လူဦးရေ ခုနစ်သန်းကျော်အတွက် ဝန်ဆောင်မှုနဲ့ စီမံခန့်ခွဲမှုပြဿနာ

လူဦးရေ ခုနစ်သန်းကျော်အတွက် ဝန်ဆောင်မှုနဲ့ စီမံခန့်ခွဲမှုပြဿနာ
Published 10 September 2018

ရန်ကုန်မြို့ ကမ်းနားလမ်း ကားမှတ်တိုင်တစ်ခုတွင် ခရီးသည်များ YBS စောင့်ဆိုင်းနေသည့်မြင်ကွင်းကို သြဂုတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံ တစ်နိုင်ငံ၏ မြို့တော်သည် တိုင်းပြည်၏ ဂုဏ်သိက္ခာရှိမှု၊ စည်းကမ်း ရှိမှုနှင့်နေထိုင်ချင့်စဖွယ် ပုံရိပ်တစ်ခုဖြစ်သည်။

ထို့နည်းတူပင် မြန်မာနိုင်ငံ၏ အဓိကမြို့တော်ဖြစ်သော ရန်ကုန်မြို့သည် လူဦးရေတိုးတက်လာမှုနှင့်အတူ လူနေထိုင်မှု သိပ်သည်းသော မြို့တော်ဖြစ်သည်။ ရန်ကုန်မြို့ကို ခေတ်အဆက်ဆက်အစိုးရများက ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့ကြသည်။

ပြည်သူရွေးချယ်မှုဖြင့် တင်မြှောက်ထားသည့် NLD အစိုးရလက်ထက်တွင် ရန်ကုန်မြို့တော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုများ လုပ်ဆောင်နေသော်လည်း ပြည်သူအများမျှော်လင့်ထားသည့် မြို့တော်အင်္ဂါရပ်ကို ဖော်ဆောင်နိုင်ခြင်း မရှိသေးသည်ကို မြင်တွေ့နေရသည်။

ရန်ကုန်မြို့သည် ရှေးဟောင်းအမွေအနှစ်များဖြင့် စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေးမြို့တော်ကြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် တရုတ်နှစ်ကူးပွဲတွင် ပြောကြားထားသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရန်ကုန်မြို့တွင် နေထိုင်သည့် လူဦးရေသည် ၅ ဒသမ ၂ သန်းရှိသည်။ လူဦးရေထူထပ်မှုနှင့်အတူ အမှိုက်စွန့်ပစ်မှု၊ သန့်ရှင်းသော ရေရှိမှု၊ လမ်းစနစ်များအဆင်ပြေမှု၊ လမ်းတံတား တည်ဆောက်မှုများသည် အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိနေသည်။ အဆိုပါကိစ္စများကို ဖြေရှင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသည်။

၂၀၁၈ ဘဏ္ဍာနှစ်စာရင်းအရ ရန်ကုန်မြို့တွင် လူဦးရေ ၇ ဒသမ ၃ သန်းကျော်ရှိသည်။ လူဦးရေတိုးတက်လာပြီး စည်ပင်အသုံးစရိတ် မြင့်တက်လာသော်လည်း မြို့ပြသန့်ရှင်းမှုနှင့် လှပမှုများပျောက်ရှနေဆဲဖြစ်သည်။

■ ပြစ်မှု ပြစ်ဒဏ် အသစ်များနဲ့ စည်ပင်ဥပဒေသစ်

ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေကို ၂၀၁၈ ဇွန် ၂၅ ရက် နှင့် ၂၇ ရက်က ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေးတွင် ဥပဒေပါ အခန်း၊ အပိုဒ်ခွဲ၊ အပိုဒ်ခွဲ ငယ်များ၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဖြည့်စွက်ခြင်းများကို ဆွေးနွေးပြီး အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဇွန် ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ဥပဒေသစ်တွင် ဥပမာအားဖြင့် စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ပါက ပထမအဆင့်အနေ ဖြင့် ဒဏ်ကြေးသတ်မှတ်ပြီး လိုက်နာခြင်းမရှိဘဲ ဆောင်ရွက်မှုများရှိ နေပါက ဒုတိယအဆင့်အနေဖြင့် ထောင်ဒဏ်အထိ ချမှတ်နိုင်သည့် အချက်များ ထည့်သွင်းထားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေသစ်အား ယခုနှစ် အောက်တိုဘာလမှစ၍ ကျင့်သုံး တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောကြားထားသည်။

“ဥပဒေအသစ်မှာ ထူးခြားတာကတော့ မလိုက်နာလို့ရှိရင် တချို့ဥပဒေမှာ ထောင်ဒဏ်တွေ ပါလာတယ်။ ဥပမာ စည်ပင်သာယာပိုင်တဲ့မြေနေရာတွေကို ကျူးကျော်ဆောက်လုပ်လို့ရှိရင် ဒဏ်ကြေးကသုံးသိန်းကနေ သိန်း ၃၀ လောက်အထိဖြစ်တယ်။ ပြီးလို့ရှိရင် မလိုက်နာဘူး ထပ်ကျူးလွန်ရင် ထောင်ဒဏ်ခြောက်လ ဆိုတာပါတယ်။ အဲဒီလိုမျိုးပဲ ဘော်ဒါဆောင်တွေကို ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်လို့ရှိရင် ဒဏ်ငွေတွေများလာတယ်။ သုံးသိန်းကနေ ၁၅ သိန်း အထိများလာတယ်။ အဲဒါမလိုက်နာလို့ ထပ်ကျူးလွန်ရင် ထောင်ဒဏ် ခြောက်လဆိုတာ ပါလာတယ်” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး ကဆိုသည်။

