Cyber Security နဲ့ ဘဏ်တွေရဲ့ အွန်လိုင်းလုံခြုံရေး

Cyber Security နဲ့ ဘဏ်တွေရဲ့ အွန်လိုင်းလုံခြုံရေး
Published 6 August 2018

ရန်ကုန်မြို့တွင် လူမှုကွန်ရက် အသုံးပြုနေသူ အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

လွန်ခဲ့သည့် ဆယ်စုနှစ်များက မြန်မာနိုင်ငံဟာ စီးပွားရေးပိတ်ဆို့ ခံရမှုတွေနဲ့အတူ စစ်အာဏာရှင် လက်အောက်မှာ နေထိုင်ခဲ့ရတဲ့ အတွက် ပြည်သူတွေဟာ ကမ္ဘာကြီးနဲ့ အတော်ကို အလှမ်းဝေးနေခဲ့ဖူးပါတယ်။ အဲဒီခေတ်အခါတုန်းက ပြည်သူတွေအတွက် ကြိုးဖုန်းတွေ၊ ကျပ်သိန်း ၅၀ နီးပါး တန်ကြေးရှိတဲ့ မိုဘိုင်းဖုန်းတွေကသာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ အဓိက အရာတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်တွေ ပေါ်ပေါက်ခဲ့ခြင်းနှင့်အတူ တစ်ချိန်က ခက်ခဲစွာဖွင့်ပြီး အသုံးပြုခဲ့ရတဲ့ G-Talk အကောင့်တွေထက် များစွာအသုံးပြုရ အဆင်ပြေတဲ့ လူမှုကွန်ရက် Facebook အသုံးပြုမှုဟာ မြန်မာပြည်သူတွေကြားမှာ အမြစ်တွယ်လာခဲ့ပါတယ်။ အမြစ်တွယ်လာတဲ့ အဲဒီယဉ်ကျေးမှု တစ်ရပ်ကို အသုံးပြုပြီး ဝါဒဖြန့်၊ သွေးထိုးတဲ့ ဖြစ်စဉ်တွေကြောင့် ပြဿနာများစွာလည်း ဖြစ်ပေါ်ခဲ့ရပါတယ်။

လက်ရှိမျက်မှောက်ခေတ်ကတော့ မြန်မာပြည်သူတွေအတွက် လူသားသမိုင်းတစ်လျှောက် အတိုးတက်ဆုံး နည်းပညာတွေနဲ့ ကမ္ဘာ့ရွာကြီးထဲက မိသားစုဝင်တွေ ဖြစ်လာခဲ့ပါပြီ။ ဒီခေတ်က G-Talk သုံးနိုင်ရင် အကောင် မဟုတ်တော့သလို Facebook ဆိုတာကလည်း လူတိုင်းရဲ့ ဘဝအတုသဖွယ်တောင် ဖြစ်လာနေပါပြီ။ ဒါ့အပြင် အခြားအခြားသော လူမှုကွန်ရက်တွေဆိုတာလည်း ပြည်သူတွေအတွက် မစိမ်းတဲ့အရာတွေ ဖြစ်လာပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက ပြည်သူတွေကြားမှာ ဗိုလ်စွဲနေတာကတော့ Facebook ပါ။ ကိုယ်စားပြုအကောင့်တွေ လူတိုင်းလိုလိုမှာ ရှိနေပြီး အကောင့်အများစုမှာလည်း အသုံးပြုသူတွေက ပြင်ပလောကမှာတောင် လျှို့ဝှက်ထားတတ်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လွယ်လင့်တကူပဲ ပြောဆိုအသုံးပြု နေတတ်ကြပါတယ်။

အဲဒါတွေအပြင် မြန်မာပြည်သူတွေက သူတို့ရဲ့ စမတ်ဖုန်းတွေထဲမှာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ လျှို့ဝှက်ချက်တွေ အကုန်လုံးနီးပါးကို သိမ်းဆည်းထားတတ် ကြပါတယ်။ ဒါက တိုးတက်မှုတစ်ခု အနေနဲ့ ရှုမြင်နိုင်ပေမယ့် အသုံးချမှု မမှန်ကန်ရင် ပြဿနာအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

