သရုပ်ဆောင် အောင်ရဲထွေး အမှုနှင့်ပတ်သက်၍ ဆက်နွှယ်နေသူများကို တိတိကျကျ စစ်ဆေးရန် သမ္မတ ညွှန်ကြားထားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းမည်

သရုပ်ဆောင် အောင်ရဲထွေး အမှုနှင့်ပတ်သက်၍ ဆက်နွှယ်နေသူများကို တိတိကျကျ စစ်ဆေးရန် သမ္မတ ညွှန်ကြားထားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းမည်
Published 31 July 2018

သရုပ်ဆောင် အောင်ရဲထွေး အမှုနှင့်ပတ်သက်၍ ဆက်နွှယ်နေသူများကို တိတိကျကျ စစ်ဆေးရန် သမ္မတ ညွှန်ကြားထားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်က သမ္မတအိမ်တော်တွင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌတို့အား နိုင်ငံတော်သမ္မတက ခေါ်ယူတွေ့ဆုံ ခဲ့သည်။

ယင်းသို့ခေါ်ယူ တွေ့ဆုံခဲ့ရာတွင် အမှုရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွယ် ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း ဦးဇော်ဌေးက ရေးသားဖော်ပြထားသည်။

သမ္မတက ခေါ်ယူတွေ့ဆုံခဲ့သည်မှာ မှန်ကန်ပြီး အမှုနှင့်ပတ်သက်ပြီး အဖွဲ့အတွင်း အစည်းအဝေး ပြုလုပ်ကာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ပြောကြားသည်။

“အခုချိန်မှာ ပြောနိုင်တာ နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က သမ္မတနဲ့ တွေ့ဆုံတယ်။ နောက်တစ်ချက်က ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မကြာမီ ကော်မရှင်အနေနဲ့ အစည်းအဝေး တစ်ခုလုပ်မယ်။ အခုချိန်မှာတော့ အဲဒီလောက်ပဲ ဖြေနိုင်မယ်။ နားလည်ပေးပါ” ဟု ဦးဟန်ညွန့်က ပြောကြားသည်။

ယင်းအမှုမှာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် စစ်ဆေးနေခြင်းဖြစ်ပြီး တရားလို အောင်ရဲထွေး၏ မိသားစုဝင်များက အမှုပြန်လည် ရုပ်သိမ်းသည် ဟုဆိုကာ ကျူးလွန်ခဲ့သူများအား ပြန်လွှတ်ပေးခဲ့သဖြင့် အများပြည်သူများက လူမှုကွန်ရက် စာမျက်နှာတွင်သာမက ပြင်ပတွင်လည်း ဝေဖန်မှုများစွာ မြင့်တက်ခဲ့သည့် အမှုလည်းဖြစ်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း ပဲခူးတိုင်းအစိုးရအဖွဲ့နှင့် လည်းကောင်း၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် လည်းကောင်း တွေ့ဆုံစဉ်တွင် လတ်တလော ဖြစ်ပေါ်ခဲ့သော ပြည်သူအချင်းအချင်း ကျေအေးခဲ့သည့် အမှုသည် လက်ခံနိုင်စရာမရှိဘဲ တရားစီရင်ရေး မဏ္ဍိုင်ကို တိမ်းစောင်းသွားစေ နိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစစ်ဆေးမည်ဟု ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားမှုများ အပြီးတွင် သရုပ်ဆောင်အောင်ရဲထွေး အမှုအား ပြန်လည်စစ်ဆေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“အဲဒီအမှုက ခရိုင်ကနေ ရုပ်သိမ်းလိုက်တာပေါ့။ ခရိုင်ကနေ ရုပ်သိမ်းလိုက်တာကို တိုင်းတရား လွှတ်တော်ကနေ ပြန်ပြီးလုပ်မယ်။ ဒီနေ့ဆောင်ရွက်ပါ့မယ်” ဟု နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အမှုမှ ပြန်လည် လွတ်မြောက်သွားသူများဖြစ်သည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့မှာ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည် ဟုဆိုသည့် သတင်းများနှင့် ပတ်သက်ပြီး  ဦးဇော်ဌေးက “သူတို့ ပြည်ပကို ထွက်ပြေးလည်း ရပါတယ်။ ဘယ်နိုင်ငံထိပြေးပြေး ရာဇဝတ်မှုနဲ့ ပတ်သက်လို့ကတော့ လုပ်လို့ရပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းအမှုအား ပြန်လည်စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်သို့ ညွှန်ကြားထားကြောင်း ဦးဇော်ဌေးက သူ၏လူမှုကွန်ရက်တွင် ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက ထုတ်ပြန်ခဲ့သည်။

