စီများမှ အဖွဲ့ဝင်အများအပြားက ၎င်းတို့အား ပြန်လည်တိုက်ခိုက်သည့် လှုပ်ရှားမှုများ၌ ပူးပေါင်းခဲ့ချိန်တွင် ထိုအငြင်းပွားဖွယ် ဆုံးဖြတ်ချက်က အမေရိကန်ဦးဆောင်သော တပ်များကို ပြန်လည်ခြောက်လှန့်နေမည်ဖြစ်သည်။

IS ထိပ်တန်းခေါင်းဆောင်များ

ဆက်ဒမ်လက်ထက် စစ်တပ်မှ ဆက်ခံရရှိသည့် ကျွမ်းကျင်မှုများသည် ပုန်ကန်တိုက်ခိုက်မှုများအတွက် အလွန်အမင်း အရေးပါခဲ့ကြောင်း အရှေ့အလယ်ပိုင်းရေးရာ အင်စတီကျုမှ အီရတ်ကျွမ်းကျင်ပညာရှင် ဖန်နာဟက်ဒတ်က ပြောကြားခဲ့သည်။ IS ဂျီဟတ်အဖွဲ့က ၂၀၁၄ ခုနှစ်တွင် အီရတ်တစ်ဝန်းနှင့် ဆီးရီးယားမြောက်ပိုင်းတို့ကို စီးနင်းတိုက်ခိုက်ချိန်၌ အီရတ်လုံခြုံရေး တပ်ဖွဲ့ဟောင်းများထံမှ ရရှိခဲ့သော ယင်းဗဟုသုတများက တွန်းလှန် တိုက်ခိုက်မှုများထံ ရောက်ရှိခဲ့ချိန်တွင် ကြီးစွာသော အပျက်အစီးများကို ဖြစ်စေခဲ့သည်။

IS အဖွဲ့၏ခေါင်းဆောင်များ ထဲတွင် နယ်မြေများအား တိုက်ခိုက်သိမ်းယူရန်နှင့် ကိုယ့်ကိုယ်ကိုယ် မွတ်စလင်ပိုင်နက်အဖြစ် ကြေညာထားသည့်ဒေသများကို အုပ်ချုပ်နိုင်ရန် လေ့ကျင့်ပေးခဲ့ကြသည့် ဆက်ဒမ်စစ်တပ်မှ ဝါရင့်များ ပါဝင်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် အီရတ်မြောက်ပိုင်းရှိ မိုဆူးမြို့အနီး လေကြောင်းတိုက်ခိုက်မှု၌ သေဆုံးခဲ့ရသည့် IS ခေါင်းဆောင် အဘူဘကာအယ်ဘဂ္ဂဒါဒီ၏ ဒုတိယတပ်မှူးဖြစ်သူသည် အီရတ်ရီပက် ဘလီကင်အစောင့်တပ်၏ အဖွဲ့ဝင်ဟောင်း ဖာဒယ်အာမက်အယ်ဟာ ယာလီဖြစ်ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။ ဘဂ္ဂဒါဒီ၏လက်ထောက်ဖြစ်သူ ဖာဒယ်အာမက်အယ် ဟာယာလီသည် အီရတ်နှင့် ဆီးရီးယားတို့အကြား လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများ၊ ယာဉ်များနှင့် လူများကို ပေးပို့၊ လွဲှပြောင်းရာတွင် တာဝန်ရှိသည်။

နောက်ထပ်ဝါရင့်တစ်ဦးမှာ IS အဖွဲ့၏ အရေးပါဆုံး မဟာဗျူဟာချမှတ်သူဟု ဂျာမန်အပတ်စဉ် နိုင်ငံရေးမဂ္ဂဇင်း Der Spiegel က သတ်မှတ်သည့် ဆမီယာအက်မူဟာ မက်အယ်ခါလီဖာဝီဖြစ်သည်။ အမည်ပြောင်ဟာဂျီဘကာဟုလည်း ခေါ်သည့် လေတပ်ထောက်လှမ်းရေး တာဝန်ရှိသူဟောင်းသည် ဆီးရီးယား မြောက်ပိုင်းအား IS အဖွဲ့က ထိန်းချုပ်နိုင်ရန် အစီအစဉ်များအတွက် ကူညီပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆီးရီးယားသူပုန်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။