Analog ခေတ်ကတော့ Personal Data တွေကို ခိုးယူချင်ရင် ခါးပိုက်နှိုက်တာတို့ အိမ်ထဲဝင်ခိုးတာတို့ ဒါမှမဟုတ်လည်း ဓားပြတိုက်မှပဲ ရနိုင်တဲ့ အခြေအနေ ဖြစ်ပေမယ့် ဒီဂျစ်တယ်ခေတ်မှာတော့ ကျွမ်းကျင်တဲ့ Hacker တွေရဲ့ ကျော့ကွင်းတွေထဲ ဝင်ရောက်သွားတာနဲ့ ကိုယ့်ရဲ့ Personal Data တွေအတွက် မတွေးဝံ့စရာ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပုဂ္ဂလိကဘဏ်တစ်ခုမှာ အကောင့်တစ်ခုကို Hack ပြီး ငွေထုတ်ယူမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ နိုင်ဂျီးရီးယား နိုင်ငံသားတစ်ဦးက ကျူးလွန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခဲ့ပေမယ့် အခုချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

ဒီဂျစ်တယ်ခေတ်မှာ တစ်ကိုယ်ရေ လုံခြုံရေးအတွက် ဂရုစိုက်ရမှာ  ဖြစ်ပေမယ့် သုံးစွဲသူ သတိမမူမိတဲ့ အခြေအနေကနေ ကိုယ့်ရဲ့ကိုယ်ရေး အချက်အလက်တွေ၊ အရေးကြီး Data တွေဟာ ခိုးယူခံနေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ နိုင်ငံတကာက သိရှိလာပြီးနောက်ပိုင်းမှာ စိတ်ဝင်စားခံရတဲ့ နိုင်ငံတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက မြန်မာနိုင်ငံကို စိတ်ဝင်စားမှု မြင့်တက်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။

“ဒီအချိန်က မြန်မာနိုင်ငံက မီးနီဖြစ်နေတဲ့အချိန်။ အကုန်လုံးက လက်တည့်စမ်းချင်တဲ့အချိန်။ အခု နည်းပညာ ဘက်မှာဆိုရင် အဆင့်မြင့်မြင့်နဲ့ ဘဏ်အကောင့်တွေကို ဟက်ချင်တာတွေ ရှိလာတယ်” လို့ ပြည်တွင်းက နာမည်ကြီး ဘဏ်တွေရဲ့ နည်းပညာလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ Zorro RITZ Public ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ကိုလင်းရဲထွန်းက ဆိုပါတယ်။

အဲဒါကြောင့် ဘဏ်တွေအနေနဲ့ မိမိတို့ရဲ့ နည်းပညာလုံခြုံရေးကို ဂရုစိုက်ရတော့မယ့်အချိန် ရောက်လာပြီ ဖြစ်ပါတယ်။

အဲဒါအပြင် အွန်လိုင်းဘဏ်အကောင့် သုံးစွဲတဲ့သူတွေအနေနဲ့လည်း မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားမှု မရှိစေဖို့ အွန်လိုင်းသုံးစွဲရာမှာ သတိထား သုံးစွဲရမယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Password Sharing လုပ်ခြင်း

ချစ်သူစုံတွဲတွေဟာ တစ်ဦးသုံးတဲ့ လူမှုကွန်ရက် အကောင့်တွေ Facebook ဖြစ်ဖြစ် Gmail ပဲဖြစ်ဖြစ် အဲဒီလိုအကောင့်တွေမှာ တစ်ဦးရဲ့ Password ကို တစ်ဦးက သိလိုကြပါတယ်။

ဒါကို ချစ်ခြင်းမေတ္တာရဲ့ အမှတ်တံဆိပ်လို့ သတ်မှတ်လို့ မရပါဘူး။ ဒါက လူသားတစ်ယောက်ရဲ့ လူသားအခွင့်အရေး တစ်ရပ်ကို ချိုးဖောက်ခံရတယ်ဆိုတာ မသိကြတာပါ။ လူသားတွေမှာ တစ်ပါးသူကို မပြောလိုတဲ့ မပြောချင်တဲ့ အကြောင်းအရာ၊ ဒါမှမဟုတ် သက်ဆိုင်တဲ့သူတွေပဲ သိစေရမယ့် လျှို့ဝှက်အချက်အလက်တွေ ရှိနိုင်ပါတယ်။

ဒီအတွက် မိမိကို ကိုယ်စားပြုတဲ့ လူမှုကွန်ရက် အကောင့်တွေကို သုံးစွဲတဲ့အခါမှာ Password ကို ကိုယ်တိုင်ကလွဲပြီး အခြားသူသိဖို့ မလိုအပ်သလို တောင်းဆိုလာရင်လည်း ပေးဖို့မလိုအပ်ပါဘူး။ Password ပေးလိုက်တာနဲ့ ပထမဆုံး ခံစားကြုံတွေ့ရမှာက မိမိကိုယ်ကိုမိမိ မလုံခြုံတော့သလို ခံစားချက်မျိုးပါ။

ဒီအခြေအနေတွေကမှတစ်ဆင့် မမျှော်လင့်ဘဲ မိမိရဲ့ အရေးကြီး သိမ်းဆည်းထားသင့်တဲ့ လျှို့ဝှက်အချက်အလက် ပေါက်ကြားမှုတွေ ဖြစ်လာစေနိုင်ပါတယ်။

Password ဆိုတာ မြန်မာလို ဘာသာပြန်ရင် စကားဝှက်ပါ။ ဆိုလိုတာ လျှို့ဝှက်ထားရမယ့် အရာပါ။ စစ်မြေပြင်တွေမှာတောင် ကိုယ့်တပ် သူ့တပ်သာ သိနိုင်မယ့် စကားဝှက်တွေကို အသုံးချပြီး တိုက်ပွဲဆင်နွှဲ နေကြတာ အခုအချိန်ထိပါ။ စစ်မြေပြင်က စစ်သားတွေအတွက်  စကားဝှက်တွေကို အသက်တစ်မျှ အရေးတကြီး နှုတ်လုံစွာ သိမ်းထားကြပါတယ်။ ဒီလိုပါပဲ လူသားတွေအတွက် ကိုယ့်ရဲ့ဘဝဟာ ကိုယ်တိုင်ဆင်နွှဲနေရတဲ့ တိုက်ပွဲပါ။ ဒါ့အပြင် နည်းပညာခေတ်ထဲမှာ Password ဆိုတာ Cyber Security အတွက် အရေးကြီးဆုံး အရာတွေထဲမှာ ပါပါတယ်။

“ပြဿနာတွေ အတော်များလာတာက လူတွေက Cyber Security အကြောင်းကို နားမလည်ဘူး။ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ဘယ်လို နေရမယ်ဆိုတာ နားမလည်ဘူး။ ဥပမာ Basic Principle တွေပေါ့။ Password ဆိုတာ သူများနဲ့ Share မလုပ်ရဘူး။ Share လုပ်လိုက်တာနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာစေနိုင်တယ်လေ” လို့  ကိုလင်းရဲထွန်းက ဆိုပါတယ်။

Facebook ပေါ်က တွေ့ကရာ Apps တွေကို အသုံးမပြုပါနဲ့

သင့်အသက် ၅၀ မှာ ဘယ်လိုရုပ်ဖြစ်နိုင်မလဲ။ သင်က ဘယ် Celebrity နဲ့ တူလဲဆိုတာမျိုးတွေက Facebook  ပေါ်မှာ မကြာခဏ တွေ့မြင်နိုင်ပြီး အသုံးပြုသူတွေက ခပ်လွယ်လွယ် Click နှိပ်ပြီး စမ်းသပ်ကြည့်တတ် ကြပါတယ်။ ဖျော်ဖြေမှု အသွင်ဆောင် နေပေမယ့်အဲဒီ Apps တွေကို ဝင်တဲ့အခါ  Facebook နဲ့ဝင်မလား ဒါမှမဟုတ် အကောင့်သစ်ဖွင့်မလားဆိုတဲ့ မေးခွန်းတွေကို တွေ့ရမှာပါ။