အောင်ရဲထွေးအား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဝန်ခံခဲ့သည့် သန်းထွဋ်အောင်(ခ) သားကြီးအပါအဝင် သုံးဦးအား ရုံးထုတ်စဉ်

“စိစစ်မေးမြန်းရာတွင် ရုပ်သိမ်းလွှာကို တရားလို ကိုသန့်ဇင်ဦးနဲ့ နစ်နာသူ မိသားစုက တင်ပြလာတာ ဖြစ်ပါတယ်။ ကာယကံရှင် မိသားစုဝင်များက ရုပ်သိမ်းလွှာ တင်ပြတဲ့အပြင် တရားလိုပြ သက်သေတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ ၁၄ ဦးရဲ့ ထွက်ဆိုချက်တွေမှာ ခိုင်လုံတဲ့ သက်သေထွက်ဆိုချက် ပေါ်ပေါက်ခြင်း မရှိတဲ့အတွက် (ရိုက်နှက်မှု ဖြစ်ပွားစဉ်မှာ ရှိနေတဲ့ သက်သေတွေ ကိုယ်တိုင်က မည်သူမည်ဝါဆိုပြီး အတည်ပြု ပြောကြားခြင်း မရှိကြပါ) တိုင်းဒေသကြီး ဥပဒေချုပ်က အမှုကို ရုပ်သိမ်းဖို့ ရုပ်သိမ်းလွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ သို့သော်လည်း ဒီလိုဆောင်ရွက်ချက်တွေကြောင့် လူသေမှု။ လူသတ်မှုတွေကို ဒီလိုမျိုး ရုပ်သိမ်းလွှတ် ပေးရသလားဆိုပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ရုပ်သိမ်းလွှာတင်တဲ့ တာဝန်ရှိသူတွေကို ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်နေတဲ့အတွက် ဒီအမှုနဲ့ ပတ်သက်ပြီး အရှေ့ပိုင်းခရိုင် တရားရုံးက စွဲချက်မတင်မီလွှတ်တဲ့ အမိန့်ချမှတ်ထားတာ ဖြစ်တဲ့အတွက် အရှေ့ပိုင်းခရိုင် တရားရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပေးဖို့၊ အမှုကို ဆက်စစ်ဆေးဖို့ တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်ပြဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဒီကနေ့ ညွှန်ကြားလိုက်ပါတယ်။ ဒီကနေ့ (သို့မဟုတ်) မနက်ဖြန်မှာ တိုင်းဒေသကြီး ဥပဒေချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြင်ဆင်ချက် တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီလို စွဲချက်မတင်မီ လွှတ်တဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့ ပြင်ဆင်ချက် ဖြစ်ပါတယ်။ (ခရိုင်တရားရုံးက အမိန့်ချမှတ်ထားတာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ တိုင်းဒေသကြီး တရားလွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းတာကို လက်ခံရင် အမှုကို ဆက်လက်စစ်ဆေးရမှာ ဖြစ်ပါတယ်။ (တရားလိုပြသက်သေ ၂၂ ဦးရှိတဲ့အနက်မှာ ၁၄ ဦး ထွက်ဆိုချက်ပေးပြီး ဖြစ်တဲ့အတွက် ကျန်တဲ့သက်သေ ၈ ဦးကို ဆက်လက် စစ်ဆေးရမှာပါ)” ဟု သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုကလစ်များ တင်ခြင်းကြောင့် ပရိတ်သတ် အားပေးမှု ရရှိလာသည့် သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညတွင် သုဝဏ္ဏမြို့နယ်ရှိ The One Entertainment သို့ သူ၏ချစ်သူနှင့်အတူ သွားရောက်လည်ပတ်ရာမှ လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ရိုက်နှက်မှု ဖြစ်ပွားအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီး ဆိုသူအား သူ၏ဖခင်က ရဲစခန်းသို့ လာရောက် အပ်နှံခဲ့သည်။