စည်ပင် ဥပဒေသစ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ စည်းကမ်းမဲ့ အညစ်အကြေးစွန့်ပစ်ခြင်း၊ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းများကို ငွေဒဏ်အဖြစ် သတ်မှတ်ထားသည်။ ယင်းကဲ့သို့ ဆောင်ရွက်မှုများကို ငွေဒဏ်အပြင် လူမှုရေး ပြစ်ဒဏ်များပါချမှတ်သင့်ကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် မလွင်မာက ပြောကြားသည်။

“ငွေဒဏ်လောက်နဲ့ဆို လူတွေက သိပ်လိုက်နာမှာ မဟုတ်ဘူး။ ထိရောက်တဲ့ လူမှုရေးပြစ်ဒဏ်တစ်ခုခုပါ ဥပဒေထဲထည့်ထားရင် လူတွေစည်းကမ်းမဲ့တော့မှာ မဟုတ်ဘူး”  ဟု မလွင်မာက ပြောကြားသည်။

လက်ရှိအချိန်တွင် စည်ပင်သာယာဥပဒေသစ်တွင် ပါရှိသည့် အချက်များအား ပြည်သူများသိရှိ နိုင်ရန်အတွက်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း အသိပညာပေးခြင်းများ လိုက်လံဆောင်ရွက်နေသည်။

“ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး စည်ပင်သာယာဥပဒေကို လိုက်လံရှင်းပြတာတွေ လုပ်နေတယ်။ ဒါက အစဉ်အလာမရှိခဲ့ဘူး။ ဒီလိုမျိုး လူထုကို အလေးအနက်ထားပြီး လိုက်ရှင်းပြတာမျိုးတွေ မရှိခဲ့ဘူး” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်ကပြောကြားသည်။

“အစ်ကိုတို့ကတော့ အစပိုင်းတော့ ရှင်းလင်းပြောကြားပေးလို့ရ မယ်။ နောက်ပိုင်းမှာ အရေးယူမှု ဆောင်ရွက်မှုအပိုင်း ထိပ်တိုက်တွေ့ ရမယ့်အပိုင်းတွေက စည်ပင်သာယာဝန်ထမ်းတွေနဲ့  ဥပဒေအတွင်း သက်ရောက်နေတဲ့ ဈေးရောင်းတဲ့သူတွေ မြေနေရာကျူးကျော်တဲ့သူတွေ၊ စည်းမဲ့ကမ်းမဲ့အမှိုက်ပစ်တဲ့ သူတွေပေ့ါ။ လူထုကတော့ စည်ပင်သာယာဥပဒေကို ၅၀ ရာခိုင်နှုန်း ကျော်ကျော်က လိုက်နာဆောင် ရွက်ရင် ရန်ကုန်က ကောင်းတဲ့အနေအထားတစ်ခုကိုရမယ်။ ဘာဖြစ်လို့ အဲဒီလိုပြောရလည်း တကယ်ပဲ ပျက်ယွင်းနေပြီ။ မော်တော်ကား လမ်းကူးတာကအစ လူတွေကတံတားပေါ်က မကူးဘူး အောက်က ကူးတယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

■ စည်ပင်ရွေးကောက်ပွဲ ဘယ်အချိန်စတင်နိုင်မလဲ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေပြင်ဆင်သည့် နည်းဥပဒေအား ၂၀၁၆ ခုနှစ် မေ ၁၇ ရက် တွင် လက်ရှိမြို့တော်ဝန်ဦးမောင် မောင်စိုးက ရွေးကောက်ခံစည်ပင်ကော်မတီဝင်သုံးဦးနှင့်ခရိုင်၊ မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၁၁၅ ဦးကို လုပ်ငန်းတာဝန်မှ ရပ်စဲကြောင်း အမိန့်ကြော်ငြာစာတစ် စောင်ထုတ်ပြန်ခဲ့သည့်အချိန်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ထိုအချိန်မှစ၍ ပြည်သူရွေးသော စည်ပင်ကော်မတီဝင်များ ပျောက်ရှသွားကာ အစိုးရရွေးချယ်သော ကော်မတီဝင်များနှင့်သာ လုပ်ဆောင်နေသည်မှာ ယနေ့တိုင် ဖြစ်သည်။မည်သည့်အချိန်မှ လုပ်နိုင်မည်ကို အတိအကျ မသိရသေးသော်ငြား အစိုးရ သက်တမ်းကုန် ဆုံးတော့မည်ဖြစ်သလို ဦးသိန်းစိန် လက်ထက်လုပ်ဆောင်ခဲ့သလို သက်တမ်းကုန်လုချိန်မှ ကျင်းပမည့်အခြေအနေလည်း ဖြစ်သွားနိုင်သည်။