နည်းပညာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဒီလိုမျိုးတွေကို Click နှိပ်မိတဲ့အခါ Login လုပ်ရမယ်ဆိုရင် အကောင့်အသစ် လုပ်လိုက်တာ အကောင်းဆုံးလို့ ပြောကြားကြပါတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်အကောင့်တွေကို အသုံးပြု ဝင်မယ်ဆိုရင် မမျှော်လင့်ဘဲ Hacker တွေရဲ့ ကျော့ကွင်းတွေထဲ ဝင်ရောက်သွားနိုင်ပါတယ်။

ဒါ့အပြင် Facebook ပေါ်မှာ တွေ့ရတတ်တဲ့ သင်ဘယ်လို အိမ်မွေးတိရစ္ဆာန်မျိုးကို မွေးချင်လဲ ဆိုတာမျိုးကအစ ကိုယ့်ရဲ့ကိုယ်ရေး အချက်အလက် အတော်များများကို ဖော်ပြစေချင်အောင် ပြုလုပ်ထားတဲ့ Post တွေကို Sharing လုပ်တဲ့သူတွေ အများကြီး ရှိတာကို တွေ့နိုင်ပါတယ်။

ဒီ Post တွေမှာ ကိုယ်ရဲ့ ကိုယ်ရေးအချက်အလက် အမှန်တွေကို အပျော်သဘောပဲဖြစ်ဖြစ် ဖြည့်လိုက်တာနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်အကောင့်တွေကို Hacking လုပ်ဖို့အတွက် လမ်းစပေါ်သွားပါပြီ။ ဒီအချက်အလက်တွေက တစ်ဆင့် Gmail ရဲ့ Password ကို Hacking လုပ်လို့ရနိုင်ပြီး ဒီကမှတစ်ဆင့် Gmail နဲ့ ချိတ်ဆက်ထားတဲ့ Facebook အကောင့်ကို လွယ်လင့်တကူ Hacking လုပ်လို့ရသွားနိုင်ပါတယ်။

ဒါကြောင့် တွေ့ကရာတွေကို Share မလုပ်မိဖို့လည်း အရေးကြီးပါတယ်။

“ကိုယ့်ရဲ့ Personal Data တွေ သူများသိသွားနိုင်တဲ့ Post မျိုးတွေ၊ အဲဒီလို Post တွေမှာ ကိုယ့်ရဲ့ Profile ကို အမှန်အတိုင်း ချပြလိုက်တာနဲ့ နောက်ထပ် Hacking လုပ်ဖို့ လမ်းစထပ်ရသွားပြီ။ ပထမ Gmail ရဲ့ Password ကို Reset လုပ်ဖို့ အဲဒီ Personal Data တွေ လိုတာကို။ အဲဒီတော့ အကြံပေးချင်တာက မနှိပ်နဲ့ မပြောဘူး။ နှိပ်မယ်ဆိုရင်တော့ Login ကို Create New Account လုပ်ပြီးသာဝင်၊ ပြီးရင် ကိုယ်ရဲ့ Personal Data တွေကို တန်ဖိုးထားပါ။ ဒါသိပ်ကို အရေးကြီးတဲ့အရာပါ။ သူများတွေကို လွယ်လင့်တကူ မမြင်ပါစေနဲ့” လို့ ကိုလင်းရဲထွန်းက ပြောပါတယ်။

