ယာကူဇာဆေးမင်ကြောင်နှင့်ဓာတ်ပုံ အွန်လိုင်း၌ပျံ့နှံ့ခဲ့ပြီးနောက် ဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ၌ ဖမ်းမိ

ယာကူဇာဆေးမင်ကြောင်နှင့်ဓာတ်ပုံ အွန်လိုင်း၌ပျံ့နှံ့ခဲ့ပြီးနောက် ဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ၌ ဖမ်းမိ
Published 12 January 2018

ဇန်နဝါရီ ၁၀ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့်ဓာတ်ပုံ၌ ဂျပန်ယာကူဇာ ဂိုဏ်းခေါင်းဆောင်ဟောင်း ရှီဂေဟာရုရှီရာအိ(လယ်)အား တွေ့ရစဉ် (Photo: AFP)

ဆေးမင်ကြောင်များနှင့် လက်သန်းတစ်ချောင်း ပြတ်နေသည့် ဂျပန် ယာကူဇာဂိုဏ်း ခေါင်းဆောင်ဟောင်း၏ပုံ အွန်လိုင်း၌ ပျံ့နှံ့ခဲ့ပြီးနောက် သူ့အား ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိသောကြောင့် သူ၏ ၁၄ နှစ်ကျော် ထွက်ပြေး တိမ်းရှောင်နေမှု အဆုံးသတ်သွားပြီဖြစ် ကြောင်း သိရသည်။

ဝရမ်းပြေး ရှီဂေဟာရုရှီရာအိ (၇၂ နှစ်) ကို ဇန်နဝါရီ ၁၀ ရက်က ထိုင်းနိုင်ငံအလယ်ပိုင်းရှိ စည်ကားခြင်း မရှိသော ဈေးမြို့ကလေး ဖြစ်သည့် လော့ပူရီတွင် ဈေးဝယ်ထွက်နေစဉ် SWAT တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ်က ဂျပန်နိုင်ငံတွင် ပြိုင်ဘက်တစ်ဦးအား ပစ်သတ်ခဲ့မှုနှင့်ပတ်သက်၍ ဂျပန်အာဏာပိုင်များက သူ့အား အလိုရှိနေ ခြင်းဖြစ်သည်။ သူသည် ပြစ်မှုကျူးလွန်ပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို လက်ထပ်ကာ ငြိမ်းချမ်းသည့် အငြိမ်းစားတစ်ဦးအဖြစ် ဘဝပြောင်းကာ နေထိုင်ခဲ့သည်။

လမ်းဘေး၌ ကျားထိုးနေသည့် လူကောင်သေးသေး အားနည်းချည့်နဲ့နေပုံရသည့် သူ၏ဓာတ်ပုံအချို့ကို ထိုင်းဒေသခံတစ်ဦးက အွန်လိုင်းတွင် တင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါပုံများတွင်  သူ၏ ဂိုဏ်းနှင့်ဆိုင်သော ရှုပ်ထွေးအနုစိတ်သည့် ဆေးမင်ကြောင်များနှင့် လက်သန်းတစ်ဖက်ပြတ်နေသည်ကို အပြည့်အ၀ မြင်ရသည်။ ယာကူဇာဂိုဏ်းသားများသည် ကျူးလွန်ခဲ့မှု တစ်ရပ်အတွက် ပြန်လည်ပေးဆပ်သည့်အနေဖြင့် လက်ချောင်းထိပ်ကို ဖြတ်ပစ်တတ်သည့် အလေ့အထတစ်ရပ်ရှိသည်။

သူ၏ ဓာတ်ပုံများကို အွန်လိုင်းတွင် အကြိမ်ပေါင်း ၁၀,၀၀၀ ကျော် Share ကြပြီးနောက် ဂျပန်ရဲတပ်ဖွဲ့က သတိပြုမိသွားကာ ထိုင်းအာဏာပိုင်များထံ ဖမ်းဆီးပေးရန် တောင်းခံခဲ့ခြင်းဖြစ်သည်။

ယာကူဇာဂိုဏ်းများသည် စစ်ပြီးခေတ် ဂျပန်နိုင်ငံ၏ ဗရုတ်ဗရက်ကိစ္စများ၌ ပါဝင်ကာ ဒေါ်လာဘီလျံပေါင်းများစွာ ချမ်းသာသည့် ဒုစရိုက်အဖွဲ့အစည်းများအဖြစ် ပေါ်ထွက်လာခဲ့သည်။ အဆိုပါဂိုဏ်းများသည် လောင်းကစားခြင်း၊ မူးယစ်ဆေးကုန်သွယ်ခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခြင်းတို့မှသည် ငွေတိုးချေးစားခြင်း၊ တရားမဝင်သည့်လုပ်ငန်းများလုပ်ကိုင်နေသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များနှင့် အစိုးရ အရာရှိကြီးများအတွက် ပြစ်မှုကျူးလွန်ပေးခြင်းတို့အထိ ဒုစရိုက်မှုပေါင်းစုံ၌ ပါဝင်ခဲ့သည်။

ယာကူဇာဂိုဏ်းသားများကို လမ်းများပေါ်၌ အမိန့်အာဏာထိန်းသိမ်းရန်နှင့် လုပ်ငန်းလျင်မြန်စွာ ပြီးမြောက်စေရေးအတွက် လိုအပ်သော မကောင်းဆိုးရွားများအဖြစ် ကာလရှည်ကြာစွာ သည်းခံခဲ့ကြရသည်။

အီတလီ မာဖီးယားဂိုဏ်းများ၊ တရုတ် ဒုစရိုက်ဂိုဏ်းများနှင့် မတူသည်မှာ ယာကူဇာဂိုဏ်းများသည် တရားမဝင် ပုန်းလျှိုးကွယ်လျှိုး မဟုတ်ဘဲ ရဲတပ်ဖွဲ့က အထင်အရှား မြင်နိုင် ကြည့်နိုင်သော ကိုယ်ပိုင်ဌာနချုပ်များ ရှိခြင်းပင်ဖြစ်သည်။

ရှီဂေဟာရုရှီရာအိသည် ပြိုင်ဘက်ဂိုဏ်း ခေါင်းဆောင်တစ်ဦးကို ပစ်သတ်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ယင်းပြစ်မှုအတွက် သူ၏အခြားဂိုဏ်းသား ခုနစ်ဦး ဖမ်းဆီးခံရကာ ထောင်ဒဏ် ၁၂ နှစ်နှင့် ၁၇ နှစ်အကြား အပြစ်ပေး ခံခဲ့ရသည်။

မသင်္ကာဖြစ်ခံရသူက လူသတ်မှုကို ဝန်ခံခြင်းမရှိသော်လည်း အသတ်ခံရသူသည် သူ့အား အနိုင်ကျင့်လေ့ရှိကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။