IS အဖွဲ့က ၎င်းတို့၏စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့များအား ဆက်ဒမ်ခေတ် လူဟောင်းများနှင့် ဖြည့်ဆည်းနေချိန်တွင် အထက်ပါ ဝါရင့်များသည် သီးခြားကင်းလွတ်မနေခဲ့ကြောင်း ဂျီဟတ်များ၏ လှုပ်ရှားမှုများဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ ဟီရှမ်အယ်ဟာ ရှီမီက သုံးသပ်ခဲ့သည်။

၎င်းတို့၏လှုပ်ရှားမှုများအား ကြိုတင်မျှော်မှန်းမှု

အီရတ်အစိုးရက IS အဖွဲ့အား နှိမ်နင်းသည့် အလွန်ခက်ခဲသော စစ်ဆင်ရေးကို ဆင်နွှဲခဲ့ချိန်တွင် ယခင်အစိုးရမှ တာဝန်ရှိသူများကိုသာ အလွန်အမင်း အားထားခဲ့ရသည်။ အီရတ်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့များ၏ခေါင်းဆောင်များ အပါအဝင် အဓိကတပ်မှူးများသည် ၂၀၀၃ ခုနှစ်က အမေရိကန်၏ ကျူးကျော်မှုအပြီး ဖွဲ့စည်းခဲ့သော အဖွဲ့များ၌ ပြန်လည်ထည့်သွင်းခံခဲ့ရသည့် စစ်သားဟောင်းများ ဖြစ်သည်။

အမေရိကန်ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်း၏ လေကြောင်း ထောက်ကူပေးမှုဖြင့် အီရတ်တပ်များသည် ဆယ်စုနှစ်များအတွင်း ကမ္ဘာ့အပြင်းထန်ဆုံး မြို့ပြစစ်ပွဲအချို့ကို တိုက်ခိုက်အပြီးတွင် ဂျီဟတ်များအား ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။ ဘက်နှစ်ဖက်အကြား အခြေခံတူညီမှုများက ဘဂ္ဂဒက်အတွက် အဓိကအားသာချက်ဖြစ်ခဲ့ပြီး ပြီးခဲ့သောနှစ်ကုန်ပိုင်းတွင် IS အဖွဲ့ကို အနိုင်ရခဲ့ပြီဟု ကြေညာနိုင်ခဲ့သည်။ “ဆက်ဒမ်ဟူစိန်ရဲ့ အထူးတပ်ဖွဲ့တွေရဲ့ နည်းစနစ်တွေကို IS တွေက သုံးထားတာကိုသိပြီး ကြိုတင်ပြင်ဆင်ထားနိုင်လို့ အီရတ်စစ်တပ်က အနိုင်ရခဲ့တာပါ” ဟု ဟာရှီမီက ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များ ပြန်လည် ရှင်သန်မှာလား

IS အဖွဲ့အား နှိမ်နင်းခဲ့မှုသည် ၂၀၁၄ ခုနှစ်တွင် ဂျီဟတ်များက ပထမဆုံးအကြိမ် ထိုးစစ်ဆင်ခဲ့သည့် အချိန်၌ ကစဉ့်ကလျားဖြစ်ခဲ့သော အီရတ်တပ်ဖွဲ့ဝင်များအတွက် အလှည့်အပြောင်းတစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသည်။ ရက်စက်ကြမ်းကြုတ်သော ထိုတိုက်ခိုက်မှုများသည် ဆက်ဒမ်ဖြုတ်ချခံခဲ့ရပြီးနောက် ၁၅ နှစ် အကြာတွင် စွမ်းဆောင်ရည်များ ထက်မြက်စေရန်အတွက် နောက်ဆုံး စမ်းသပ်ခံနေရာဖြစ်လာသည်။

“အီရတ်တပ်တွေက တိုက်ပွဲရဲ့ သဘောသဘာဝနဲ့ နယ်မြေအနေအထားကို ကောင်းကောင်းသိထားတယ်။ ရန်သူတွေက ဘယ်လိုတိုက်ခိုက်တာကို ကျွန်တော်တို့က နားလည်ထားတယ်။ အဲဒါတွေ အကုန်လုံးက စစ်တပ်ကနေ ဆည်းပူးထားတဲ့ အလိုအလျောက် တုံ့ပြန်မှုကနေလာတယ်” ဟု ဗိုလ်ချုပ်ဟောင်းခါလစ်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent