FSI အညွှန်းကိန်းနဲ့အတူ ကြောက်စရာကောင်းနေတဲ့ တရားဥပဒေစိုးမိုးရေး

FSI အညွှန်းကိန်းနဲ့အတူ ကြောက်စရာကောင်းနေတဲ့ တရားဥပဒေစိုးမိုးရေး
Published 3 September 2018

မန္တလေးတိုင်းရဲတပ်ဖွဲ့က သိမ်းငှက်စီမံချက်ဖြင့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ- မန္တလေးတိုင်း ရဲတပ်ဖွဲ့)

၂၀၁၈ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် လူအများ ထိတ်လန့် တုန်လှုပ်ခဲ့သည့် မှုခင်းသတင်းများထွက် ပေါ်လာခဲ့သည်။

ယင်းမှုခင်းသတင်းများမှာ မန္တလေးမြို့တွင် သြဂုတ် ၂၉ ရက်တစ် ရက်တည်းမှာပင် ဖုန်းဖြင့်စကား ပြောနေသူအား လည်ပင်းကိုဓားဖြင့်လှီးကာ ဖုန်းလုယက်ခံရသည့် ဖြစ်စဉ်၊ သြဂုတ် ၃၀ ရက် ည ၇ နာရီက စက်မှုပန်းခြံဘက်တွင် ဆိုင်ကယ်စီးနင်းလာသူတစ်ဦးကို ဓားကိုင်ထားသည့် လူတစ်စုက ဝိုင်းခုတ်ခဲ့သည့်ဖြစ်စဉ်နှင့် ည ၁၁ နာရီ ခန့်တွင်လည်း ၃၅ လမ်း၊ ၇၁ လမ်း နှင့် ၇၂ လမ်းကြားတွင် သုံးဘီးဆိုင် ကယ်မောင်းနှင်သူကို Scoopy ဆိုင်ကယ်ဖြင့် လူတစ်စုက ဓားဖြင့်ခုတ်ခဲ့သည့် ဖြစ်စဉ်တို့ဖြစ်သည်။

ယင်းဖြစ်စဉ်များမှာ မန္တလေး မြို့တစ်မြို့တည်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များဖြစ်သည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင်လည်း နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးအား လူသုံးဦးက ဓားဖြင့်ထိုး၍ ဖုန်းလုယက်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သည့် ကျောင်းသားနှင့်အတူ အဖော်ပါလာသူ တစ်ဦးလည်း ဝိုင်းဝန်းထိုးကြိတ်ခံရသည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။ အမှုနှင့် ပတ်သက်ပြီး တရားခံများကို အခင်းဖြစ်ပွားပြီး မကြာမီတွင် ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်မှာ အရက်ဝယ်ရာမှ စကားများရန်ဖြစ်ပြီး ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

“ကလေးတွေက အရက်ဝယ် ဖို့ရောက်တဲ့အချိန်မှာ အရက်ဆိုင်က ပိတ်ထားတော့ ဆိုင်ကယ်ခဏ ရပ်တာပါ။ ထိုးကြိတ်ရင်းကနေ သုံးယောက်ထဲကတစ်ယောက်က ဓားနဲ့ ထိုးလိုက်တာပါ။ တရားခံတွေက ဆိုင်ကယ်နဲ့ ထွက်ပြေးတယ်။ ဗိုက်မှာဒဏ်ရာရလို့ ဆေးရုံတင်လိုက်တဲ့ အချိန်မှာ ငါးမိနစ်လောက်နေတော့ သေဆုံးသွားတာပါ” ဟု ကျောက်ဆည်မြို့မရဲစခန်းမှ စခန်းမှူး သန်းကျော်ဌေးက ပြောကြားသည်။

သို့သော် ယင်းဖြစ်စဉ်မှာ ရဲတပ်ဖွဲ့က ထုတ်ပြန်သကဲ့သို့ မဟုတ်ဘဲ ဖုန်းလုယက်ခံရပြီးဓားဖြင့်အထိုး ခံရခြင်းဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားလျက်ရှိနေသည်ကို တွေ့ရသည်။

အလားတူ သြဂုတ် ၃၀ ရက်တွင်လည်း မန္တလေးမြို့တွင် ဆိုင်ကယ်စီးလာသူတစ်ဦးအား လူငယ်တစ်စုက ဓားဖြင့်ခုတ်မှုမှာလည်း လူအများကြားတွင် ထိတ်လန့်ခဲ့သည့် မှုခင်းတစ်ခုဖြစ်သည်။

“မန္တလေးမြို့ကြီး မလုံခြုံတော့ဘူးဗျာ။  ကျွန်တော့်သူငယ်ချင်း ဒီနေ့ည ဓားခုတ်ခံရတယ်။ ဆိုင်ကယ် စီးနေတုန်း လူသုံးယောက်က နောက်ကနေခုတ်တာလို့ သိရတယ်။ အားလုံးဘေးကင်းကြပါစေ။ လူနာကတော့ ဆေးကုသမှုခံယူနေပါတယ်” ဟု SantiThawzolar ဆိုသည့် လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ရေးသားထားပြီး Like လုပ်သူ ထောင်နှင့်ချီရှိကာ Share လုပ်သူ ၃၀၀၀ ကျော်ရှိပြီး မှတ်ချက်ရေးသားသူ ၆၀၀ ကျော်ရှိသည်ကို တွေ့ရသည်။

