ဆန်ချောဈေး စံချိန်တင်မြင့်တက်အောင် ဘယ်သူတွေလုပ်ပြီး ဘယ်သူတွေ အကျိုးရှိနေသလဲ

ဆန်ချောဈေး စံချိန်တင်မြင့်တက်အောင် ဘယ်သူတွေလုပ်ပြီး ဘယ်သူတွေ အကျိုးရှိနေသလဲ
Published 27 August 2018

ဒေသအသီးသီးမှဆန်များ အများဆုံးပို့ဆောင်သည့် ရန်ကုန်မြို့ ဝါးတန်းဆိပ်ကမ်းမြင်ကွင်း (ဓာတ်ပုံ - ကြည်နိုင်)

ပြီးခဲ့တဲ့ ငါးနှစ်တာကာလ တစ်လျှောက်လုံး ပြည်တွင်းမှာ ပေါ်ဆန်းဈေးနှုန်းက တစ်အိတ်ကို ခုနစ်ထောင်ကျပ် အထိသာ အမြင့်ဆုံး မြင့်တက်ခဲ့ပေမယ့်လည်း ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တစ်နှစ်အတွင်း ပေါ်ဆန်းတစ်အိတ်ကို ၁၈,၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရွှေဘိုပေါ်ဆန်း ဈေးနှုန်းက တစ်အိတ်ကို ကျပ် ၆၄,၀၀၀ အထိကို ဖြစ်နေပါတယ်။

နှစ်အလိုက် ဖြစ်ပေါ်ခဲ့တဲ့ ပေါ်ဆန်းဈေးနှုန်းတွေကို လေ့လာကြည့်မယ်ဆိုရင် ၂၀၁၃ ခုနှစ် သြဂုတ်မှာ ပေါ်ဆန်းတစ်အိတ် ၃၆,၅၀၀ ကျပ်၊ ၂၀၁၄ ခုနှစ် သြဂုတ်မှာ ပေါ်ဆန်း တစ်အိတ် ၄၁,၀၀၀ ကျပ်၊ ရေကြီးနစ်မြှုပ်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့  ၂၀၁၅ ခု နှစ်တွင်မှာတောင် ပေါ်ဆန်းတစ်အိတ် ၃၈,၅၀၀ ကျပ်သာ ရှိပြီး ၂၀၁၆ ခုနှစ် သြဂုတ်တွင် ပေါ်ဆန်းတစ်အိတ် ၃၄,၅၀၀ ကျပ်၊ ၂၀၁၇ ခုနှစ်မှာ သြဂုတ်မှာ ပေါ်ဆန်းတစ်အိတ် ၃၄,၀၀၀ ကျပ်ပဲ ရှိခဲ့ပေမဲ့ ၂၀၁၈ သြဂုတ်မှာတော့ ၆၄,၀၀၀ အထိ ဖြစ်လာတာပါ။

ဒီစာရင်းဇယားတွေအရ ၂၀၁၃  ခုနှစ် ကနေ ၂၀၁၇ ခုနှစ် ငါးနှစ်တာ ကာလအတွင်း ဆန်ဈေးနှုန်း အမြင့်ဆုံးနဲ့ အနိမ့်ဆုံး ကွာခြားချက်က ကျပ် ၇,၀၀၀ ပဲ ရှိခဲ့ပေမဲ့ ၂၀၁၈ ခုနှစ် သြဂုတ်မှာ ပေါ်ဆန်းဈေးနှုန်း တစ်အိတ်ကို ၅၂,၀၀၀ ကျပ်အထက် ဖြစ်ပေါ်နေတဲ့အတွက် ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ဖြစ်ပေါ်ခဲ့တဲ့ ပေါ်ဆန်းဈေးနှုန်းနဲ့ နှိုင်းယှဉ်မယ် ဆိုရင်ကို တစ်နှစ်အတွင်း တစ်အိတ်ကို ၁၈,၀၀၀ ကျပ်အထိ  စံချိန်တင် မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။

“ဆန်ဈေးနှုန်းတွေကို နှိုင်းယှဉ်ဇယားနဲ့ ပြထားတာပါ။ ဒီနေရာမှာ လေ့လာကြည့်ရင် ဒီနှစ်ဖြစ်နေတဲ့ ပေါ်ဆန်းဈေးနှုန်းဟာ အမြင့်ဆုံး ရောက်ရှိနေတာ တွေ့ရပါတယ်” လို့  မြန်မာနိုင်ငံ ဆန်စပါးကုန်သည် အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောပါတယ်။

တောင်သူလက်ထဲမှာ ဆန်၊ စပါး မရှိချိန် ကုန်သည်လက်ထဲမှာ ဆန်၊ စပါး ရောက်နေချိန်မှ စံချိန်တင် ဈေးတက်တာက မြန်မာ့ထုံးစံပါ။ ဒီအခြေအနေကို ဘယ်သူတွေက ပြောင်းလဲနိုင်မလဲဆိုတာ အမှန်တကယ် ကျွဲ၊ နွားနဲ့ ရွှံ့ထဲဗွက်ထဲ ပင်ပန်းကြီးစွာ ရုန်းကန်နေရတဲ့ တောင်သူတွေကိုယ်စား အစိုးရက မေးဖို့လိုအပ်ပါတယ်။

ဆန်ချော စိုက်ပျိုးမှုလျော့ကျလာသလား၊ ပြည်တွင်းစားသုံးမှု မြင့်တက်လာသလား

ပေါ်ဆန်းဆန်ဈေး စံချိန်တင် မြင့်တက်ခဲ့ရတာက စိုက်ပျိုးထုတ်လုပ်မှု လျော့ကျခဲ့တာကြောင့်လား။ ဒါမှမဟုတ် စားသုံးမှုက ပိုမိုမြင့်တက်ခဲ့တာလားဆိုတာ စဉ်းစားစရာ ဖြစ်ပေမဲ့လည်း ၂၀၁၈ ခုနှစ်အတွက် ပြည်တွင်းမှာ  အဓိက စားသုံးတဲ့ ပေါ်ဆန်းဆန် စိုက်ပျိုးမှုက အရင်နှစ်တွေကထက် ပိုများခဲ့ပြီး စားသုံးမှုကလည်း ပုံမှန်အတိုင်းသာ ရှိနေတာပါ။

ပြည်တွင်းစားသုံးမှုနဲ့ ထုတ်လုပ်မှု ကွာခြားချက်မရှိဘဲ ပုံမှန်အတိုင်း ဖြစ်နေပေမယ့် အရင်နှစ်တွေက ဆန်ချောဈေးနှုန်း တစ်ခါတက်ရင် တစ်အိတ်ကို သုံးရာကျပ်နဲ့ ငါးရာကျပ်လောက်ပဲ ဈေးနှုန်းတက်လေ့ရှိပြီး ဒီနှစ်အတွင်းမှာတော့ ဈေးနှုန်းတစ်ခါတက်ရင် ကျပ် ၂၀၀၀ ကနေ ၃၀၀၀ အထက် မြင့်တက်နေတာပါ။ ဆန်ဈေးကို ဘယ်သူဈေးဆွဲ တင်နေပါသလဲ။

ပိုပြီးသိသာ ထင်ရှားတဲ့ အချက်က နှစ်စဉ်ဆန် အရောင်းအဝယ်နဲ့ ဈေးနှုန်းငြိမ်သက်လေ့ရှိတဲ့ မိုးတွင်းကာလ သြဂုတ်လ အတွင်းမှာ သိသိသာသာ ဈေးနှုန်းတက်ခဲ့တာပါ။ ဒီလို တက်တဲ့အပြင် သြဂုတ်လ တစ်လအတွင်းမှာပဲ ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၁၀,၀၀၀ ခန့် မြင့်တက်ခဲ့တယ်။

“ဒီနှစ်သြဂုတ်လမှာ ဖြစ်ပေါ်နေတဲ့ ပေါ်ဆန်းဈေးနှုန်းဟာ အမြင့်ဆုံးရောက်ရှိနေတာ တွေ့ရပါတယ်” လို့ ဦးအောင်သန်းဦးက ပြောကြားပါတယ်။

ပြည်တွင်းစားသုံးတဲ့ဆန်ကို ပြည်ပတင်ပို့မှု အရင်ထက် ပိုလာသလား

ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်အတွင်း ဈေးကွက်သစ်တွေ တိုးချဲ့တင်ပို့နိုင်တာကြောင့် ပြည်ပကို မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့ နိုင်ခဲ့ခြင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပဆန် တင်ပို့မှုက ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်ကစတင်ပြီး နှစ်စဉ်တိုးတက်လာ ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်ပ ကို ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်း ကျော်အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ တဲ့အတွက် ဝင်ငွေဒေါ် လာ ၁ ဒသမ ၁၃၇ ဘီလျံအထိ ရရှိခဲ့ပါတယ်။

ဒီလို ၂၀၁၇-၂၀၁၈ဘဏ္ဍာ နှစ် တင်ပို့ မှုနှုန်းကြောင့် ကမ္ဘာ့ဆန် တင်ပို့နေတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက ဆန်တင်ပို့မှု အများဆုံး အဆင့် (၁) ကနေ အဆင့် (၅) အတွင်း စာရင်းဝင်ခဲ့ပါတယ်။

လက်ရှိကာလကို ပြန်ကြည့်ရင်လည်း  ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၂ ရက် အထိ လေးလကျော် အတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၈၃,၁၀၀ ကျော် (၀ ဒသမ ၈၃ သန်းကျော်) သာ တင်ပို့ထားတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် လက်ရှိတင်ပို့မှုနှုန်း ကို အခြေခံပြီး လက်ရှိနှစ်ဆန်တင်ပို့မှုကို သုံးသပ်မယ်ဆိုရင် Probability (ဖြစ်နိုင်ခြေ အလားအလာ) က အများဆုံး ဆန်တန်ချိန် ၂ ဒသမ ၄ သန်းပဲ တင်ပို့နိုင်မယ့် အခြေအနေပဲ ရှိပါတယ်။ ဒါဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ထက် တန်ချိန်တစ်သန်းကျော် လျော့ကျမယ့် အနေအထားပါ။

“ပြီးခဲ့တဲ့နှစ် စံချိန်တင် တင်ပို့နိုင်ခဲ့တဲ့ နှစ်မှာတောင် ဆန်ဈေးမတက်ပဲ ဆန်တင်ပို့မှု လျော့ကျနေတဲ့ ဒီနှစ်မှာ ဆန်ဈေးစံချိန်တင် တက်နေတာက စဉ်းစားစရာ ဖြစ်နေပါတယ်” လို့ ဦးအောင်သန်းဦးက သုံးသပ်ပါတယ်။

ပြည်တွင်းမှာ အဓိကစားသုံးတဲ့ ဆန်ချောကို အဓိက အရောင်းအဝယ် ပြုလုပ်နေတဲ့ ဝါးတန်းဆန်ကုန်စည်ဒိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေအရ ပြီးခဲ့တဲ့နှစ်က ဆန်ကို စံချိန်တင် တင်ပို့ခဲ့တဲ့ နှစ်မှာတောင် ပေါ်ဆန်းဈေးနှုန်းက ငါးနှစ်အတွင်း အနိမ့်ဆုံး ဈေးနှုန်းပဲ ဖြစ်ခဲ့တာပါ။

အရင်နှစ်က ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၄၃,၀၀၀ ပဲ ရှိပါတယ်။ လက်ရှိအချိန် ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆို ဒီနှစ်မှာ တစ်အိတ်ကို ၁၈,၀၀၀ ကျပ်အထိကို ဈေးနှုန်းမြင့်တက်နေတာ တွေ့ရပါတယ်။

ပြည်တွင်းမှ စားသုံးတဲ့ ဆန်ချောဈေး စံချိန်တင် မြင့်တက်နေပေမယ့် ပြည်ပကို အဓိက တင်ပို့နေတဲ့ တန်းနိမ့်ဆန် ၂၅ မှတ်ဆန်တွေမှာတော့ ပြည်ပက ဝယ်လိုအား ကျဆင်းနေပါတယ်။ ပြည်ပကို တင်ပို့နေတဲ့ တန်းနိမ့်ဆန် အမျိုးအစား တွေကတော့ လက်ရှိတွင် ဈေးနှုန်းငြိမ်သက်နေတယ်လို့ တန်းနိမ့်ဆန်ကို အဓိက အရောင်းအဝယ် ပြုလုပ်နေတဲ့ ဘုရင်နောင် ဆန်ကုန်စည်ဒိုင်က သိရပါတယ်။

ဒီအခြေအနေတွေကို ယှဉ်ကြည့်မယ်ဆို  ပြည်သူတွေစားနေတဲ့ ဆန်ချောကို ဈေးမတက်တက်အောင် ဈေးကစားနေတဲ့ အခြေအနေကို သေချာပေါက် မြင်နေရပြီ ဖြစ်ပါတယ်။

ဒေသအသီးသီးမှဆန်များ အများဆုံးပို့ဆောင်သည့် ရန်ကုန်မြို့ ဝါးတန်းဆိပ်ကမ်းတွင် ဆန်အိတ်များ ထမ်းပိုးနေစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ဆန်ချောဈေးကို ဘယ်အရာတွေက ပိုမိုမြင့်တက်စေသလဲ

ဒီလို ဆန်ချောဈေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့ရတဲ့ အကြောင်းရင်းတွေမှာ ဆန်ချောတွေ ကုန်စည်ဒိုင်ဆီ ပုံမှန်ဆန်ဝင်ရောက်ခြင်း မရှိတော့ဘဲ ဆန်ဝင်ရောက်မှုကို တစ်ရက်သာ ဆောင်ရွက်ပြီး ကျန်ရက်တွေမှာ ဈေးနှုန်းဆွဲတင် ရောင်းချနေတဲ့ အခြေအနေတွေကို တွေ့နေရပါတယ်။

ပြည်တွင်းစားသုံးတဲ့ ဆန်ချောကို အဓိက ရောင်းချနေတဲ့ ဝါးတန်းဆန်ကုန်စည်ဒိုင်မှာ တစ်ပတ်ကို တစ်ရက်ပဲ ဆန်ဝင်ရောက်မှုရှိပြီး ကျန်ရက်တွေမှာ ဆန်တစ်အိတ်ကို ကျပ် ၂,၀၀၀ ကနေ ၃,၀၀၀ အထိ ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိနေပါတယ်။

“တချို့အချိန်တွေဆို ဆန်မဝင်ပါဘူး။ တနင်္လာတစ်ရက်ပဲ ဆန်ဝင်ပြီးတော့ ဆန်တစ်အိတ်ကို ၂,၀၀၀၊ ၃,၀၀၀ ဆွဲတင်တဲ့ အလေ့အထတွေ တွေ့ရပါတယ်။ ဒါတွေကို ပြန်လည်ပြီးတော့ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေနဲ့ရော ပေါင်းစပ်ပြီးတော့မှ ပုံမှန်ဆန်ဝင်ရောက်မှုဖြစ်အောင် ကျွန်တော်တို့ လေ့လာသုံးသပ် ပြီးတော့မှ ရေကြောင်းတို့ ဘာတို့နဲ့ ပြန်ညှိပြီးတော့ ဆောင်ရွက်ပါမယ်” လို့ ဦးအောင်သန်းဦးက ဆိုပါတယ်။

ဒီလို ဈေးနှုန်းဆွဲတင်ဖို့ ဆန်ပုံမှန် မဝင်တာက ဘယ်သူတွေ ထိန်းချုပ်နေတာလဲ ဆိုတာကိုပါ အစိုးရအနေနဲ့ စစ်ဆေးသင့်ပါတယ်။

ဝါးတန်းဆန်ကုန်စည်ဒိုင်ကို သြဂုတ်လဆန်းပိုင်းက တစ်နေ့ကို ဆန်အိတ်အရေအတွက် ၈၀၀ ခန့်အထိ ဝင်ရောက်ပေမဲ့လည်း သုံးပတ်အကြာမှာ  ဆန်ဝင်ရောက်မှုက ဆန်အိတ်အရေအတွက် ၂၀၀ နဲ့ ၃၀၀ ကြားပဲ ဝင်ရောက်တော့တယ်လို့ ဝါးတန်းဆန်ကုန်စည်ဒိုင်မှာ ဆန်အရောင်းအဝယ် ပြုလုပ်နေတဲ့ အကျိုးဆောင် တစ်ဦးက သြဂုတ် ၂၃ ရက်က ဝါးတန်း ဆန်ကုန်စည်ဒိုင်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။

“ပြီးခဲ့တဲ့ သြဂုတ်လပိုင်းမှာ ပေါ်ဆန်းက တနင်္လာနေ့ တစ်ရက်ထဲကို အိတ် ၇၀၀၊ ၈၀၀ လောက်ဝင်ပါတယ်။ အဲဒီမှာ အပြင်မှာရောင်း တဲ့ဈေးက ငါးသောင်းမပြည့်သေး ပါဘူး။ ၄၈၅၀၀ ကနေ ၄၉၅၀၀ လောက်အထိပဲ ရောင်းရပါတယ်။ နောက်တစ်ပတ်ကို ကူးသွားတယ် ဆန်အိတ်ဝင်လာတဲ့ အရေအတွက် လျော့သွားတယ်။ အိတ် ၅၀၀ လောက်ပဲ ပါတော့တယ်။ ဒီတစ်ပတ် ထဲမှာလည်း ဆန်တက်တာ အိတ် ၂၀၀နဲ့ ၃၀၀ လောက်ပဲ ရှိပါတော့ တယ်။ အောက်မှာရှိတဲ့ ကျေးရွာက ကုန်သည်တွေကို မေးကြည့်တော့ လယ် ၁၀ ဧက ၁၂ ဧကလောက် လုပ်တဲ့လယ်သမားမှာ လုံးဝစပါး မရှိ ပါဘူး။ လယ်ဧက ငါးဆယ် တစ်ရာ ၇၀၊ ၈၀ အဲဒီလိုလုပ်တဲ့သူတွေ လက်ထဲမှာ စပါးကို စပါးကျီထဲမှာ စပါးတစ်ထောင်၊ ၁၅၀၀ မျိုး အဲဒါမျိုး လှောင်ထားတာတွေ ရှိပါတယ်။ အဲဒီလိုလူမျိုးကလည်း ရွာတစ်ရွာ မှာ တစ်ဦးနှစ်ဦး လောက်ပဲရှိပါ တယ်။ အဲလူတွေက ထုတ်ရောင်းမယ် ဘယ်ဈေးရမှ ရောင်းမယ်” လို့  ၎င်းက ဆိုပါတယ်။

ပြည်တွင်းမှာ ရောင်းချနေတဲ့ လက်လီအရောင်းဆိုင်တွေ အနေနဲ့ကလည်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းအတိုင်းပဲ ဝယ်ယူကာ ပြန်လည် ရောင်းချနေရတာဖြစ်လို့ ဝါးတန်းကုန်စည်ဒိုင်မှာ ဘာကြောင့်ဆန်ချော ဈေးဆွဲတင် နေတာလဲဆိုတာ အဖြေရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

“လက်လီဆိုင်တွေရဲ့ အနေအထားမှာ ဖြစ်ပေါ်တဲ့ဈေးကွက် အပေါ်မှာ ဝယ်ရတာ ဖြစ်ပါတယ်။ အရောင်းတွေက အကျိုးဆောင်တွေပါ။ သူတို့တွေအနေနဲ့ ဒီနေ့ ဒီပေါက်ဈေး ရှိတယ်ဆိုရင် ပေါက်ဈေး အတိုင်းပဲ ရောင်းရပါတယ်” လို့ လတ်တလော ဖြစ်ပေါ်နေသော ဆန်ချောဈေးနှုန်းများအပေါ် ဆန်ကုန်သည်များ၊ ဆန်အကျိုးဆောင်များနှင့် ဆန်လက်လီဆိုင် ပိုင်ရှင်များ တွေ့ဆုံဆွေးနွေးပွဲ” ကို တက်ရောက် ဆွေးနွေးတဲ့ လက်လီအရောင်းဆိုင်ရှင် တစ်ဦးက ပြောပါတယ်။

ကုန်စည်ဒိုင်ဆီ ဆန်အဝင် အထွက်ကို စိတ်တိုင်းကျလုပ်ကိုင် နေတဲ့သူတွေရှိနေပြီး လိုသလို ဈေးနှုန်းမြှင့် ရောင်းချနေသူတွေကြောင့် ဆန်ချောဈေးနှုန်းမြင့်တက်နေ ရတာဖြစ်ပြီး ဘယ်သူတာဝန်ယူ ဖြေရှင်းမလဲဆိုတာ ပြည်သူသိဖို့ လိုအပ်ပါတယ်။ ဒါဟာ ဈေးကွက်စီး ပွားရေးကို အစိုးရက ဝင်စွက်ဖက်တာ မဟုတ်ဘဲ မသမာတဲ့ အကြံအစည်နဲ့ ဆန်ဈေးဆွဲတင်နေတာ၊ ဈေးကွက်လက်ဝါးကြီး အုပ်ပြီး ကျပ်တည်းနေတဲ့ ပြည်သူကို စားဝတ်နေ ရေးအခက်ကြုံအောင် လုပ်တာဖြစ်လို့ ယှဉ်ပြိုင်မှုဥပဒေအရ စုံစမ်းဖော်ထုတ် အရေးယူသင့်သလို စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ အပါအဝင် Related Law တွေနဲ့ ဈေးကွက်ကို ထိန်းညှိရေး စီးပွား/ကူးသန်းက အဓိက လုပ်ဆောင်ရမယ့် အခြေအနေပါ။

ဒါကြောင့်လည်း ဆန်ဈေး ဆွဲတင်မှုတွေကို ဆောင်ရွက်နေသူတွေ ရှိနေမယ်ဆို ဆက်လက်မလုပ်ဆောင်ဖို့နဲ့ ပြည်တွင်းဆန်ဈေး အခုထက် ဆိုးဆိုးဝါးဝါး မြင့်တက်လာမယ်ဆိုရင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆန်စပါး ကုန်သည်အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက သတိပေး ပြောကြားရတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ပုဂ္ဂလိက ကဏ္ဍကတောင် အရေးတယူ ဆန်ဈေးဆွဲတင်နေသူတွေကို ဥပဒေကြောင်းအရ အရေးယူဖို့ တိုင်ကြားသွားမယ်လို့ ပြောနေချိန်မှာ တာဝန်ရှိသူတွေက မလှုပ်ရှားတာ အံ့သြစရာပါ။ ဘယ်အရာတွေက အစိုးရ တာဝန်ရှိသူတွေကို နှုတ်ဆိတ်စေသလဲ ဆိုတာနဲ့ ပြည်သူတွေ ဒုက္ခရောက်လာအောင် ဈေးကွက်ကို လက်ဝါးကြီးအုပ် ထိန်းချုပ်လာတဲ့ ဖြစ်စဉ်တိုင်းမှာ ငါတို့ပါဝင် ထိန်းကျောင်းဖို့ လိုအပ်တယ်ဆိုတဲ့ အသိရှိဖို့ လိုအပ်ပြီး “ဒါက ဈေးကွက် စီးပွားရေး၊ ငါတို့နဲ့ မဆိုင်ဘူး” ဆိုတဲ့ Mindset တွေ ပြင်ဖို့ လိုအပ်ပါတယ်။

ထုတ်လုပ်မှုလည်းမလျော့ ပြည်ပလည်း တင်ပို့မှုမရှိတဲ့ဆန်တွေ ဘယ်ရောက်သွားလဲ

ဘုရင့်နောင် ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

လက်ရှိအချိန်မှာ အခြားစီးပွားရေး ကဏ္ဍတွေမှာလည်း လုပ်ငန်းပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ရှိနေပါတယ်။ ဒီလိုအချိန်ကာလမှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အခြားဆန်စက် ကုမ္ပဏီတွေက ပြည်တွင်းစားသုံးတဲ့ ဆန်တွေကို လှောင်ပြီး ဈေးနှုန်းမြင့်တက်ချိန်ကို စောင့်ပြီး ရောင်းချနေခြင်းတွေလည်း ရှိနေတယ်လို့ မန္တလေးတိုင်းဒေသကြီးက ဆန်ကုန်သည်တစ်ဦးက သုံးသပ်ပါတယ်။

လက်လီရောင်းချသူတွေက ကုန်စည်ဒိုင်မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းကိုပဲ ဝယ်ယူရောင်းချနေနိုင်သူတွေပါ။ လက်ရှိ ဆန်ဈေးကြီးမြင့်မှုက လက်ကြီးသမားတွေနဲ့ အကျိုး အမြတ်အတွက် ဆန်ကိုလှောင်ပြီး ဈေးမြင့်တက်ချိန်ကို အချိန်ကိုက် ထုတ်ရောင်းနေကြတဲ့ ဝိသမသမားတွေကြောင့်ပါ။

အခြားသော တစ်ဖက်မှာ လည်း မြန်မာ -တရုတ်နယ်စပ်က ကုန်သည်အချို့က ဧရာဝတီတိုင်း ဒေသကြီး အထိဆင်းပြီး ထွက်ရှိတဲ့ ဆန်များကို ပေါက်ဈေးထက်ပိုတဲ့ ဈေးနှုန်းနဲ့ ကြိုတင်ငွေပေးချေပြီး ဝယ်ယူမှုတွေ ရှိနေတယ်လို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေး မှူး ဦးသန်းဦးက ပြောကြားထားပါတယ်။

“အခုဧရာဝတီတိုင်းက ထွက်မယ့်ဆန်ကို သူတို့က ထပ်ဝယ်ဖို့ရှိတယ်။ ထပ်ဝယ်ဖို့ရှိတဲ့ဟာက ရှမ်းမတွေက တိုက်ရိုက်ဆင်းဝယ်လာတယ်။ သူတို့ကလည်း သကြားတွေ ရောင်းထားတော့ ငွေတွေပိုနေတယ်။ လာဝယ်တော့ ဘုရင့်နောင် ပေါက်ဈေးထက် ပိုဝယ်တယ်။ နောက်ပြီးတော့ ဆန်ကိုငွေကြို ပေးပြီးတော့ ဝယ်တယ်။ ဘုရင့် နောင်ကနေ အမြဲတမ်းနယ်စပ်ကို တင်ပို့နေတဲ့လူတွေလည်း မလုပ် နိုင်တဲ့ဈေးနဲ့ သူတို့ကဝယ်တယ်။ သူတို့မှာ အားသာချက်ရှိတာက သူတို့ဘုရင့်နောင်ကလူတွေ ဟိုမှာရောင်းရင် တစ်အိတ်ကို ၇၀၀ လောက် ၈၀၀ လောက် ပွဲခရတယ်။ အဲဒီပွဲခကို ဒီကနယ်စက်ပိုင်တွေဆီမှာ ပေါင်းပြီးတော့ ဝယ်လိုက်တဲ့ အခါကျတော့ ဘုရင့်နောင်မှာ အမြဲတမ်း ဝယ်တဲ့သူက မဝယ်နိုင်တော့ဘူးလေ” လို့ ဦးသန်းဦးက ပြောကြားပါတယ်။

ယင်းဖြစ်စဉ်များကတော့ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလက ဖြစ်ခဲ့တာဖြစ်ပြီး တရုတ်ဘက်မှ ဆင်းဝယ်ယူခဲ့တဲ့ ဆန်များကတော့ ပြည်တွင်းမှာ အဓိကစားသုံးတဲ့ ဆန်အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်တွေကို ထိန်းကျောင်းပေးဖို့ ဆန်လုပ်ငန်းရှင်တွေက တင်ပြထားပါတယ်။ လုပ်ငန်းရှင်တွေက ဈေးနှိမ်ပြီး တရုတ်နိုင်ငံဘက်က ဆင်းဝယ်ယူသူတွေက ဈေးပိုပေး တိုက်ရိုက်ဝယ်လို့ တောင်သူလယ်သမားတွေ အကျိုးပိုရှိမယ် ဆိုရင်တောင် ပြည်တွင်းဆန်ဈေး မြင့်တက်အောင် ဈေးကစားနေမှုမှာ တရုတ်ဝယ်လက်တွေ ကြောင့်သာ ဖြစ်နေရင်တော့ အစိုးရက တားဆီးဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး တားဆီးဖို့ တင်ပြထားကြပေမဲ့လည်း အစိုးရကိုယ်တိုင်က မလှုပ်ရှားတာ ဘာကြောင့်လဲ ဆိုတာကိုလည်း ဖြေဖို့လိုအပ်ပါတယ်။

ဆန်ဈေးနှုန်း မတည်ငြိမ်မှု ဖြစ်စဉ်တိုင်းမှာ အစိုးရအဆက်ဆက် ဖြေရှင်းခဲ့ပုံနဲ့ အရန်ဆန်ကဏ္ဍ

ဒီလိုမျိုး ပြည်တွင်းဆန်ဈေးနှုန်းတွေ ကြီးမြင့်ချိန်မှာ အရင်အစိုးရ အဆက်ဆက်က အလျှင်အမြန် ဖြေရှင်းပေးခြင်းနဲ့ အရန်ဆန် ဒါမှမဟုတ် နိုင်ငံတော်ပိုင်ဆန်တွေကို ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းထက်လျှော့ပြီး ဈေးနှုန်း ပြန်လည်ငြိမ်သက်တဲ့အထိ ရောင်းချပေးခဲ့မှုတွေ ရှိခဲ့ပါတယ်။ လက်ရှိ NLD အစိုးရ လက်ထက်မှာတော့ ဒီလိုဖြေရှင်းပေးနိုင်စွမ်း နတ္ထိပါ။

“ကျွန်တော်တို့ နအဖခေတ်ကိုလည်း မီခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရခေတ်ကိုလည်း မီခဲ့ပါတယ်။ ဒီကုန်စည်ဒိုင်မှာ ဆန်ဈေးနှုန်းတွေ တက်လာပြီဆိုရင် တာဝန်ရှိသူတွေက အလျင်အမြန် စီစဉ်ဆောင်ရွက် ပြီးတော့ ဈေးကွက်မှာ လိုအပ်ချက်ရှိနေတဲ့ ဆန်တွေရှိရင် ဒီမှာလာပြီး ရောင်းချပေးတဲ့ အစဉ်အလာတွေ ရှိခဲ့ဖူးပါတယ်။ ပေါ်ကျွဲတစ်အိတ်ကို နှစ်သောင်းခွဲဖြစ်နေရင် အဲဒီအရန် ဆန်လား ဘယ်ကဆန်လဲမသိတဲ့ ဆန်တွေက ဒီမှာ  နှစ်သောင်းနှစ် ထောင်လောက်နဲ့ ဝင်ပြီးရောင်းပေး တာတွေရှိပါတယ်။ ဆန်ဈေးနှုန်း အထိုက်အလျောက်ကျပြီး အောက်ကပို့တဲ့ ဆန်ဈေးနှုန်းနဲ့ ကုန်စည် ဒိုင်မှာရှိတဲ့ ဆန်ဈေးနှုန်း ညီသွားပြီ ဆိုရင် ရောင်းနေတဲ့ဆန်ကို ရပ် ဆိုင်းပြီးတော့ ပုံမှန်လည်ပတ်စေ တယ်။ ဒီနေ့ နိုင်ငံတော်မှာ အရန်ဆန်တွေ မရှိတော့ဘူးလားဆိုတာ တွေးစရာ ဖြစ်နေပါတယ်” လို့ သြဂုတ် ၂၃ ရက်က ဝါးတန်းဆန်ကုန်စည်ဒိုင် အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့တဲ့ လက်လီ အရောင်းဆိုင်ရှင် တစ်ဦးက သုံးသပ်ပြောကြားပါတယ်။

အရင်အစိုးရ လက်ထက်က ပြည်တွင်း အရန်ဆန်ထားရှိမှု ဘယ်လောက်ကျန်ရှိနေတယ်ဆိုတာ ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ပေမဲ့လည်း လက်ရှိအစိုးရ လက်ထက်မှာတော့ အရန်ဆန်ထားရှိမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားမှု မရှိသလို ပြည်တွင်းဆန်ချောဈေး စံချိန်တင်မြင့်တက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင် သွားမယ်ဆိုတာ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဒီလို ထုတ်ပြန်ပြောဆိုမှု မရှိတဲ့အပြင် ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအားအရ ဆိုတာမျိုးနဲ့ ပေယျာလကန်ပြုထားတာကို မြင်နေရတာက ပိုဆိုးပါတယ်။

ဆန်ချောဈေးနှုန်း မြင့်တက်မှုက အောက်ခြေ တောင်သူတွေအတွက် အကျိုးရှိသလား      

တောင်သူလယ်သမားတွေ အနေနဲ့ စပါးတင်းတစ်ရာ ကြိတ်ခွဲမယ်ဆို ဆန်အိတ် ၂၅ အိတ်နဲ့ ဆန်ကွဲကြီး ငါးအိတ် ထွက်ပါတယ်။ လယ်တစ်ဧကကို ပျှမ်းမျှအနည်းဆုံး စပါးတင်းလေးဆယ်နှုန်းနဲ့ တွက်မယ်ဆိုရင် လယ် ၁၀ ဧက ပိုင်တဲ့ တောင်သူတစ်ယောက်က စပါးတင်း ၄၀၀ ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဆန်ချောဈေး ၅၂,၀၀၀ ကျပ်က ၆၅,၀၀၀ ကျပ်အထိ ဖြစ်နေပါတယ်။ အခုဖြစ်ပေါ်နေတဲ့ ဈေးနှုန်းနဲ့ဆိုရင် ဆန်ကွဲထွက်ရှိမှုကို ချန်လှပ်ထားပြီး ဆန်အိတ် ၂၅ အိတ်ကိုပဲ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်ဈေးနှုန်းနဲ့ တွက်မယ်ဆိုရင် စပါးတင်း ၁၀၀ ဈေးကို ကျပ် ၁၃ သိန်းကနေ ၁၆ သိန်းကျော်အထိ ဖြစ်ပေါ်နေပါတယ်။ အောက်ခြေ တောင်သူတွေအနေနဲ့ ဒီလိုဖြစ်ပေါ်တဲ့ စပါးဈေးနှုန်းအတိုင်း အမှန်တကယ် ရရှိလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ရှိပါတယ်။

“နတ္တလင်း၊ ပေါင်းတည်မြို့မှာတော့ ဆန်ချောအကောင်းစားပေါ့။ ဒါဆိုပြီးခဲ့တဲ့ နှစ်ကတော့ စပါးဈေးက ခုနစ်သိန်းခွဲ လောက်ပဲရတယ်။ ဒီနှစ်တော့ စောင့်ရောင်းနိုင်တဲ့ အနေအထားရှိတော့ စောင့်ရောင်းတာ ပြီးခဲ့တဲ့ တစ်လခွဲကျော်က ရောင်းလိုက်တာ ၁,၀၅၀,၀၀၀ လောက်ရတယ်” လို့ ပေါင်းတည်မြို့မှာ လယ် ၁၂ ဧကကျော်ရှိတဲ့ ဒေါ်သောင်းကြည်က ပြောပါတယ်။

ဒါပေမဲ့ လယ်သမား အများစုက ဈေးနှုန်းတက်ချိန်ကိုစောင့်ပြီး မရောင်းချနိုင်ပါဘူး။ စပါးပေါ်ချိန်မှာ မြန်မြန်ရောင်းချတာ များပါတယ်။ အကြောင်းကတော့ စိုက်ဘဏ်ချေးငွေ၊ စပါးမပေါ်မီ စိုက်ပျိုးဖို့ယူထားရတဲ့ ချေးငွေတွေကို လရှည်အတိုးပေးရမှာ စိုးရိမ်တာကြောင့် အလျင်အမြန် ရောင်းချသူက များပါတယ်။

ဈေးတက်ချိန်ကိုစောင့်ပြီး မရောင်းနိုင်တဲ့ တောင်သူလယ်သမားတွေ အဖို့က နစ်နာမြဲနစ်နာ နေပါတယ်။ ငွေပိုငွေလျှံရှိလို့ အချိန်ကိုစောင့်ပြီး ရောင်းနိုင်တဲ့သူတွေ အတွက်တောင် အချိန်တစ်လခွဲလောက် အတွင်းမှာကို စပါးတင်းတစ်ရာမှာ ကျပ်နှစ်သိန်းလောက် နစ်နာတယ်လို့ သိရပါတယ်။

“ခုဆိုရင် ပေါင်းတည်ဘက်မှာ စပါးဈေးက ၁၂ သိန်းကျော်သွားပြီ။ အရင်တစ်လခွဲလောက်က ရောင်းလိုက်တဲ့ ဈေးနဲ့ဆို နှစ်သိန်းလောက် ကွာသွားတယ်” လို့ ဒေါ်သောင်းကြည်က ဆက်ပြောပါတယ်။

ဆန်ဈေးအတက်အကျကို မခန့်မှန်းနိုင်၊ သတင်းအချက်အလက်ကို ကြိုတင်မသိရတဲ့ အောက်ခြေ တောင်သူလယ်သမား တွေကတော့ အခုလို ဆန်ဈေး၊ စပါးဈေး စံချိန်တင် မြင့်တက်နေချိန်မှာတောင် အကျိုးခံစားခွင့် ရာခိုင်နှုန်း အနည်းငယ်သာ ရှိပါတယ်။