လက်ရှိအချိန်တွင် စည်ပင်သာယာ ကော်မတီဝင်များအား ပြည်သူများက ရွေးချယ်နိုင်ရန်အတွက် ဥပဒေအသစ်တွင် ထည့်သွင်းထားသည်။ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီတွင် မြို့တော်ဝန်သည်ဥက္ကဋ္ဌဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ ကော်မတီဝင်လေးဦးအား ခန့်အပ်တာဝန်ပေးမည်ဖြစ်ပြီး မြို့တော်နယ်နမိတ်အတွင်း ရွေးကောက်တင်မြှောက်ခံရမည့် ကော်မတီဝင် အရေအတွက်သည် ခြောက် ဦးဖြစ်သည်။

ရွေးကောက်တင်မြှောက်ခြင်းခံရသော ကော်မတီဝင် ခြောက်ဦးအနက်မှတစ်ဦးအား ဒုတိယမြို့တော်ဝန်အဖြစ် ကော်မတီဝင် ၁၁ ဦးက လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ရမည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေသစ်တွင် အစိုးရအ ဖွဲ့သည် ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များ ရွေးကောက်တင်မြှောက်နိုင်ရန်အ တွက် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းရမည်။ ကော်မရှင်သည် စည်ပင်သာယာရွေးကောက်ပွဲများ ကျင်းပရေးအတွက် မြို့တော်နယ်နိ မိတ်အတွင်းရှိ မြို့နယ်များအလိုက် မဲပေးပိုင်ခွင့်ရှိသူဦးရေအပေါ်မူတည်၍ မဲဆန္ဒနယ်မြေများကို သတ် မှတ်ရမည်။ ကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များကို ရွေးကောက်တင် မြှောက်ရာတွင် ရွေးကောက်ပွဲစတင်ကျင်းပသည့်နေရပ်၌ အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေအရ သတ်မှတ် ထားသည့် အရည်အချင်း ပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးခွင့် ရှိသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသောနိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ရွေးကောက်ပွဲတစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ကိုယ်စားလှယ်လောင်းတစ်ဦးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဝင်ကိုယ်စားလှယ်လောင်းသုံးဦးကို ဆန္ဒမဲတစ်မဲသာပေးပိုင်ခွင့်ရှိပြီး လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကို ကျင့်သုံးရမည်ဟု ဖော်ပြထားသည်။

“အရင်စည်ပင်သာယာဥပဒေမှာ ဘယ်ကာလမှာ စည်ပင်သာယာ ရွေးကောက်ပွဲလုပ်ရမယ်ဆိုပြီး မပါခဲ့ဘူး။ အခုဥပဒေသစ်မှာ အစိုးရဖွဲ့ပြီးသည်နှင့် နောက်နေ့မှ စတင်ကာ ရက်ပေါင်း ၉၀ အတွင်းရွေး ကောက်ပွဲလုပ်ရမယ်ဆိုပြီး ဥပဒေမှာ ပြဋ္ဌာန်းလိုက်နိုင်တယ်။ အားနည်းချက် ချို့ယွင်းချက်တွေ အနည်းငယ်တော့ရှိနိုင်တယ်။ စည်ပင်သာယာဥပဒေက ၂၀၀၈ ဖွဲ့ စည်းပုံလောက်ပြင်ရမခက်ခဲနိုင်ဘူး။ လူ့ အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေမရှိနိုင်ဘူးဆိုရင် ပြင်ဆင်နိုင်တယ်။ အရင်တုန်းက တစ်အိမ်ထောင်ကို မဲတစ်မဲပဲပေးလို့ ရတာကနေ အခုဆိုရင် တစ်အိမ်ထောင်ကို ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရှိတယ်”  ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်ကပြောကြားသည်။

၂၀၁၈ စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဟိုတယ်ခရီး၊ အဆောက်အအုံကိစ္စ ပြည်သူ့စကားဝိုင်းနှင့် စည်ပင်သာယာရွေးကောက်ပွဲ နည်းဥပဒေ (ဒုတိယ) မူကြမ်းနှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲများကျင်းပခြင်း အတွက် ရွေးကောက်ပွဲဆိုင်ရာ အချိန်ဇယားတစ်ရပ်အား ကြိုတင်သတ်မှတ်ထားရှိသင့်ကြောင်း၊ အဆိုပါအချက်အား ဥပဒေ၊ နည်းဥပ ဒေများတွင် သတ်မှတ်ပြဋ္ဌာန်းထားသင့်ကြောင်း၊ အထူးသဖြင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲများနှင့်ပတ်သက်ပြီး မြို့နယ်များတွင် သင့်လျော်သည့်အချိန်၌ ရွေးကောက်ပွဲကျင်းပသည့် ပုံစံမဟုတ်ဘဲ မြို့နယ်များအားလုံး တူညီသောလုပ်ငန်းစဉ်မူဘောင်အတွင်းရွေးကောက်ပွဲကျင်းပမည့် နေ့ရက်အပါအဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား သတ်မှတ်၍ ကြိုတင်ထုတ်ပြန်ကြေညာထားသင့် ကြောင်း စည်ပင်သာယာရေးကော်မတီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ထို့ပြင် လူတိုင်းမဲပေးခွင့်အား သေချာစေမည့် ပြုပြင်ပြောင်းလဲမှုများအား ရန်ကုန်နှင့် မန္တလေးမြို့ တော်စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲများအတွက် ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ကိုယ်စားလှယ်လောင်း (ကော်မတီဝင်လောင်း) အရည်အချင်းများတွင် ဒေသန္တရအဆင့်ရွေးကောက်ပွဲများ၌ လူငယ်လူရွယ်များပါဝင်ခွင့်ရရှိ စေရန် အသက်အရွယ်ကန့်သတ်ချက်အား လျှော့ချပေးသင့်ကြောင်း၊ ပိုင်းခြားသတ်မှတ်ရန် ခက်ခဲသော အခြားကန့်သတ်ချက်များလည်း ဖြေလျှော့ပေးသင့်ကြောင်း၊ ပိုမို ကောင်းမွန်သည့် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲများ ဖြစ်ပေါ်လာစေရန်အတွက် ဘက်မလိုက်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို အသိအမှတ်ပြုမှုလုပ်ငန်းစဉ်တစ်ရပ် ထား ရှိသင့်ပြီး ၎င်းတို့အား ဖိတ်ခေါ်သင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

■  စည်ပင်သာယာ ဆောင်ရွက်မှုများကို ပြည်သူတွေ စိတ်ကျေနပ်မှုရှိသလား

စည်ပင်သာယာ၏ ဆောင်ရွက်ရသည့် နယ်ပယ်သည်ကျယ် ပြန့်လှသည်။ အမှိုက်သိမ်းစနစ်၊ ရေမြောင်းစနစ်၊ လမ်းများ၊ လမ်းတံတားများ၊ မိလ္လာစွန့်ပစ်မှု စနစ်များကို ကိုင်တွယ်ဆောင်ရွက်ပေးနေရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီးအလင်းစေတမန်အဖွဲ့က ကောက်ယူထားသည့် ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၏ဌာနနှင့်သက်ဆိုင်သော လူထုသဘောထား စစ်တမ်းအစီရင်ခံစာတွင် အမှိုက်သိမ်းစနစ်အား ကောင်းမွန်သည်ဟုဖြေဆိုသူ ၁၁ ရာခိုင်နှုန်းရှိပြီး ၄၆ ရာခိုင်နှုန်းသည် ညံ့သည်ဟု ဖြေဆိုထားသည်။

ယင်းအပြင် ရေမြောင်းစနစ်ကောင်းမွန်သည်ဟု ဖြေဆိုသူ ၁၅ ရာခိုင်နှုန်းသာရှိပြီး အဆင်မပြေဟု ဖြေဆိုသူ ၆၄ ရာခိုင်နှုန်းရှိသည်။လမ်းများ၊ ပလက်ဖောင်းများ သန့်ရှင်း သပ်ရပ်မှုရှိပါသလားဟု မေးခွန်းတွင်လည်း သပ်ရပ်မှုရှိသည်ဟု ဖြေဆိုသူ ၁၃ ရာခိုင်နှုန်းသာရှိပြီး သပ်ရပ်မှုမရှိဟု ဖြေဆိုသူ ၆၅ ရာ ခိုင်နှုန်း အထိရှိပေသည်။

“စည်ပင်ကနေပြီးတော့ သုံးလတစ်ခါကောက်တယ်။ သုံးလကို ၁၃၅၀ ပေးရတယ်။ သန့်ရှင်းရေးခွန်ဆိုပြီး လာကောက်တယ်။ ဒါပေမဲ့ မိလ္လာစွန့်ပစ်ဖို့အတွက် စည်ပင်ကနေ မိလ္လာကား ခေါ်ရင် တစ်စီး ကို သုံးသောင်းလောက်ပေးရတယ်။ စည်ပင်ရဲ့ ဝန်ဆောင်မှုအပိုင်းမှာ ထင်သာမြင်သာရှိလာတာဆိုတဲ့ အမှိုက်သိမ်းတဲ့စနစ် တစ်ခုပဲရှိတယ်။ ကျန်တဲ့အပိုင်းကတော့ အရင်အတိုင်းပဲ” ဟု လှိုင်မြို့နယ်တွင် နေ ထိုင်သည့် ဦးမောင်နီက ပြောကြားသည်။

အချို့သော ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ထုံးလုပ်နည်းအဟောင်းများဖြင့်သာ လုပ်ကိုင်နေမှု များရှိနေပြီး ပြည်သူလူထုအား သစ္စာခံမှုမရှိကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဆိုသည်။

“အခုကတော့ နေရာကွက်ကွက်လေးကို ကြည့်လို့မရဘူး။ စည်ပင်မှ မဟုတ်ဘူး။ အခြားဌာနဆိုင် ရာတွေကိုလည်း အခုလက်ရှိအနေအထားကိုကြည့်ပြီး ဆုံးဖြတ်လို့မရဘူ။ ယခင်တည်ဆောက်ခဲ့တဲ့အ နေအထားကိုကြည့်မှရမယ်။ ဌာနဆိုင်ရာတွေမှာလည်း ဝန်ထမ်းဟောင်းအချို့က အရင်တုန်းက အတွေးအခေါ်အယူအဆ လုပ်ထုံး လုပ်နည်းအဟောင်းတွေနဲ့ လုပ်ကိုင်နေတာအဆင် မပြေဘူး။ သူတို့ က ပြည်သူလူထုကိုလည်း သစ္စာမခံဘူး။ သူတို့ သစ္စာခံတာက သူတို့တွေရဲ့ အကျိုးစီးပွားဒါကိုပဲ သစ္စာခံတယ်။ ဒါကတစ်ချက်ပေါ့၊ နောက်တစ်ချက်က တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ စနစ်သစ်ကိုလည်း လိုလားဟန်သိပ်မရှိဘူး။ အကြောင်းစုံ မသိနိုင်သေးတဲ့ လူထုက အားမလိုအားမရ ဖြစ်တာကတော့အမှန်ပဲ” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန် အောင်က ပြောကြားသည်။

နိုင်ငံတော်၏ လိုအပ်ချက်အရ လမ်းများတိုးချဲ့ပါက မီးတိုင်များကို ပြောင်းရွှေ့ခြင်း၊ ဆက်သွယ်ရေးကြိုးများ ပြောင်းရွှေ့ခြင်း၊ ရေပိုက်လိုင်းများ ပြောင်းရွှေ့ခြင်းများကိုလည်း ဌာနအချင်းချင်း ပူးပေါင်းမှုများမရှိခြင်းကြောင့် လုပ်အားခ ပစ္စည်းဝယ်ယူခများတွင် မလိုအားအပ်ဘဲ ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးနေသည်။

“နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ယခု အချိန်မျိုးတွင် သက်ဆိုင်ရာဌာနများက ဌာနချင်းချိတ်ဆက်သည့် အပိုင်းမှာ အလွန်အားနည်းနေသည်ကို တွေ့ရပါတယ်။ ဥပမာ လမ်းတစ်လမ်းကိုခင်းခြင်း၊ တိုးချဲ့ခြင်း လုပ်တဲ့အခါမှာ ၎င်းလမ်းရဲ့ သက်ဆိုင်ရာဌာနကလည်း ရေရှည် အကျိုးဖြစ်ထွန်းမှုကို မကြည့်ဘဲသူ့လမ်း ပြီးစီးရေးကိုတာ ဆောင်ရွက်နေတာတွေ့ရတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၄၇ ရက်မြောက်နေ့ တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးတင် ထွန်းနိုင်က ပြောကြားထားသည်။

“အခုလက်ရှိ ရန်ကုန်မြို့ တော်စည်ပင်ကို အစိုးရလက်ထက်ထဲက ပြည်သူလူထု ရွေးချယ်တင်မြှောက် ထားတဲ့ကော်မတီဝင် မရှိတော့တဲ့အတွက် အစိုးရခန့်ပဲရှိတဲ့အတွက် အဲဒီအချိန်ထဲက အားရကျေနပ်မှု မရှိခဲ့တာ ယနေ့အထိပဲ။ ဥပဒေအသစ်ရ ရွေးကောက်ပွဲလုပ်တော့မှာ ရွေးကောက်ပွဲပေါ်လာမှ ပြည်သူ လူထုရဲ့ကိုယ်စားတွေနဲ့ ကိုယ်စားလှယ်တွေထဲမှာလည်း ဒုတိယမြို့တော်ဝန်တစ်ယောက် ပါလာမှပဲ ပိုကောင်းမယ်ထင်ပါတယ်။ ဒီအချိန်ထိတော့စည်ပင်ကို သိပ်မကြိုက်ပါဘူး” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြို့နယ်တစ်ခုအတွင်း ရေကြီးရေလျှံစဉ် မျောပါလာသော အမှိုက်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

■ ရန်ကုန်တိုင်းတွင် အများဆုံးအသုံးပြုသည့် စည်ပင်ဘတ်ဂျက်

ရန်ကုန်တိုင်းအတွင်း အစိုးရမှ ရရှိသည့် အခွန်ငွေများအနက် ရန်ကုန်မြို့ တော်စည်ပင်သာယာ ရေးကော်မတီမှ ရှာဖွေမှုများသည် အများဆုံးဖြစ်သည်။ သို့သော် စည်ပင်မှ ပြန်လည်အသုံးပြုသည့် ငွေ သည်လည်း တိုင်းဒေသကြီးတွင် အများဆုံးဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း စည်ပင်မှ ရရှိသည့် အခွန်ရငွေနှင့် သုံးစွဲငွေများသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် ရငွေကျပ်ဘီလျံ ၂၇၉ ဒသမ ၃၅၈၈ ရှိခဲ့ပြီး သုံးငွေသည် ၂၈၄ ဒသမ၈၂၆ သန်းရှိခဲ့သည်။

ယင်းအပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စည်ပင်မှရငွေ ကျပ် ၂၃၄ ဒသမ ၈၁၉ ဘီလျံရှိခဲ့ပြီး သုံးငွေသည် ၂၃၄ ဒသမ ၈၁၉ ဘီလျံ ဖြစ်သဖြင့် ယင်းနှစ်တွင် ဘက်ညီ ဘတ်ဂျက်ဖြစ်ခဲ့ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရငွေကျပ် ၂၅၀ ဒသမ ၅၇၉ ဘီလျံသာရှိခဲ့သော်လည်း သုံးငွေသည်ကျပ် ၂၇၈ ဒသမ ၅၆၂ ဘီလျံအထိ အသုံးပြုခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာမှ ရငွေများသည် အဆောက်အအုံပုံစံစစ်ဆေးခ၊ အမည်ပြောင်းခ၊ ပရီမီယံကြေး၊ အခွန်ဌာန၏ လိုင်စင်အမည်ပြောင်းနှင့် လိပ်စာပြောင်းဝင်ငွေ၊ စီမံရေးရာဌာနတွင် အငှားချထားသောဆိုင်၊ မြေအမည်ပြောင်းခြင်း၊ လုပ်ငန်းပြောင်းခြင်းများအတွက် ဝန်ဆောင်ခများ၊ ဈေး များတွင် ယာဉ်ရပ်နားခများ၊ ပိုက်ဖောက်ခများ၊ ဌာနအသီးသီးမှ ပုံစံရောင်းရငွေများ၊ မြို့တော်သတင်းစာ ရောင်းရငွေများ၊ ကျန်းမာရေးဌာန၏ ဓာတ်ခွဲခန်းခဝင်ငွေများ၊ မြို့၊ မြေဌာန၏ မြေယာအမည် ပြောင်း၊ မြေဂရန်၊ ဂရန်သက်တမ်း တိုး ရငွေများ၊ အထူးဂရန်၊ ၃ (က) အမည်ပြောင်း၊ မြေအမည်ပေါက်၊ အိမ်တိုင်ရာရောက်၊ ဂရန်စာအုပ်ဖိုး၊ သုသာန်များတွင် သုသာန်ခုံငှားခ၊ ဗီဒီယိုရိုက်ခ၊ နိဗ္ဗာန်ယာဉ်ငှားခ၊ ခန်းမငှားခ၊ ကုလားထိုင်ငှားခ၊ စွန့်ပစ်မြေမြှုပ်ခ၊ အမှိုက်မီးရှို့ဒဏ်ကြေး၊ အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ် ထုတ်ပေးခရငွေ၊ အမှိုက်ပုံးရောင်းရငွေ၊ အခြားကုမ္ပဏီများမှ သယ်ယူလာသော အမှိုက်စွန့်ပစ်ခများ ပါဝင်သည်။

သုံးငွေများအနေဖြင့် ရေမြောင်းများ တူးဖော်ခြင်း၊ လမ်းများအသစ် ပြန်လည်ပြုပြင်ခြင်း၊ လမ်းများဖာထေးခြင်း၊ တံတားများဖောက်လုပ်ခြင်း၊ ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်း၊ အမှိုက်သိမ်းလုပ်ငန်းအတွက် ယာဉ်၊ယန္တရားများဝယ်ယူခြင်း၊ ရေဖြန့် ဖြူးရေးလုပ်ငန်းများအတွက် ပိုက်များဝယ်ယူခြင်း အစရှိသည်တို့တွင် ပြန်လည်အသုံးပြုခြင်းဖြစ်သည်။

စည်ပင်ဌာန၏ ရငွေနှင့် အသုံးစရိတ်များ၊ စီမံကိန်းများနှင့် ပတ်သက်ပြီးလူထုအနေဖြင့် သတင်းအချက်အလက်များ ရရှိဟူသော မေးခွန်းတွင် ဖြေဆိုသူ ခုနစ်ရာခိုင်နှုန်းသာရှိပြီး စည်ပင်ဘတ်ဂျက် ရေးဆွဲရာတွင်လည်း ပြည်သူများ ပါဝင်ခွင့်ရသလား ဟူသောမေးခွန်း တွင် ပါဝင်ခွင့်ရှိသည်ဟု ဖြေဆိုသူ လေးရာခိုင်နှုန်းသာရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ဌာနနှင့်သက်ဆိုင်သော လူထုသဘောထား စစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စည်ပင်မှ ရငွေနှင့် သုံးငွေ သည် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်သည့်အပြင် ပြည်သူများအား ဝန်ဆောင်မှုပေးရသည့် ဌာနတစ်ခုဖြစ်သဖြင့် ပြည်သူများ၏ လိုအပ်ချက်အား ယခု ထက်ထပ် မံဖြည့်တင်းပေးရန် လိုအပ်နေသည်။

■ စီမံမှုအလွဲတွေနဲ့ ကမ်းနားလမ်းညဈေးတန်း

ကမ်းနားလမ်း ညဈေးတန်းကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်များအတွင်းရှိ လမ်းမကြီးများတွင် ရောင်း ချနေသည့် ဈေးသည်များ ရောင်းချနိုင်ရန် ကျပ်သိန်း ၇၀၀၀ ခန့် အကုန်အကျခံပြီး ၂၀၁၆ နိုဝင်ဘာ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ညဈေးတန်းစတင်ဖွင့်လှစ်ခဲ့သည့်အချိန်တွင် ဈေးသည် ၁၅၀၀ ခန့် ရှိခဲ့သော်လည်း သွား လာရခက်ခဲခြင်း၊ ယာဉ်ကြောရှုပ်ထွေးသည့်နေရာဖြစ်သောကြောင့် စားသုံးသူများနည်းပါးသဖြင့် ဈေးသည်များ တဖြည်းဖြည်းလျော့ပါး ခဲ့ပြီး လက်ရှိအချိန်တွင် ဈေးသည် တစ်ရာကျော်ခန့်သာရှိသည်။

“ဖွင့်တဲ့အချိန်တုန်းကတော့ အရမ်းရောင်းကောင်းတယ်။ တဖြည်းဖြည်းနဲ့ လူကနည်းသွားတယ်။ စားသုံးသူတွေ သိပ်မရှိတော့ ဒီမှာ လာရောင်းချင်တဲ့သူတွေ မရှိဘူးလေ”  ကမ်းနားလမ်းညဈေးတွင် တရုတ် အစားအစာ ရောင်းချသည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါ ကမ်းနားလမ်းညဈေး အား ငွေကုန်ကျခံ ဆောင်ရွက်ခဲ့သော်လည်း မိုးတွင်းကာလတွင် ရေ ဝင်ရောက်မှုများကိုလည်း တားဆီးနိုင်ခြင်းမရှိခြင်း၊ မြို့တွင်း လေးမြို့ နယ်တွင် ပြန်လည်ရောင်းချနေသည့် ဈေးသည်များကိုလည်း ကမ်းနားလမ်းညဈေးတွင် ရောင်းချနိုင်ရန် စွဲဆောင်နိုင်ခြင်းမရှိသည့် အပေါ်တွင်လည်း ဝေဖန်မှုများမြင့်တက်နေသည်။

ထို့ပြင် ကမ်းနားလမ်းညဈေး၏ အနောက်ဘက်ခြမ်းတွင် ကုန်တင်ယာဉ်များသီးသန့်သွားရန် ဖောက်လုပ်ထားသည့် လမ်းမကြီး တစ်ခုရှိသည်။ အဆိုပါ လမ်းမကြီး နှင့်ညဈေးသည် ကပ်လျက်ဖြစ်နေ သဖြင့် ဈေးရောင်းချသူများအတွက် စိတ်ချမှုမရှိကြောင်း ဈေးသည်များ၏ ပြောကြားချက်အရ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်သည် ကုန်တင်ယာဉ်များ သီးသန့်သွားနိုင်ရန်ဖောက်လုပ်ထားသည့် လမ်း တွင် အရှိန်ပြင်းစွာမောင်းနှင်လာသည့် ကွန်တိန်နာယာဉ်တစ်စီးက ရန်ကုန်မြို့ ကမ်းနားလမ်းညဈေးရှိ ထမင်းဆိုင်တစ်ဆိုင်ကို   ဝင်တိုက်မိပြီး အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်အထိ ညဈေးသည် ပြည်သူ့ဘဏ္ဍာသိန်း ၇၀၀၀ ကျော် အလဟဿ ဖြုန်းတီးလိုက် သည့်အသွင်ဖြစ်နေပြီး ကျီးနှင့်ဖုတ်ဖုတ်ဖြစ်နေသော ညဈေးသည် မြို့တော်အင်္ဂါရပ်နှင့်မညီသည့် သန့် ရှင်းသပ်ရပ်မှုမရှိသော နေရာတစ်ခုအသွင်ဖြစ်လာကာ နောင်အခါ လုပ်ဆောင်မည့် ညဈေးများတွင် အခြားသော နိုင်ငံများမည်ကဲ့သို့ ညဈေးလုပ်သည်ကို လေ့လာရန် မီးမောင်းထိုး ပြနေသည်။

■ ရေကြီးရေလျှံမှုနှင့်လမ်းပျက်စီးမှုကို မထိန်းသိမ်းနိုင်သေးသည့် စည်ပင်

ရန်ကုန်တိုင်းတွင် မိုးရာသီ ကာလရောက်သည်နှင့် ကြုံတွေ့ နေသည့် ပြဿနာသည် ရေကြီးရေလျှံမှုပင် ဖြစ်သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ လက်ရှိ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွင်း ရန် ကုန်တိုင်းဒေသကြီး၏ လမ်း၊ တံတား၊ လျှပ်စစ်မီးနှင့်ရေရရှိရေးအသုံးစရိတ်များအရ လမ်းလုပ်ငန်းများအတွက် သုံးစွဲမှုများအနေဖြင့်  ၂၀၁၁-၂၀၁၂ ခုနှစ်ဘဏ္ဍာနှစ် အမှန်စာရင်းအရ ကျပ် ၁၂၃၅၆ ဒသမ ၄၀၂ သန်း၊ ၂ ၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာတွင် ကျပ် ၄၉၁၃၀ ဒသမ ၆၀၀ သန်း၊ ၂၀၁၃-၂၀၁၄ ခုနှစ် တွင် ကျပ် ၄၉၈၁၉ ဒသမ ၆၃၆ သန်း ၊ ၂၀၁၄- ၂၀၁၅ ခုနှစ်တွင် ကျပ် ၉၃၈၈ ၃ဒသမ ၅၀၆ သန်း၊၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျပ် ၉၇၈၈၇ ဒသမ ၃၀၈ သန်းသုံးစွဲခဲ့ကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်တိုင်းအတွင်း ရေကြီးရေလျှံမှု၊ သဘာဝဘေး အန္တရာယ်ရန်ပုံငွေနှင့် အဆောက်အ အုံများဘေးကင်းလုံခြုံစွာဆောင်ရွက်ရေးလုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ ၁၂၄ သန်း မှ ၇၇ သန်းအား ရေကြီးရေလျှံမှုအတွက် အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး က ၂၀၁၇ သြဂုတ် ၃၁ ရက်တွင် ပြုလုပ်သည့်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားထားသည်။