ထို့ပြင် သြဂုတ် ၃၀ ရက်တစ် ညတည်းမှာပင် မန္တလေးမြို့ ၃၅ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် ဖြစ်ပွားခဲ့သည့် သုံးဘီးဆိုင် ကယ်သမားအား ဓားဖြင့်ခုတ်ခဲ့သည့် ဖြစ်စဉ်ကိုလည်း လူမှုကွန်ရက်စာမျက်နှာထက်တွင်တစ်ဆင့် ပြန်လည်မျှဝေသူ များခဲ့သည်။

အလားတူ သြဂုတ်လလယ်ပိုင်းကလည်း မန္တလေးမြို့တွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသူနှစ်ဦးအနက် အမျိုးသမီးတစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။

ကျူးလွန်သူအား မန္တလေးမြို့ခံများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းကြောင့် အခင်းဖြစ်ပွားသည့်နေရာနှင့် ကိုက်အနည်းငယ်အကွာတွင် ဖမ်းဆီးရမိခဲ့သည်။

ယင်းဖြစ်စဉ်များမှာ မန္တလေးမြို့တွင် နေထိုင်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်သက်တမ်းအတွင်း မကြုံဖူးကြောင်း မန္တလေးမြို့ခံ ကိုလင်းအောင်က ပြောကြားသည်။

“နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ဒီလိုမျိုးတစ်ညတည်းမှာ ဓားခုတ်ခံရမှု လေးငါးမှုဖြစ်တာ မကြုံဖူးဘူး။ တခါမှလည်း မကြားဖူးဘူး” ဟု ကိုလင်းအောင်က ပြောကြားသည်။

မန္တလေးခရိုင်အတွင်း မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က သိန်းငှက်စစ်ဆင်ရေးအမည်ဖြင့် ညပိုင်းနှင့်နံနက် အစောပိုင်းတွင် ပိတ်ဆို့ရှာဖွေ၍ မှုခင်းအထူးကျဆင်းရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မှုခင်းကျဆင်းရေး ဆောင်ရွက်လျက်ရှိသော်လည်း မန္တလေးမြို့တွင် နေ့ခင်းကြောင်တောင်  သေနတ်ပစ်ခတ်ကာပစ္စည်း လုယက်ခြင်း၊ ညပိုင်းအချိန်များတွင် ဓားခုတ်လုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာနေသဖြင့် မြို့ခံများအကြား စိုးရိမ်ထိတ်လန့်လျက်ရှိကာ မန္တလေးမြို့လုံခြုံရေးနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြင်းပြင်းထန် ထန်ထွက်ပေါ်လျက်ရှိသည်။

“မန္တလေးမှာ အလုခံရတယ်ဆိုတာက သိပ်ထူးဆန်းတဲ့အရာ မဟုတ်တော့ဘူး။ မနက်မိုးလင်းလို့ အိပ်ရာက ထရင်ကြားရတဲ့ သတင်းလိုဖြစ်နေပြီ” ဟု ကိုလင်းအောင်က ပြောကြားသည်။

 

မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးနှစ်ခုက မှုခင်းများ

မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီး နှစ်မြို့ဖြစ်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြီးတွေမှာ မှုခင်းဖြစ်ပွားမှုတွေကို ယခုလပိုင်းအတွင်းမှာ ခပ်စိပ်စိပ် ကြားလာရပါတယ်။

“ခိုးတာ၊ လုတာတွေကတော့ တဖြည်းဖြည်းများလာတယ်။ ခိုးစရာ မရှိတော့ အိမ်ရှေ့ကားမှာ ရပ်ထားတဲ့ ဆီကိုတောင်ထုတ်ခိုးတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရဲစခန်းတွင် သွားရောက်တိုင် ကြားခြင်းမရှိသဖြင့် မှုခင်းအရေ အတွက်ကို အတိအကျ မသိရှိနိုင်သော်လည်း ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်များတွင် လုယက်မှုများ၊ ခိုးမှုများမှာ ဒုနှင့်ဒေးရှိနေဆဲပင် ဖြစ်သည်။

“ပိုက်ဆံအိတ်အလုခံရလို့ ရဲစခန်းတော့ အကြောင်းကြားလိုက်တယ်။ အမှုကတော့ မဖွင့်ဖြစ်ခဲ့ဘူး။ သေသေချာချာလည်း မေးမြန်းတာ မရှိတော့ အစ်မလည်း အမှုမဖွင့်ခဲ့ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါအမျိုးသမီး လုယက်ခံရသည့် နေရာမှာ သာကေတမြို့နယ်၏ မြို့လယ်ကောင်ဟု ပြောဆိုနိုင်သည့် သာကေတရုပ်ရှင်ရုံ အနီးတွင်ဖြစ်ပြီး အလုခံရသည့် အချိန်မှာ ည ၈ နာရီခန့်တွင် ဖြစ်သည်။

ရန်ကုန်မြို့တွင် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က စီမံချက်များဖြင့် လုပ်ဆောင်လျက်ရှိသော်လည်း မှုခင်းများမှာမူ ဆက်လက်ဖြစ်ပွားနေဆဲပင် ဖြစ်သည်။

“ယာဉ်စစ်တာတွေလည်း ရှိနေတာပဲ။ ဒါပေမဲ့ တကယ်လုပ်မယ့် သူဆိုတာက စစ်ဆေးရေးရှိတဲ့နေရာမှာ လုပ်တာမှ မဟုတ်တာ။ လှည့်ကင်းတွေ ရှိတယ်ဆိုပေမယ့် ဘယ်လိုမှ မလုံခြုံဘူး” ဟု ရန်ကုန်မြို့တွင် အငှားယာဉ် မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဟု တင်စားနိုင်သည့် မန္တလေးမြို့တွင်လည်း မှုခင်းဖြစ်ပွားမှုများမှာ ပိုမိုများပြားလာနေဆဲပင် ဖြစ်သည်။

“ရန်ကုန်မှာတင် မဟုတ်ဘူး။ မန္တလေးမှာလည်း လုယက်မှုတွေက ခဏခဏဖြစ်နေတာပဲ။ အလုခံရတယ်ဆိုတဲ့ သတင်းက သိပ်ထူးဆန်းတဲ့အရာတော့ မဟုတ်ဘူး” ဟု မန္တလေးမြို့ခံ ကိုလင်းအောင်က ပြောကြားသည်။

“အခုဟာက မန္တလေးမှာ ဆိုင်ကယ်တစ်စီး နောက်ကရောက်လာရင် ကိုယ့်ကိုဓားနဲ့ ခုတ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်က ရှိနေပြီ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နောက်ကျောမလုံဘူးပေါ့ဗျာ” ဟု ကိုလင်းအောင်က ဆက်လက်ပြောကြားသည်။

မန္တလေးမြို့တွင် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့်မှုခင်းများမှာ ဓားဖြင့်ခုတ်မှုများလည်း ပါဝင်လာခဲ့သဖြင့် ယင်းဖြစ်စဉ်များတွင် နောက်ကွယ်မှ အကြံအစည်များ လည်းရှိနိုင်သည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။

“ခုနက ပြောသလိုပေါ့။ တစ်ညတည်းမှာ ဓားခုတ်မှုတွေက လေးငါးမှုဖြစ်သွားတာ တစ်ခါမှမကြုံဖူးဘူး။ ကိုယ်တွေနေလာတဲ့ သက်တမ်းအတွင်းမှာ ထူးခြားဖြစ်စဉ်ပဲ။ နောက်ပြီးတော့ ဖြစ်သွားတဲ့နေရာတွေကလည်း မန္တလေးမြို့ရဲ့ လမ်းမကြီးတွေမှာ ဖြစ်တာ။ သမားရိုးကျဆိုရင် ပြစ်မှုကျူးလွန်တဲ့သူတွေက မှောင်ရိပ်ခိုပြီး လုပ်တာပဲ ကြားဖူးတယ်။ အခုလို လူမြင်ကွင်းမှာ ဆိုင်ကယ်စီးရင်းနဲ့ အခုတ်ခံရတာတွေ၊ လူအများကြီးတွေရဲ့ရှေ့မှာ ဖြစ်တာတွေက နောက်ကွယ်မှာ ဘယ်လိုတွေရှိ သလဲဆိုတာက စဉ်းစားစရာတစ်ခုပဲ” ဟု ကိုလင်းအောင်က ပြောကြားသည်။

ထို့ပြင် မှုခင်းဖြစ်စဉ်များမှာ ပိုမိုရဲတင်းလာပြီး ယင်းနောက်ကွယ်၏ အကြောင်းတရားများဖြစ်သည့် ပညာရေးချို့တဲ့ခြင်း၊ တရားဥပဒေ စိုးမိုးမှုမရှိခြင်းများ ပိုမိုများပြားလာခြင်းဖြစ်သည်ဆိုသည့် သုံးသပ်မှုများလည်း ရှိနေသည်။

“တရားဥပဒေမစိုးမိုးတာ၊ ဆင်းရဲမွဲတေတာ၊ မူးယစ်ဆေးပြသာနာတွေကို မထိန်းနိုင်တာအပြင် လူထုအချင်းချင်း သံသယနဲ့ မယုံကြည်တာ၊ ကျီးလန့်စာစားဖြစ်လာတာတွေ၊ အချိန်ကိုက်ဖြစ်လာတွေကိုလည်း စိုးရိမ်မှုနဲ့ သံသယတချို့ရှိတယ်” ဟု မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီး နှစ်မြို့မှာ မြန်မာနိုင်ငံ၏အဓိက မြို့ကြီးများဖြစ်သည့်အလျောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အားများ၏ ရာခိုင်နှုန်းအများအပြားကို ရရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နှစ်နှစ်ပြည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

“ရန်ကုန်မြို့ဟာဆိုရင် အဓိက မြို့ကြီးဖြစ်လို့ ရဲတပ်ဖွဲ့ဝင်အင်အားလည်း အများဆုံးရရှိပါတယ်။ ဒါပေမဲ့ ရှိတဲ့အင်အားနဲ့ မလောက်လို့ ထပ်တောင်းဖို့ဆိုတာလည်း အဆင်မပြေဘူး။ ရန်ကုန်တိုင်းက အများဆုံးရတာဆိုတော့ ထပ်တောင်းလို့လည်း မရနိုင်ဘူး” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် ၇၀၀၀၀ ကျော်ရှိပြီးသန်းခေါင်စာရင်းအရ ရဲတစ်ဦးလျှင် လူ ၁၃၀၀ အား ထိန်းသိမ်းရခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်အင်အား လောက်ငှမှု မရှိချေ။

ယင်းကဲ့သို့အခြေအနေများကြောင့် မှုခင်းတားဆီးရေးအတွက် အားနည်းချက်များရှိနေသည်ဆိုသည့် သုံးသပ်ချက်များလည်း ရှိနေသည်။

“တရားဥပဒေစိုးမိုးမှု အားနည်းတဲ့အပိုင်းလို့ ပြောလို့ရပါတယ်။ တရားဥပဒေစိုးမိုးမှုဆိုတော့  လုံခြုံရေးတာဝန်တွေက ရဲတာဝန် ဖြစ်နေတယ်။ ရဲအင်အားမှာလည်း ပတ္တရောင်မလှည့်နိုင်တာ၊ နယ်လှည့်ဖြန့်ကြက်ပြီးတော့ လုံခြုံမှုမဆောင်ရွက်နိုင်တာတွေလည်းပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွန်း(ခ) ငြိမ်းသစ်က ပြောကြားသည်။

ရဲတပ်ဖွဲ့၏ အင်အားမလုံလောက်မှုပေါ်တွင် မူတည်သကဲ့သို့ စီမံခန့်ခွဲ့မှုတွင်လည်း မူတည်ကြောင်း မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

“ရဲတပ်ဖွဲ့အင်အားကတော့ နည်းတာလည်းရှိသလို စီမံခန့်ခွဲမှု အပိုင်းလည်း လိုအပ်တယ်။ ရဲအင်အားနည်းတယ်ဆိုတာက တစ်ပိုင်းပေါ့။ အဲဒီမှာ ရှိတဲ့အင်အားကိုလည်း ဘယ်လိုစီမံခန့်ခွဲမှုတွေ လုပ်မလဲဆိုတာက အရေးကြီးတယ်” ဟု ဦးမြင့်အောင်မိုးက ပြောကြားသည်။

၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လအလိုက်မှုခင်းမှတ်တမ်းများအနက် နောက်ဆုံးငါးလစာရင်းတွင် မှုခင်း ၁၀ မျိုးအနက် လူသတ်မှုဖြစ်ပွားမှု အများဆုံးတိုင်းဒေသကြီးတွင် ရန်ကုန်မြို့မှာ လူသတ်မှုနှင့် မုဒိမ်းမှုအများဆုံးဖြစ်ပွားသည့်တိုင်း ဒေသကြီးတစ်ခုဖြစ်ပြီး မန္တလေးတိုင်းမှာလည်း ရန်ကုန်တိုင်းပြီးလျှင် လူသတ်မှုနှင့် မုဒိမ်းမှုအများဆုံး ဖြစ်ပွားသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း မှုခင်းဖြစ်ပွားမှု အများဆုံးဒေသများတွင် တစ်ခုအပါ အဝင်ဖြစ်သည်ကို တွေ့ရသည်။

 

FSI ရဲ့အညွှန်းကိန်းမှာ အဆင့်တက်လာတဲ့ မြန်မာနဲ့ လျော့ကျနေတဲ့ တရားဥပဒေစိုးမိုးရေး        

အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ တက်ခါစတွင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး အာရုံစိုက်လုပ်ဆောင်မည်ဟု ကြွေးကြော်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးရေးမှာ အဓိကအရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံတိုးတက်ငြိမ်းချမ်းနိုင်မည်ဖြစ်ကြောင်း မကြာခဏထုတ်ဖော် ပြောကြားခဲ့သည်။

အစိုးရသစ်တက်ခါစအချိန်တွင် ရက် ၁၀၀ စီမံချက်ဖြင့်တရား ဥပဒေစိုးမိုးရေးအတွက် လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၇ ခုနှစ် မေ ၁ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အဓိကဦးစားပေး လုပ်ငန်းအဖြစ် လုပ်ကိုင်မည့် အချက်လေးချက်တွင် နံပါတ်သုံးအချက်အဖြစ် ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေးကို ဦးစားပေးအဖြစ် ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။

သို့သော် သြဂုတ်လဆန်းပိုင်းတွင် ထွက်ပေါ်လာသည့် အမေရိ ကန်ပြည်ထောင်စုမှ ထင်ရှားသည့် Think Tank အဖွဲ့တစ်ခုဖြစ်သည့် Fun for Peace အဖွဲ့၏ ပြိုကွဲပျက်စီးတော့မည့် နိုင်ငံများ၏ ညွှန်းကိန်း Fragile State Index 2018 တွင် မြန်မာနိုင်ငံ၏အဆင့်မှာ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

အဆိုပါအညွှန်းကိန်းတွင် သတ်မှတ်ချက် ၁၂ ခုရှိပြီး ယင်းသတ်မှတ်ချက်များမှာ နိုင်ငံလုံခြုံရေး၊ ပြည်တွင်းစစ်အခြေအနေနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို တိုင်းတာသည့် Security apparatus ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို တိုင်းတာသည့် Human Right and Rule of Law ၊ လူမျိုးရေး၊ ဘာသာရေး အကွဲအပြဲများကို တိုင်းတာသည့် Fictionalized Elite၊ ဆင်းရဲချမ်းသာကွာဟမှု နှင့် အုပ်စုဖွဲ့တိုက်ခိုက်သည့် အခြေအနေများကို တိုင်းတာသည့် Group Drievance ၊ စီးပွားရေးညွှန်းကိန်းများကို တိုင်းတာသည့် Economics Indicator ၊ ဖွံ့ဖြိုးမှုမညီမျှခြင်းများကို တိုင်းတာသည့် Uneven Development ၊ အစိုးရအား ယုံကြည်မှု ပါတီစုံများပါဝင်မှု၊ အကျင့်ပျက်ခြစားမှုများကို တိုင်းတာသည့် Political Indicator ၊ လူသားအရင်းအမြစ်များနှင့် ဦးနှောက်ယိုစီးမှု ပြသာနာများကို တိုင်းတာသည့် Human Flight and Brain Drain ၊ လူထုအား ဝန်ဆောင်မှုပေးသည့် အခြေအနေများကို တိုင်းတာသည့် Public Services ၊ လူဦးရေအချိုး မညီမှု၊ ကလေးသေဆုံးနှုန်း စသည်တို့ကို တိုင်းတာသည့် Social Indicator ၊ ခိုးဝင်သူများနှင့် ပြည်ပအထောက်အပံ့များကို တိုင်းတာသည့် Cross Cutting Indicators External Intervention ၊ ဒုက္ခသည်အရေးကို တိုင်းတာသည့် refugees and IDP စသည်တို့ဖြစ်သည်။