Personal Data တွေ ချိုးဖောက်ခံရရင် ဘာတွေ ထပ်ဖြစ်လာနိုင်လဲ

အခုနောက်ပိုင်းမှာ တယ်လီဖုန်း အော်ပရေတာတွေကို အသုံးပြုပြီး ငွေလွှဲတဲ့ စနစ်တွေ အတော်တွင်ကျယ် လာခဲ့ပါပြီ။ ပြည်တွင်းဘဏ်တွေရဲ့ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲမှုတွေကနေ ပြည်သူတွေကြားမှာ Online Banking စနစ်တွေဟာလည်း အတန်အသင့် အသုံးပြုလာခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ Online Banking တွေ၊ တယ်လီဖုန်း အော်ပရေတာတွေကို အသုံးပြုပြီး ငွေလွှဲတဲ့ စနစ်တွေကို ပြည်သူတွေ အသုံးပြုတဲ့ နေရာမှာ ကိုယ့်ရဲ့ ငွေကြေးစီးဆင်းမှု စနစ်အတွက် အသုံးပြုတဲ့ အကောင့် တွေမှာလည်း Password တွေကို ကိုယ်တစ်ဦး တစ်ယောက်တည်းပဲ ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အသုံးပြုသူဘက်က ယုံကြည်လို့ Password မျှဝေခြင်းကနေ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဘဏ်တွေဘက်က တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုရင် User နဲ့ Password မှန်ကန်ရင် ဘဏ်ရဲ့စနစ်တွေက ငွေကို ထုတ်ပေးရတော့မှာပါ။ ဒါက ဘဏ်တွေဘက်က လုပ်ကိုင်ဝန်ဆောင်မှု ပေးရတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။

“ATM ကတ်တွေကနေ ငွေထုတ်တဲ့အခါ Customer ရဲ့ Password ကို သိနေရင်စက်က ထုတ်ပေးမှာပဲ။ ပြီးတော့ Online Banking စနစ်တွေမှာလည်း ဒီလိုပဲလေ။ Customer တွေက သူတို့ Password ကို အခြားသူကို ပေးထားခဲ့တယ်။ နောက်ပိုင်းကျတော့ အဲဒီလူက အကောင့်ထဲကနေ ငွေတွေထုတ်သွားမယ်။ ဘဏ်တွေဘက်ကို အပြစ်လာတင်ကြတယ်။ ဒါပေမဲ့ ဘဏ်တွေဘက်က ဒါတွေကို ဘာမှလုပ်ပေးလို့မရဘူး။ ကျွန်တော်တို့ ကျင့်ဝတ်တွေအရလည်း Customer ရဲ့ Personal ပိုင်းကို ဝင်စွက်ဖက်ခွင့်မရှိဘူး။ ဖြစ်တော့မှ ဘဏ်ကို Complain တက်ကြတာတွေက အတော်ကိုခက်တယ်” လို့ ဧရာဝတီဘဏ်တွင် အလုပ်လုပ်ကိုင်နေသူ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ် အတွင်းကလည်း ကမ္ဘောဇဘဏ်ရဲ့ Online Banking စနစ် အသုံးပြုသူတစ်ဦးရဲ့ အကောင့်ကို နိုင်ငံခြားသားနှစ်ယောက်က Hack ပြီး ငွေတွေထုတ်ယူသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကမ္ဘောဇဘဏ်ရဲ့ Cyber Security System ကိုတာဝန်ယူပေးနေတဲ့ Zorro RITZ Public ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ကိုလင်းရဲထွန်းရဲ့ ပြောကြားမှုတွေအရ အသုံးပြုသူရဲ့ Email ကတစ်ဆင့် Hack ပြီး ငွေထုတ်သွားတာလို့ သိရပါတယ်။

ဒါ့အပြင် ဒီလိုဖြစ်စဉ်တွေက ယခုနှစ်ပိုင်းတွေမှာ အတော်ကို အဖြစ်များလာခဲ့တာပါ။ အလားတူဖြစ်စဉ်တွေ ဖြစ်ပွားရတာကလည်း အသုံးပြုသူတွေရဲ့ သတိမထားမိမှုတွေကို Hacker တွေက အသုံးချခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အပျော်တမ်း မဟုတ်တော့တဲ့ အဆင့်မြင့် Hacker တွေပါ ဝင်ရောက်လာနိုင်ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ ဖုန်းသုံးစွဲသူအများအတွက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်သင့်တယ်လို့ ကိုလင်းရဲထွန်းက ပြောပါတယ်။