သရုပ်ဆောင် အောင်ရဲထွေးအား အုပ်စုဖွဲ့ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင်(ခ) သားကြီးက ဝန်ခံခဲ့ပြီး အုပ်စုဖွဲ့ရိုက်နှက်တွင် ၎င်းနှင့်အတူ ပါဝင်သည့် လှည်းတန်းနေ ပြည့်ဖြိုးအောင်(ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇောတို့လည်း ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

အမှုမှ ကျူးလွန်သူများကို ရဲစခန်းသို့ မိဘများကိုယ်တိုင် လာရောက် အပ်နှံခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကလည်း လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အမှုအား စစ်ဆေးနေသည့် ရုံးချိန်းသုံးချိန်း အပြီးတွင် တရားလိုမှ အမှုပြန်လည် ရုပ်သိမ်းသည် ဟုဆိုကာ ကျူးလွန်ခဲ့သူများအား ပြန်လွှတ်ပေးခဲ့သဖြင့် အများပြည်သူများက လူမှုကွန်ရက် စာမျက်နှာတွင်သာမက ပြင်ပတွင်လည်း ဝေဖန်မှုများစွာ မြင့်တက်ခဲ့သည်။

သမ္မတရုံးမှ ညွန်ကြားအပြီးတွင် ပြည်ထောင်စုရှေ့နေရုံး၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးမှ ပြင်ဆင်မှု လျှောက်ထားချက်ကို ဇူလိုင် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ တိုင်းဒေသကြီး တရားလွှတ်တော်မှ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၂၉၆(ခ)/၂၀၁၈ဖြင့် အမှုကို လက်ခံကာ ဆက်လက်ကြားနာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် သတင်းနှင့် ပြန်ကြားရေးအရာရှိ တရားရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောကြားသည်။

ထို့ပြင် အမှုပြင်ဆင်မှု လျှောက်ထားခံရသူ သုံးဦးဖြစ်သည့် သန်းထွဋ်အောင်(ခ) သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန်(ခ)ကျော်ဇောတို့ထံ သမ္မာန်စာ ပေးပို့ကာ ဆင့်ခေါ်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ သုံးဦးအနေဖြင့် သမ္မာန်စာကို လက်ခံရရှိပါက အချုပ်လွှတ်ဖြင့် တိုင်းတရား လွှတ်တော်သို့ အမှုလာရောက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

“လျှောက်ထားခံရသူတွေကို ဆင့်ခေါ်မယ်။ လျှောက်ထားခံရသူတွေကို ဆင့်ခေါ်လို့ အတည်ဖြစ်ပြီ။ ရုံးကိုလည်း အမှုတွဲရောက်ပြီဆိုရင် ဘယ်နေ့မှာ အမှုနဲ့ပတ်သက်ပြီး ကြားနာမယ်ဆိုတာ ကြေညာမယ်။ ဆုံတာနဲ့ ကြားနာမှု လုပ်ပါမယ်။ ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးက ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေ ၁၂၇အရ အကြောင်းကြားလို့ ပြင်ဆင်မှုကို တင်သွင်းရပါတယ်လို့ ဖော်ပြထားတယ်။ ဆိုလိုတာက သူတို့ပဲ ရုပ်သိမ်းလျှောက်ထားပြီး သူတို့ပဲ ပြန်တင်ရတယ်။ အကြောင်းကတော့ နည်းဥပဒေအရ အကြောင်းကြားလို့ပေါ့။ အမှုရုတ်သိမ်းရတဲ့ အကြောင်းအရင်းက အမှုရဲ့ အရည်အသွေးနဲ့ ဆိုင်တယ်။ အဲဒါကတော့ အမှုတွဲကို သေချာကြည့်ပြီးမှ ပြောလို့ရမှာပါ။ ခရိုင်ရုံး အမိန့်ထဲမှာတော့ သေချာပါပါလိမ့်မယ်။ လျှောက်ထား ခံရသူတွေ ရုံးတော်ကို ရောက်မလာဘူးဆိုရင် တစ်ဖတ်သက် သွားရမှာပေါ့။ သူ့မျက်ကွယ်မှာပါ” ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောကြားသည်။