ဒီလိုဆို ဘယ်သူတွေက ဒီစံချိန်တင်ဈေးနှုန်း အပြောင်းအလဲကာလမှာ ဘယ်သူတွေက အမြတ်အစွန်းများများ ရရှိနေလဲ ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

တစ်ဖက်မှာလည်း ဆန်ချောဈေးတက်လို့ ဆန်ကြမ်းပဲ စားကြပါ ဆိုတာက အဖြေမှန် မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ လူတစ်ဦးချင်း တစ်နှစ်ပျမ်းမျှ ဆန်စားသုံးမှုဟာ ၁၅၅ ဒသမ ၁၄ ကီလိုဂရမ်ရှိပြီး ပြည်တွင်းဆန် စားသုံးမှုဟာ တန်ချိန် ရှစ်သန်းခန့်ရှိပါတယ်။ ဒါ့အပြင် ဆင်းရဲမွဲတေမှု ပြယုဂ်အဖြစ် မိသားစုဝင်ငွေရဲ့ ၅၁ ရာခိုင်နှုန်းကျော်ကို အစားအစာအတွက် အသုံးပြုနေရတယ်လို့ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ စိုက်ပျိုးစီးပွား ပညာဌာနက တွဲဖက်ပါမောက္ခ ဒေါက်တာသိင်္ဂီမြင့်တို့ ပြုစုတဲ့ လူတစ်ဦးချင်း ဆန်စားသုံးမှု စစ်တမ်းအရ သိရပါတယ်။

ဆန်စားသုံးမှုကို လေ့လာမှုအရ တစ်နိုင်ငံလုံး တစ်ဦးချင်း တစ်နှစ်ကို ပျမ်းမျှဆန်စားသုံးမှု ၁၅၅ ဒသမ ၁၄ ကီလိုဂရမ်ရှိပြီး လူတစ်ဦးချင်း အနည်းဆုံး ဆန်စားသုံးမှုက ၄၃ ဒသမ ၁၀ ကီလိုဂရမ်နဲ့ အများဆုံးစားသုံးမှုက ၃၂၆ ဒသမ ၁၁ ကီလိုဂရမ်အထိ ဖြစ်ပါတယ်။ ဆန်ကို အဓိကစားသုံးတဲ့ မြန်မာနိုင်ငံမှာ အရင်က အစားအစာအတွက် ဝင်ငွေအသုံးပြုရမှုတွေကို တွက်ချက်ထုတ်ပြန်ရာမှာ CSO ရဲ့ တွက်ချက်မှုတွေအရ ၁၉၈၉ ခုနှစ်မှာ ဝင်ငွေရဲ့ ၇၃ ဒသမ ၀၄ ရာခိုင်နှုန်း၊ ၁၉၉၇ ခုနှစ်မှာ ၇၀ ဒသမ ၉၅ ရာ ခိုင်နှုန်း၊ ၂၀၀၁ ခုနှစ်မှာ ၇၁ ဒသမ ၉၁ ရာခိုင်နှုန်း၊ ၂၀၀၅ ခုနှစ်မှာ ၆၄ ဒသမ ၀၆ ရာခိုင်နှုန်း၊ ၂၀၀၆ ခုနှစ်မှာ ၇၀ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ၂၀၁၂ ခုနှစ်မှာ ၆၃ ဒသမ ၅၁ ရာ ခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် မှာတော့ ၅၁ ဒသမ ၃၃ ရာခိုင်နှုန်း ပါ။ အခြားတစ်ဖက်မှာလည်း ပြည်သူတွေက ဝင်ငွေမြင့်တက်လာရင် စားချင်တဲ့ ဆန်က ပေါ်ဆန်းမွှေးပါ။

ဒီလို ပြည်သူတွေစားချင်တဲ့ ပေါ်ဆန်းမွှေးဟာ NLD အစိုးရ လက်ထက်မှာ ဆန်ဈေးဆွဲတင်မှုတွေကြောင့် အစိုးရကဝင်ပြီး ပြည်သူတွေ မနစ်နာရအောင် ဆောင်ရွက်မပေးလို့ ပြည်သူတွေက ဆန်ကြမ်း ပြောင်းလဲစားသုံးရမယ် ဆိုတာက အဓိပ္ပာယ် မရှိသလို အစိုးရတစ်ရပ်ရဲ့ အရည်အချင်း နည်းပါးမှုကိုလည်း ထင်ဟပ်စေသလို ဖြစ်စေမှာပါ။ လက်ရှိအချိန်မှာ အစိုးရအနေနဲ့ ပြည်တွင်းဆန်စားသုံးမှု၊ အရန်ဆန်မူဝါဒ၊ ရေကြီးနစ်မြုပ်ပျက်စီးမှု၊ ပြည်ပတင်ပို့မှု အခြေအနေတွေ အားလုံးကို ချိန်ဆပြီး ဘယ်သူတွေက ဆန်ချောဈေး ဆွဲတင်ပြီး ဈေးကွက်ကို ချယ်လှယ်နေသလဲ ဆိုတာကို စစ်ဆေးဖော်ထုတ် အရေးယူပြီး ပြည်သူ့မျက်နှာကြည့်တဲ့ အစိုးရအဖြစ် ရပ်တည်စွမ်းဆောင်ပြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။