“ဘဏ်တွေကို ပညာပေးလေးတွေ Facebook ကဖြစ်ဖြစ် လုပ်ပေးဖို့ ကျွန်တော်တို့တွေ အကြံပေးတာပဲ။ ဒါမျိုးကို အစိုးရဘက်လည်း ကျယ်ကျယ်ပြန့်ပြန့် ပညာပေး အစီအစဉ်တွေ လုပ်ပေးသင့်တယ်။ နွေရာသီ မီးဘေးကာကွယ်ရေး အစီအစဉ်တွေ ပညာပေးသလိုပေါ့။ ရုပ်သံလိုင်းတွေက ဖြစ်ဖြစ်ပေါ့။ ဒါမှလည်း တစ်နိုင်ငံလုံး အနေနဲ့ အကျွမ်းတဝင် ဖြစ်လာမယ်လေ။ ဘာလို့ဆို မြန်မာနိုင်ငံမှာက Computer ကို ကျွမ်းကျင်တာ အတော်ရှားသေးတယ်လေ။ များသောအားဖြင့်က ဖုန်းသာကိုင်နေကြတာ။ ကွန်ပျူတာနဲ့  ပတ်သက်ပြီးတော့ စိတ်ချရအောင်နေဖို့ကို နားလည်ဖို့ လိုနေသေးတာပေါ့” လို့ ကိုလင်းရဲထွန်းက သုံးသပ်ပြောကြားပါတယ်။

ဘဏ်တွေမှာ ထိန်းသိမ်းထားတဲ့ ငွေကြေးတွေကို လုံခြုံအောင် ဘယ်လိုလုပ်မလဲ

အခုနောက်ပိုင်းမှာတော့ ပြည်သူတွေအနေနဲ့ အွန်လိုင်းငွေကြေးစနစ်ကို စတင်သုံးစွဲလာကြပြီ ဖြစ်ပါတယ်။ မြန်မာ့လူဦးရေနဲ့ ယှဉ်ရင်တော့ ရာခိုင်နှုန်း အနည်းငယ်သာ အသုံးပြုနေကြတယ် ဆိုပေမဲ့ နောက်ပိုင်းမှာ တွင်ကျယ်လာမှာပဲ ဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့် ဘဏ်တွေအနေနဲ့ အပ်ငွေတွေကို လုံခြုံအောင် ထိန်းသိမ်းရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ အထက်မှာ ဆိုခဲ့သလို ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို လူသိများလာတဲ့အချိန်မှာ လက်တည့် စမ်းချင်ကြတဲ့ နိုင်ငံတကာက လူတွေအများကြီးပဲ ရှိပါတယ်။

အရင်တုန်းကတော့  ဘဏ်နဲ့ပတ်သက်ပြီး ကောလာဟလတစ်ခုဖြစ်တယ် ဆိုတာနဲ့ အများပြည်သူအကြားမှာ စိုးရိမ်စိတ်နဲ့ ငွေထုတ်ကြပေမဲ့ ဗဟိုဘဏ်ရဲ့ ထိန်းသိမ်းထားတဲ့ အခြေအနေတွေကြောင့် လူတွေအနေနဲ့ စိုးရိမ်မှု မရှိတော့ပါဘူး။

ဒါပေမဲ့ အွန်လိုင်းအသုံးပြုပြီး လုပ်ကိုင်လာတဲ့အချိန်မှာ ဘဏ်တွေက သူတို့ရဲ့ ငွေကြေးတွေကို ထိန်းသိမ်းရမယ့် အပိုင်းမှာ သတိတစ်ချက်လစ်လို့ မရပါဘူး။