ယင်းအမှုမှာ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်အား စိန်ခေါ်မှု တစ်ခုပင်ဖြစ်ပြီး လူသတ်မှု ဆိုသည့်အမှုမှာ လူ့အဖွဲ့အစည်း တစ်ခုလုံးအား ခြိမ်းခြောက်နေသည့် အမှုတစ်ခု ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက သုံးသပ်ပြောကြားသည်။

“လူသတ်မှုကို ကျေအေးပေးလိုက်တဲ့ ကိစ္စကဆိုရင် တရားဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သားသား စိန်ခေါ်ရာ ရောက်ပါတယ်။ လူသတ်မှု ဆိုတာက လူ့အဖွဲ့အစည်း တစ်ခုလုံးကို ခြိမ်းခြောက်တဲ့ ကိစ္စမျိုးဖြစ်တယ်။ ဘယ်လိုမှ ကျေအေးလို့မရတဲ့ ကိစ္စလည်း ဖြစ်တယ်။ အဲဒါကို ကျေအေး ပေးလိုက်တာက မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးကို အကြီးမားဆုံး စိန်ခေါ်တာ ဖြစ်တယ်” ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားဖွယ် အချက်တစ်ချက်မှာ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၌ ဇူလိုင် ၂၇ ရက်တွင် ဥပဒေဆောင်းပါး တစ်ပုဒ်နှင့် ပြည်သူ့ကဏ္ဍ ဆိုသည်တို့ ပါဝင်လာခြင်းဖြစ်သည်။

အောင်ရဲထွေး၏ အမှုအား ဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်ပြီး ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာသည်မှာ ဇူလိုင် ၂၇ ရက်မှသာဖြစ်ကာ ယင်းနေ့တွင်ပင် အဆိုပါ ရေးသားချက်များကို အစိုးရသတင်းစာ နှစ်စောင်တွင် ဖော်ပြလာခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အစိုးရပိုင် ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းစာများတွင် အမှုနှင့် ဆက်စပ်သည့် ဆောင်းပါးနှင့် ပြည်သူ့ကဏ္ဍများတွင် တရားခံအား ကာကွယ်သည့်သဘော ရေးသားဖော်ပြ ခဲ့ခြင်းကြောင့် အဆိုပါအမှု၏ နောက်ကွယ်မှ ပါဝင်ပတ်သက်သူများ၏ သြဇာကြီးထွားမှုမှာ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း လူမှုကွန်ရက်တွင် မေးခွန်းထုတ် ဝေဖန်လျက် ရှိသည်ကို တွေ့ရသည်။

“အစိုးရပိုင် သတင်းစာမှာ ဆေးဝါးအကြောင်း ဆောင်းပါးတောင် တော်ရုံနဲ့ ထည့်လို့မရဘူး။ အခုဟာက ပြည်သူတွေ သို့လော သို့လော ဖြစ်စေနိုင်တဲ့ဆောင်းပါး ပါလာတယ် ဆိုတာက ထည့်နိုင်တဲ့ အရှိန်အဝါလည်း လိုသေးတယ်။ အဲဒီသတင်းစာတွေမှာ အရင်တုန်းက အဲဒီအမှုအကြောင်း ရေးသားဖော်ပြတာ သိပ်မတွေ့ဘူး။ နောက်ပြီး အမိန့်ချတာက ၂၅ ရက်။ ဆောင်းပါးနဲ့ ပေးစာပုံစံ ရေးလာတာက တရက်ပဲ အချိန်ရတယ်။ ကြားထဲမှာ ၂၆ ရက် တရက်တည်းရှိတယ်။ ပြီးတော့ နှစ်ခုစလုံးမှာ ပါလာတာ။ တော်ရုံတိုက်ဆိုင်မှုတော့ မဟုတ်ဘူး။ နောက်ကွယ်က လက်တံတော်တော် အားကြီးနိုင်တယ်။ အဓိကက ပြည်သူ့ငွေနဲ့ထုတ်တဲ့ သတင်းစာတွေမှာ အဲဒီလို ရေးထားတာကို ထည့်တာတော့ ပြန်ကြားရေးကို မေးခွန်းထုတ်ရမယ်။ ပြီးတော့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲ” ဟု ပြည်တွင်းမီဒီယာတစ်ခုမှ အယ်ဒီတာတစ်ဦးက ပြောကြား သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြချက်အရ အမှုအား ပြန်လည်ရုပ်သိမ်းရာတွင် တိုင်းဒေသကြီး ဥပဒေချုပ်က တင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ထိုသို့ အစိုးရပိုင် သတင်းစာ နှစ်စောင်တွင် ယင်းကဲ့သို့ ဆောင်းပါးများ ထည့်သွင်းဖော်ပြနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးတွင် တာဝန်နှင့် အခွင့်အရေး မရှိသူဖြစ်သည်ဟု သုံးသပ်ကြပြီး ယင်းသို့ လုပ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းညွှန်ကြားနိုင်သူ၏ သြဇာနှင့် အရှိန်အဝါမှာ မေးခွန်းထုတ်စရာဖြစ်ပြီး ၎င်းတို့အား စုံစမ်းစစ်ဆေးပေးရန် လူမှုကွန်ရက် စာမျက်နှာများတွင် အများပြည်သူက တောင်းဆိုလျက်ရှိသည်။