ယင်းအခြေအနေများတွင် မြန်မာနိုင်ငံအနေဖြင့် အဆိုးရွားဆုံး အခြေအနေများဖြင့် ရင်ဆိုင်ရလျက်ရှိသည်ဟု ဖော်ပြထားပြီး အဆိုးရွားဆုံး အခြေအနေများမှာ Security apparatus ၊ Group Grievance ၊ Human Right and Rule of Law စသည့်အခြေအနေများမှာ အဆိုးရွားဆုံး ဖြစ်သည်ဟု အဆိုပါ အညွှန်းကိန်းတွင် ဖော်ပြထားသည်။

အဆိုပါစာရင်းတွင် ထိပ်ဆုံးမှ နေရာယူထားသည့် နိုင်ငံများမှာ တောင်ဆူဒန်၊ ဆိုမာလီးယား၊ ယီမင်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ဇင်ဘာဘွေ၊ ဟေတီ၊ ချဒ်၊ အီရတ်၊ အီသီယိုးပီးယားစသည့်နိုင်ငံများ ဖြစ်သည်။

ယင်းအညွှန်းကိန်းအမြင့်ဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံမှာ အဆင့် ၂၂  အဖြစ် ဖော်ပြခြင်းခံခဲ့ရပြီး မြန်မာနိုင်ငံ၏ နောက်တွင် ကင်မရွန်း၊ လစ်ဗျား၊ ယူဂန်ဒါ၊ မြောက်ကိုရီးယား၊ အန်ဂိုလာ၊ မာလီစသည့် နိုင်ငံများ ရပ်တည်လျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေစိုးမိုးမှု အားနည်းသော အခြေအနေတွင် ရှိနေသည့် နိုင်ငံများကဲ့သို့ပင် FSI အညွှန်းကိန်းမြင့်တက်မှုမှာ တိုင်းပြည်အတွက် စိုးရိမ်စရာ အဆင့်တစ်ခုသို့ ရောက်နေသည့် အခြေအနေလည်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် အဆင့် ၂၆၊ ၂၀၁၇ ခုနှစ်တွင် အဆင့် ၂၅ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အဆင့် ၂၂ သို့ ရုတ်ခြည်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ မြင့်တက်လာသည့် အခြေအနေများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖြစ်တာဝန်ယူပြီး နောက်ပိုင်းတွင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ နောက်ဆုံးနှစ်အဖြစ် တာဝန်ယူခဲ့သည့် ၂၀၁၅ ခုနှစ်တွင် အဆင့် ၂၇ တွင် ရပ်တည်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာလည်း ထင်သလောက် အားရစရာမကောင်းဘဲ ရှေ့ရောက်ခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားမှုများရှိသည်။

ပြည်သူ့လွှတ်တော်တွင် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ အဖွဲ့ဝင်လည်းဖြစ်သည့် ဒေါ်အေးမြမြမျိုးက တရားဥပဒေစိုးမိုးရေးအပိုင်းတွင် ရှုပ်ထွေးမှုများရှိနေပြီး ယင်းရှုပ်ထွေးမှုများမှာလည်း ရခိုင်အရေးကဲ့သို့သော ဖြစ်စဉ်များမှာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“ယိုင်နဲ့တာတောင် မဟုတ်ဘူး။ ပုံကိုကျနေတယ်။ ဒါကို ကောင်းတဲ့ အလားအလာဘက်ကို ကြိုးစားရတော့မယ်။ အရေးကြီးတဲ့အပိုင်းမှာ ဖြစ်နေပြီလို့ သိထားတယ်။ သို့သော်လည်းပဲ အခြေအနေတွေက အရမ်းကိုရှုပ်ထွေးနေတဲ့ အခြေအနေတွေ ဖြစ်နေတော့ လုပ်ရမယ်ဆိုတာ သိပေမယ့် ကျွန်မတို့ လုပ်ရမယ့် အချိန်ကိုတော့ စောင့်ရမယ်လို့ ယူဆပါတယ်။ လုပ်တာတော့ လုပ်ရမှာပေါ့။ တရားစီရင်ရေးအပိုင်းတွေမှာက တိုးတက်မှုမမြင်ရဘူး။ ကျွန်မတို့ ခေါင်းဆောင်ကိုယ်တိုင်က အမြဲတမ်းလည်းပြောတယ်။ ကျွန်မတို့ တရားဥပဒေစိုးမိုးရေးအပိုင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမယ်ဆိုတာလည်း အားလုံးက လက်ခံထားတယ်။ သို့သော်လည်း အခု ထိကောင်းတဲ့ဘက်ကို ရွေ့လာတာ မမြင်ရသေးဘူး။ တစ်ချိန်ချိန်မှာတော့ ရွေ့မယ်ဆိုတာတော့ အားလုံးက ခံယူထားတယ်” ဟု ဒေါ်အေးမြမြမျိုးက ပြောကြားထားသည်။