ရေကြီးရေလျှံမှုအတွက် အသုံးပြုမည့် ဒေါ်လာ ၇၇ သန်းသည် Down Town ခြောက်မြို့နယ်တွင် တိုက်ရိုက်အကျိုးခံစားရမည်ဖြစ်ပြီး အဆိုပါ မြို့နယ်များနှင့် ထိစပ်နေသည့် ဆိပ်ကမ်း၊ ဒဂုံ၊ အလုံ၊ ဗဟန်း နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များ သည်လည်း သွယ်ဝိုက်အကျိုးခံစား ခွင့်ရှိမည်ဖြစ်သည်။

သို့သော် ရန်ကုန်မြို့အတွက် ရေကြီးရေလျှံမှုနှင့် လမ်းတံတားများ ပြုပြင်ရန်သုံးစွဲသည့်ဘတ်ဂျက်ငွေ နှင့် ချေးငွေများပြားသော်လည်း လက်ရှိတွင် အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။

ရေကြီးရေလျှံမှုမဖြစ်ပွားစေရန် ရန်ကုန်တိုင်းအတွင်းရှိ မြစ်၊ ချောင်းများအား ရေထိန်းတံခါးများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၈ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ထို့ပြင် ရန်ကုန်မြို့အတွင်း ရေနုတ်မြောင်းများကို ပြုပြင်ရမည်ဖြစ်ကြောင်း၊ JICA  နှင့် ဆောင်ရွက်မှု များပြုလုပ်နေကြောင်း၊ ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ ၇၈ သန်း၊ ပြည်ထောင်စုအစိုးရက မြို့တော် စည်ပင်သာယာအား ချေးငွေစနစ်တစ်ခုဖြင့် ပြင်ဆင်နေကြောင်း၊ ရေနုတ်မြောင်းများ ပြင်ဆင်နိုင်ပါက ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုကို ထိန်းနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

■ မန္တလေးစည်ပင်ကို အတုယူသင့်သည့် ရန်ကုန်စည်ပင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို နှိုင်းယှဉ်မည်ဆိုပါက မန္တလေးမြို့တော်ဝန်သည် ပြည်သူများ၏ လိုအပ်ချက်ကို အစဉ်အမြဲစောင့်ကြည့်ကာ ဖြည့်ဆည်းမှုများလုပ်ဆောင်ပေးနေသဖြင့်  ပြည်သူများအကြားတွင် အမှတ်ကောင်း ရရှိနေသူတစ်ဦးဖြစ်သည်။ ရန်ကုန်မြို့တော်ဝန်သည်ကား ရှိမှန်းပင်မသိရလောက်အောင် တိတ်ဆိတ်နေသည်ဟု သုံးသပ်မှုများရှိနေသည်။

မန္တလေးစည်ပင်ကလုပ်ဆောင်ချက်များထဲမှ လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် မန္တလေးမြို့တော်အတွက် သန့်စင်သော ရေရရှိနိုင်ရန် ဧရာဝတီမြစ်ရေကို စုပ်ပြီး  ပြန်လည်သန့်စင်ကာ မြို့အတွင်း ပြန်လည် ဖြန့်ဝေသည့် ရေသန့်စက်တစ်လုံး တပ်ဆင်ခဲ့သည်။

ထို့ပြင် ပြည်သူများ အနားယူအပန်းဖြေနိုင်ရန်အတွက် မန္တလေး ကျုံးတွင်အလှဆင်ခြင်းများပြုလုပ် ခဲ့သည်။ရေစီးရေလာကောင်းမွန်စေရန်အတွက်လည်း မန္တလေးမြို့တွင် ရေစီးရေလာကောင်းသည့် PRECAST DRAINS ရေမြောင်း တစ်ခုအား ပေ ၁၀၀ ခန့် စမ်းသပ်တည်ဆောက်ခဲ့ပြီး ရေစီးရေလာကောင်းမွန်ခဲ့သဖြင့် လာမည့် ဘတ်ဂျက်တွင် မန္တလေးရှိမြောင်းများကို ယင်းစနစ် အသုံးပြုပြီးတည်ဆောက်ရန် မန္တလေးမြို့တော်စည် ပင်သာယာက စီမံထားသည်။

ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့တော်အတွင်း အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေမြောင်း၊ တံတားများကို စနစ်တကျကောင်းမွန်ဆောင် ရွက်ရမည်မှာ တိုင်းဒေသကြီးအစိုးရ နှင့်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ တာဝန်ပင် ဖြစ်သည်။

ထို့ပြင် လက်ရှိစည်ပင်သာယာရေး ဥပဒေအသစ်အရ စည်ပင်သာယာဝန်ထမ်းများ၏ လုပ်ဆောင် ချက်များသည် ဥပဒေနှင့်အညီ ဆောက်ရွက်ရန်တာဝန်ရှိသည်။ပြည်သူများအနေဖြင့် စည်ပင်သာ ယာဥပဒေအသစ်တွင် ပြဋ္ဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များကို ဥပဒေပါအချက်များဖြင့် လိုက်နာဆောင် ရွက်ပါက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားသကဲ့သို့ နေချင့်စဖွယ်မြို့တော် ဖြစ်လာနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့သော နေချင့်စဖွယ် မြို့တော်မှာ လက်ရှိလုပ်ဆောင်ပုံ၊ လက်ရှိ လူအင်အား၊ လက်ရှိပုံစံများနှင့်သာ ဆက်သွားနေပါက ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမည်ဖြစ်သည်။