အလားတူ အများပြည်သူများ အကြားတွင်လည်း တိုင်းဒေသကြီး ဥပဒေချုပ်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိလာကြောင်း သိရသည်။

“တိုင်းဥပဒေချုပ်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာတော့ ရုပ်သိမ်းလို့ရတယ်။ ဒါပေမဲ့ ဒါက ရိုးရိုးအမှု မဟုတ်ဘူး။ လူသတ်မှု။ လူသတ်မှုကို အမှုရုပ်ခွင့် တင်လိုက်တယ် ဆိုတာကတော့ အစိုးရသွားနေတဲ့ လမ်းကြောင်း အတွက်တော့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ဒီလိုအမှုမျိုးကို ရုပ်သိမ်းခွင့်တင်တယ် ဆိုတာက တရားဥပဒေ စိုးမိုးရေးနဲ့ အများပြည်သူ လုံခြုံရေးအတွက်ဆိုတဲ့ ရှုထောင့်ကကြည့်ရင် ဘယ်လိုမှ မသင့်တော်ဘူး။ ဒါတွေက ပြန်လွှတ်ပေးလိုက်ရင် အရင်ခေတ်မှာတော့ ရရင်ရမယ်။ ဒီခေတ်မှာတော့ Citizen ဂျာနယ်လစ်တွေ အများကြီး ရှိတဲ့အချိန်မှာ ဒီလိုဆုံးဖြတ် လိုက်တာကိုတော့ အံ့သြတယ်” ဟု ဥပဒေပညာရှင် တစ်ဦးဖြစ်သည့် ဒေါက်တာဒေါ်ညိုညိုသင်းက သုံးသပ်ပြောကြားသည်။

အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး အမှုမှ ဖမ်းဆီးခံထားရသူများ လွတ်မြောက်အပြီးတွင် လူမှုကွန်ရက် စာမျက်နှာများ၌ လွတ်မြောက်သွားသည့် သန်းထွဋ်အောင် (ခ) သားကြီး၏ Facebook အကောင့်တွင် ဖော်ပြထားသည့် ဓာတ်ပုံအောက်၌ Failed Law ဆိုသည့် စာသား ရေးသားထားသည့် လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပျက်ယွင်းနေမှုအပေါ် မီးမောင်းထိုးပြရန် ရည်ရွယ်ချက်ဖြင့် လှုပ်ရှားခြင်းဖြစ်ပြီး တရားစီရင်ရေး၏ အားနည်းချက်များကို ဝေဖန်လျက်ရှိသည်ကို တွေ့ရသည်။

ယင်းအပြင် အမှုနောက်ကွယ်မှ ခိုင်းစေသူများ၊ ဆောင်ရွက်ပေးနေ သူများကိုလည်း တရားဥပဒေ နှင့်အညီ စုံစမ်းဖော်ထုတ်ပေးရန်၊ အမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း အများပြည်သူများက တောင်းဆိုလျက်ရှိသည်။