အလားတူ မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွန်း(ခ) ငြိမ်းသစ်ကလည်း “တရားဥပဒေစိုးမိုးရေး အပိုင်းကတော့ အားနည်းနေတုန်းပဲ။ အဓိကကတော့ ရဲတပ်ဖွဲ့ဝင်တွေက တာဝန်ပိုယူရတော့မယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်ရန်မှာ လူ့အဖွဲ့အစည်းတစ်ခုလုံးက ပါဝင်ဆောင်ရွက်ရန်လည်း လိုအပ်ပြီး တရားဥပဒေစိုးမိုးရေးအတွက် အဓိကကျသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း ခံယူချက်များကို ပြောင်းလဲပစ်ရန် ကြိုးစားရမည်ဆိုသည့် သုံးသပ်မှုများလည်း ရှိနေသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က သမ္မတတာဝန်ယူပြီး မကြာမီကာလတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းအတွက် စီမံချက်ချ လုပ်ဆောင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ မြင့်တက်လာခဲ့ပြီးနောက် မှုခင်းဖြစ်စဉ်များမှာလည်း မြင့်တက်လာခဲ့သည်။ ယင်းကြောင့် အဆိုပါအခြေအနေကို ဟန်ချက်ညီညီ သွားနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုမှာအရေးကြီးလာကြောင်း မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

“ခုနက အစ်ကိုပြောသလိုပေါ့။ မူးယစ်ဆေးကို စီမံချက်ချပြီး ဖမ်းတာတွေဖြစ်လာတော့ အခုမှုခင်းတွေကလည်း ဖြစ်လာတယ်။ တစ်ဖက်ကို အာရုံစိုက်နေတဲ့အချိန်မှာ တစ်ဖက်မှာ လစ်ဟင်းလာသလားပေါ့။ အဲဒီအတွက် ဟန်ချက်ညီဖို့လိုတယ်။ အင်အားနည်းတာများတာနဲ့ မဆိုင်ဘူး။ စီမံခန့်ခွဲမှုနဲ့ပဲဆိုင်တယ်။ အခုလည်း ရဲတပ်ဖွဲ့က မှုခင်းစီမံချက်တွေနဲ့ လုပ်နေတာပဲ။ ဒါပေမဲ့ ဒီဘက်မှာ လှည့်ကင်းလှည့်နေရင် ဟိုဘက်မှာ ဖြစ်နေတယ်။ အဲဒါတွေ ကိုကျော်လွှားဖို့က စီမံခန့်ခွဲမှု ကောင်းကောင်းနဲ့ပဲ ကျော်လို့ရမှာ” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

မှုခင်းဖြစ်စဉ်များတွင် အများအားဖြင့် ကျူးလွန်သူအများစုမှာ လူငယ်များဖြစ်ပြီး မူးယစ်ဆေးသုံးစွဲ ပြီးနောက်ပိုင်းတွင် ပိုမိုကျူးလွန်လာခဲ့သည်ကို တွေ့ရကြောင်း၊ သမ္မတက မူးယစ်တိုက်ဖျက်ရေးများ လုပ်ဆောင်နေမှု ပိုမိုအားကောင်းလာသည့်အချိန်တွင် မှုခင်းများလည်း လျော့နည်းလာနိုင်သည်ဟု မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွန်း(ခ) ငြိမ်းသစ်က သုံးသပ်သည်။

“အခုတော်တော်များများ မှုခင်းကျူးလွန်တာက လူငယ်တွေ၊ ဆင်းရဲလို့ ကျူးလွန်တာရှိသလို မူးယစ်ဆေးကြောင့် ကျူးလွန်တာလည်း ရှိတယ်။ မူးယစ်ဆေးကြောင့် ကျူးလွန်တာက ပိုများတော့ အခုသမ္မတကြီးရဲ့ စီမံချက်အရှိန်ကောင်းလာ မယ်ဆိုရင် လျော့နည်းသွားမယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

Fun for Peace အဖွဲ့၏ ၂၀၁၈ ခုနှစ်အစီရင်ခံစာတွင်လည်း အညွှန်းကိန်းမြင့်တက်လာသည့် မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အလေးထားဆောင်ရွက်ရမည့် အခြေအနေများလည်း ရှိနေသည်။

“ရန်ကုန်လိုမြို့ကြီးမှာတောင် ရက်ရက်စက်စက်အသတ်ခံရတဲ့ မှုခင်းတွေဖြစ်နေရင် တောနယ်ဒေသတွေမှာဆို ပိုဆိုးတယ်။ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားသင့်ပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက သုံးသပ်ပြောကြားသည်။

သြဂုတ် ၃၀ ရက်ညပိုင်းက ဆိုင်ကယ်စီးလာသူနှစ်ဦးကို ဓားဖြင့်ခုတ်ခဲ့သည့် ဆယ်ကျော်သက်အရွယ် ကျူးလွန်သူဟုဆိုသူများကို တွေ့ရစဉ် (ဓာတ်ပုံ- မန္တလေးတိုင်း ရဲတပ်ဖွဲ့)

ကိုယ်ထူကိုယ်ထဆောင်ရွက်နေရသည့်  တရားဥပဒေစိုးမိုးရေး       

သြဂုတ် ၂၉ ရက်နှင့် ၃၀ ရက် နှစ်ရက်တည်းမှာပင် မန္တလေးမြို့ပေါ်၌ ဓားခုတ်လုယက်မှုမှာ မန္တလေးမြို့တွင် နေထိုင်သူများအဖို့ တရားဥပဒေစိုးမိုးရေးအတွက်အချက်ပေး ခေါင်းလောင်းသံများပင် ဖြစ်သည်။