အကောင့်ဟက်ခံရပြီး ငွေကြေးတွေကို နည်းနည်းချင်း ထုတ်ယူသုံးစွဲနေတာက သိပ်မသိသာပေမဲ့ တစ်လုံးတစ်ခဲတည်း ထုတ်ယူသွားမယ် ဆိုရင်တော့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အဲဒါကြောင့် ဘဏ်တွေအနေနဲ့ ဘဏ်ရဲ့ အွန်လိုင်းစနစ်ကို လုံခြုံအောင် ထိန်းသိမ်းရမှာ ဖြစ်သလို အွန်လိုင်းဘဏ်စနစ်ကို အသုံးပြုသူတွေ အနေနဲ့ကလည်း မိမိရဲ့ Password ကို ထိန်းသိမ်းရမှာပဲ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ဘယ်လိုလုပ်သင့်လဲ

မြန်မာနိုင်ငံမှာ လက်ရှိအနေအထားအရကတော့ Cyber Police ရှိပေမဲ့ အငြင်းပွားဖွယ် ပြဿနာတွေ၊ နစ်နာမှုတွေ ဖြစ်ပေါ်စေတတ်တဲ့ ၆၆ (ဃ) ကဲ့သို့သော ဆက်သွယ်ရေး ဥပဒေတချို့သာရှိပြီး ခိုင်မာတဲ့ Cyber Law တစ်ရပ်တော့ ထွက်ပေါ်လာခြင်း မရှိသေးဘူး။ ဒီအခြေအနေကလည်း Online အသုံးပြုသူတွေရဲ့ နစ်နာမှုတွေကို တိုင်ကြားရာမှာ အရေးယူဖို့ အခက်အခဲတွေ ဖြစ်နေရတယ်လို့ ကိုလင်းရဲထွန်းက သုံးသပ်ပြောကြားပါတယ်။

“လက်ရှိက မြန်မာပြည်မှာ Cyber Police တော့ရှိတယ်။ ဒါပေမဲ့ အရေးယူဖို့ ခိုင်မာတဲ့ Cyber Law မရှိသေးဘူး။ အဲဒီတော့ အကောင့်တွေကို Hack ပြီး ငွေညှစ်တာတွေ  အများကြီးပဲ။ တိုင်ကြားတဲ့ အခါကျတော့ ၆၆ (ဃ) တို့ ၆၆ (ဂ) တို့လို ထိထိရောက်ရောက် ကိုင်တွယ်လို့မရတဲ့ ဥပဒေတွေပဲ ရှိသေးတယ်။ အဲဒီတော့ အင်တာနက်ကို အသုံးပြုပြီး အလွဲသုံးစားလုပ်တဲ့ ဖြစ်စဉ်တွေအတွက် ခိုင်မာတဲ့ Cyber Law တစ်ရပ်ရှိဖို့လိုတယ်” လို့ ကိုလင်းရဲထွန်းက ဆိုပါတယ်။

အနုပညာရှင်တွေရဲ့ အကောင့်တွေကို Hack ပြီး ငွေတောင်းခံတာမျိုးတွေ၊ ဒါမှမဟုတ် အကောင့်ဖျက် ပစ်လိုက်တာမျိုးတွေက မကြာခဏ မြင်တွေ့ရတဲ့ ဖြစ်စဉ်တွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူဖို့ လုပ်တာတွေ မတွေ့ရသေးပါဘူး။

များသောအားဖြင့် အွန်လိုင်းနဲ့ ပတ်သက်ရင် ၆၆ (ဃ) ကိုပဲ အဓိက ထားမြင်နေကြတာက ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမဟုတ်ပါဘူး။ ဒီလိုဖြစ်စဉ်တွေက ပြည်သူတွေကြားမှာလည်း ရှိနေတာကို တွေ့ရပါတယ်။

“ကျွန်မအကောင့်ကို Hacker တစ်ဖွဲ့က Hack လိုက်ပြီ။ အကောင့်ပြန်ပေးစေချင်ရင် ဘာလုပ်ပေးပါဆိုပြီး လာပြောတယ်။ အဲဒီအတွက် ဘယ်ကိုတိုင်ကြားရမှန်း မသိဘူး။ အဲဒီအတွက် ဥပဒေတစ်ခုခုတော့ ရှိသင့်တယ်” လို့ ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ဥပဒေပညာရပ်ကို သင်ကြားနေတဲ့ မငြိမ်းချမ်းက ပြောပါတယ်။