“တစ်ခါမှ မဖြစ်ဖူး၊ မကြုံဖူးတဲ့ အခြေအနေဆိုတော့ လုံခြုံရေးက ပိုဂရုစိုက်ရတော့မယ်” ဟု မန္တလေးမြို့ခံ ကိုလင်းအောင်က ပြောကြားသည်။

၎င်းတို့ ဒေသခံများအနေဖြင့် ရပ်ကွက်၊ မြို့နယ်အတွင်း လုံခြုံရေး လုပ်ငန်းများအတွက် ကိုယ်ပိုင်အစီအစဉ်များ ချမှတ်လုပ်ဆောင်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ကိုလင်းအောင်က ဆိုသည်။

“အဓိက သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ ညှိရမှာပေါ့။ အခုတော့ အစီအစဉ်ဆွဲနေပြီ။ သိပ်မကြာခင် အကောင်အထည်ပေါ်မှာပါ။ မှောင်နေလူပြတ်နေတဲ့ နေရာတွေမှာတောင် မှုခင်းမဖြစ်ဘဲနဲ့ အခုဟာက မြို့ပေါ်ကြီးမှာဖြစ်တယ် ဆိုတာက တော်တော်လန့်ဖို့ကောင်းတယ်။ အခုတော့ ကျွန်တော်တို့ လူငယ်တွေ တိုင်ပင်ထားတာလည်းရှိတယ်။ အများပြည်သူ လုံခြုံရေးအတွက်ပေါ့။ ကျွန်တော်တို့က ရောင်ပြန်ဝတ်စုံကြီးတွေ တကားကားနဲ့တော့ မလုပ်ချင်ဘူး။ ကိုယ်တွေက အဲဒီလို ဝတ်စားထားရင် မှုခင်းကျူးလွန်မယ့်ကောင်က ထွက်ပြေးမှာပဲ။ ဘယ်လိုစီစဉ်မယ်ဆိုတာတော့ လူကြီးတွေနဲ့ တိုင်ပင်ထားတာတွေရှိတယ်” ဟု ကိုလင်းအောင်က ပြောကြားသည်။

ယင်းသို့ ပြည်သူများကိုယ်တိုင် ပါဝင်သည့် လုံခြုံရေးအစီအမံများကို မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်အတွင်း ဆောင်ရွက်လာခဲ့သည်မှာ နှစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယင်းအကျိုးဆက်မှာ ချမ်းမြသာ စည်မြို့နယ်တွင် မှုခင်းကြီးကြီးမားမား မဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

“သိပ်မကြာခင်မှာ အဲဒီလိုဖွဲ့ထားတာ နှစ်နှစ်ပြည့်တော့မယ်။ ချမ်းမြသာစည်မှာက ရပ်ကွက် ၁၄ ခုရှိတယ်။ အဲဒီရပ်ကွက်တွေတိုင်းမှာ အဲဒီအဖွဲ့တွေရှိတယ်။ ညဆို ၈ နာရီလောက်ကနေစပြီး မနက်လင်းခါနီးအထိ လှည့်ကင်းတွေလှည့်တယ်။ အဲဒီမှာ ရဲပါတာက နည်းတယ်။ သူတို့လည်း လှည့်ကင်းမရှိသေးတဲ့သူတွေ ဘာတွေဆိုရင်တော့ လာပြီးအားဖြည့်ပေးတာပေါ့။ ဒါပေမဲ့များသော အားဖြင့်ကတော့ လူငယ်တွေနဲ့ လူကြီးတွေစုပြီး ပတ်တာပေါ့။ ကျွန်တော်တို့ကလည်း ညဘက်ဆိုလူငယ်တွေအတွက် လက်ဖက်ရည်တိုက်တာတို့ဘာတို့ လုပ်ရတယ်။ အဲဒီအကျိုးဆက်က ကျွန်တော်တို့ဘက်မှာ ကြီးကြီးမားမား မဖြစ်ခဲ့ဘူး” ဟု ချမ်းမြသာစည်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

နိုင်ငံတကာကလည်း မြန်မာနိုင်ငံတရားဥပဒေစိုးမိုးရေးအတွက် အကူအညီများပေးလျက်ရှိပြီး ထင်ရှားသည့် ကူညီမှုများမှာ EU က ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက်ဖြို ခွင်းရေးနည်းလမ်းများ၊ လူထုနှင့် ဆက်ဆံရေးတို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာက မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထောက်ပံ့လျက်ရှိသည့် အစီအစဉ်မှာ တရားဥပဒေစိုးမိုးရေးနှင့် တရားဥပဒေ လက်လှမ်းမီရေးဆိုသည့် ခေါင်းစဉ်ဖြင့် ပေးအပ်နေခြင်းဖြစ်သည်။ သို့သော်ထင်မြင်သာရှိသည့် တရားဥပဒေစိုးမိုးရေးများမှာ အားနည်းလျက်ရှိသည်ကို တွေ့ရသည်။

အစိုးရသက်တမ်း ထက်ဝက်ကျော်သည်အထိ ထင်သာမြင်သာမရှိသေးသော တရားဥပဒေစိုးမိုးရေး  ဘာတွေလုပ်ရတော့မလဲ

ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင်ပင် လုယက်မှုများ၊ အနုကြမ်းစီးမှုစသည့်ဖြစ်စဉ်များမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီ ဖြစ်သည်။ ကျူးလွန်သူအများစုမှာလည်း ဆယ်ကျော်သက်အရွယ်များလည်း ပါဝင်လာသည်ကို တွေ့ရှိရပြီး သြဂုတ် ၃၀ ရက် ည ၁၀ နာရီခန့်တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးအား  ဓားဖြင့်ခုတ်ခဲ့သည့် ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူများမှာ လူငယ်များ ဖြစ်နေသည်ကို တွေ့ရသည်။

လူငယ်များပါ ကျူးလွန်လာနေသည့် မှုခင်းဖြစ်စဉ်များကြောင့် ယိုယွင်းနေသည့် တရားဥပဒေစိုး မိုးရေးလုပ်ငန်းစဉ်များကို အစိုးရအနေဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဒေါ်ညိုညိုသင်းက ပြောကြားသည်။

ပြည်သူလူထုကရွေးချယ်ထားသည့် အစိုးရတစ်ရပ်အနေဖြင့်ပြည် သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်မှာ တာဝန်တစ်ရပ်ဖြစ်ပြီး လက်ရှိအခြေအနေများအရ တရားဥပဒေစိုးမိုးရေးမှာ အဓိက လိုအပ်ချက်တစ်ခုဖြစ်ကြောင်း သိရသည်။

“ကိုယ်တင်ထားတဲ့ အစိုးရဆိုတော့ ကိုယ့်အစိုးရကိုယ်ပဲပြောရမှာပေါ့။ ရန်ကုန်မှာတော့ စီမံကိန်းတွေ ဘက်ကနေ တရားဥပဒေစိုးမိုးရေးအတွက် တစ်ချက်လောက်တော့ ငဲ့ပါဦးလို့ ပြောချင်တယ်” ဟု ဒေါ်ညိုညိုသင်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာ လက်ရှိတွင် ယိုယွင်းမှုများနှင့် ကြုံတွေ့ရလျက်ရှိကြောင်း ပြည်သူများအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များကလည်း သုံးသပ်ဝေဖန်လျက်ရှိသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးရေးမှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု မကြာခဏထုတ်ဖော်ပြောကြားလျက်ရှိသည့် အခြေအနေတွင် ကျန်ရှိနေသည့် အစိုးရသက်တမ်းအတွင်း တရားဥပဒေစိုးမိုးရေးမှာ အရေးကြီးလာပြီ ဖြစ်သည်။

သြဂုတ်လကုန်ပိုင်းတွင် မန္တလေးမြို့၌ ဆက်တိုက်ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုဖြစ်စဉ်များ၊ တရားခံမပေါ်ဘဲ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ လေးလောင်းပြိုင်လူသတ်မှုကဲ့သို့သော မှုခင်းဖြစ်စဉ်များမှာ ပြည်ထဲရေးနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုများလည်း ဖြစ်နေသည်။ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်မည်ဟု ကြွေးကြော်ထားသည့် အစိုးရတစ်ရပ်အနေဖြင့် တရားဥပဒေစိုးမိုးရေးကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ရမည်ဖြစ်သည်။

Fun for Peace အဖွဲ့၏ ပြိုကွဲပျက်စီးတော့မည့် နိုင်ငံများ၏ ညွှန်းကိန်း Fragile State Index 2018 တွင် အဆင့်တက်လာသည့် မြန်မာနိုင်ငံအနေဖြင့် အဆင့်ပြန်ကျရန် လုပ်ဆောင်ရမည်လည်း ဖြစ်သည်။

ယင်းသို့လုပ်ဆောင်နိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြေညာထားသည့် ရွေးကောက်ပွဲကြေညာ စာတမ်းနှင့် ကိုက်ညီမည်ဖြစ်သည်။

စီးပွားရေးကျပ်တည်းမှုများ နှင့် ကြုံတွေ့နေရသည့် အခြေခံလူတန်းစားများတွင် ထွက်ပေါက်အဖြစ် မှုခင်းကျူးလွန်လာမည်ဆိုပါက မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာ ရင်လေးဖွယ်ရာပင်ဖြစ်သည်။ လက်ရှိတွင် မန္တလေးမြို့၌ ဖြစ်ပွားနေသည့် မှုခင်းဖြစ်စဉ်များမှာနောက်ကွယ်မှ စေခိုင်းမှုများလည်း ရှိနေသည်ဟု သုံးသပ်မှုများလည်း ရှိသည်။

“အခုလိုမန္တလေးမှာ မှုခင်းတွေဖြစ်လာတာ အရမ်းကြီးလည်း မကြောက်ဘူး။ ဒါပေမဲ့ မလုံခြုံဘူးလို့လည်း ခံစားရတယ်။ အခုဖြစ်နေတာက ပုံမှန်ဖြစ်နေတာထက် ပိုနေတယ်လို့မြင်တယ်။ ပြဿနာတွေက ခေါက်ရိုးကျိုးနေတဲ့ လက်မတင် Plan လို့ ထင်တဲ့အတွက်ကြောင့် ကြောက်သလားဆိုတော့ အရမ်းကြီးမကြောက်ဘူး” ဟု မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပြည်သူများ၏ ဘ၀ လုံခြုံမှု ရရှိရန် ဆောင်ရွက်ပေးရမည်မှာ အစိုးရတစ်ရပ်၏ တာဝန်ဖြစ်သည်။

သက်တမ်းထက်ဝက် ကျော်လာပြီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ယခင်ကထက် ပိုမိုအာရုံစိုက် လုပ်ဆောင်ရန် လိုအပ်လာပြီဖြစ်သည်။