ဇူလိုင် ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ Cyber Security နဲ့ပတ်သက်တဲ့ ဖိုရမ်တစ်ခုမှာ ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန Cyber Security ဌာနရဲ့ ဒါရိုက်တာ ဦးရဲနိုင်မိုးက မြန်မာနိုင်ငံမှာ Cyber Law တစ်ခု ၂၀၁၉ နှစ်လယ် လောက်မှာ ထွက်ပေါ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

“Cyber Security ပိုင်းဆိုင်ရာမှာ လိုအပ်တဲ့ ဥပဒေတွေ ရေးဆွဲဖို့ ဆောင်ရွက်နေပါတယ်။ ၂၀၁၉ နှစ်လယ်လောက်မှာ Cyber Law နဲ့ ပတ်သက်တဲ့ e – Goverement Cyber Law ရယ် commerce ရယ် ဒါတွေကို လွှမ်းခြုံပေးနိုင်မယ့် Cyber Law တစ်ရပ်ထွက်နိုင်လိမ့်မယ်” လို့ ဦးရဲနိုင်မိုးက ပြောကြားခဲ့ပါတယ်။

မိုက်ခရိုဆော့ဖ်က ထုတ်ပြန်ထားတဲ့ သတင်းတစ်ခုမှာ Cyber လုံခြုံရေး နှောင့်ယှက်ခံရမှုကြောင့် အာရှ-ပစိဖိတ် ဒေသတွင်းက အကြီးစား အဖွဲ့အစည်းတွေမှာ အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော်လောက်ထိ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာကတော့ မြန်မာနိုင်ငံမှာကတော့ အင်တာနက် အလွဲသုံးစား ပြုလုပ်ပြီး အမြတ်ထုတ်မှုတွေကို ဖြေရှင်းဖို့အတွက် ထိရောက်တဲ့ ဥပဒေတစ်ရပ် မရှိသေးပါဘူး။

အစိုးရအနေနဲ့ ခိုင်မာတဲ့ Cyber Law တစ်ရပ်ကို အမြန်ဆုံး ရေးဆွဲအတည်ပြုဖို့ လိုအပ်နေပါပြီ။ ဒီလိုမှမဟုတ်ရင် ပြည်သူတွေအနေနဲ့ အင်တာနက် အလွဲသုံးစားခံရမှုကြောင့် နစ်နာမှုတွေအတွက် ကူရာကယ်ရာမဲ့ ဖြစ်နေဦးမှာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာမှာ မြန်မာနိုင်ငံကို အထောက်အကူပြုမယ့် လူမျိုးတွေ ရှိနေသလို ဒုက္ခပေးမယ့် သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ ပြည်တွင်းမှာ Cyber Criminal ကို ကျူးလွန်တဲ့ သူတွေအတွက် Cyber Law ကိုရေး ဆွဲထားရမှာ ဖြစ်သလို ပြည်ပကနေ ကျူးလွန်မယ့် သူတွေကိုလည်း အရေးယူနိုင်မယ့် လုပ်ငန်းစဉ်တွေကိုလည်း တစ်ချိန်တည်းမှာ လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

e-Government ကို လှမ်းမယ့် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ရသလို အဲဒီကနေ ဖြစ်လာမယ့် ရာဇဝတ်မှုတွေ အတွက်လည်း ကြိုတင်ပြင်ဆင် ထားရတော့မှာပဲ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ e-Government ကို လှမ်းဖို့သာ အာရုံစိုက်နေပေမဲ့ အွန်လိုင်းရာဇဝတ်မှုတွေအတွက် လျစ်လျူရှုထားမယ် ဆိုရင်တော့ ငွေကြေးဆုံးရှုံးမှု၊ အရှက်သိက္ခာ ဆုံးရှုံးမှုတွေ ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။

 

Most Read

Most Recent