ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ OIC နဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ OIC နဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ
Published 13 May 2018

နေပြည်တော်၌ မေ ၁ ရက်က ပြုလုပ်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

(၁) ရခိုင်အရေးမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ဖိအားက သက်ရောက်မှုကြီးနေတယ်ဆိုတာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့ရဲ့ နှစ်ရက်တာ ခရီးစဉ်က သက်သေခံနေပါတယ်။ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံက သံတမန် ၂၆ ဦးပါတဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၂၈ ရက်ကနေ မေ ၁ ရက်အထိ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ဧပြီ ၂၈ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိပြီး ကော့ဘဇားဘင်္ဂါလီဒုက္ခသည် စခန်းကို သွားရောက်လေ့လာခဲ့သလို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ တွေ့ရာမှာ ဝန်ကြီးချုပ်က ထွက်ပြေးဘင်္ဂါလီတွေ ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရကို ဖိအားပေးဖို့ လုံခြုံရေးကောင်စီအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

လုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ဧပြီ ၃၀ ရက် မှာ မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံရာမှာ ရခိုင်အရေးနဲ့ပတ်သက်လို့ ထိခိုက်ခံ အသိုက်အဝန်းများကို လူသားချင်းစာနာပြီး အကူအညီပေးအပ်မှု၊ အသိုက်အဝန်းကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး လိုအပ်မှု၊ နိုင်ငံသားပြုရေးကိစ္စ၊ IDP စခန်းများ ပိတ်သိမ်းနေမှု၊ National Verification Card (NVC) များ ထုတ်ပေးတဲ့ကိစ္စ၊ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်မှာ နေထိုင်သူတွေရဲ့ ပြဿနာ၊ အကြမ်းဖက်မှု အချိန်မရွေး ပြန်လည်ဖြစ်ပေါ်လာနိုင်ခြေရှိမှု၊ ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းဇာစ်မြစ်ကို ရှာဖွေဖြေရှင်းနေမှု၊ အမုန်းတရားပြန့်ပွားစေတဲ့ ပြောကြားမှုများ ကာကွယ်တားဆီးရေးကိစ္စ၊ အတန်းပညာရေး သင်ကြားမှု တိုက်တွန်းပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးမှုအပေါ် နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ရာမှာ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတွေနဲ့ ရခိုင်ပြည်နယ်မှာ ထိတွေ့ဆောင်ရွက်ခြင်းက ဒုက္ခသည်တွေ လုံလုံခြုံခြုံနဲ့ စိုးရိမ်ပူပန်မှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အစိုးရဆောင်ရွက်ချက်တွေကို အထောက်အကူဖြစ်စေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အထူးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံရာမှာ ပြောကြားပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားနိုင်ဖို့ ဆွေးနွေးနေသလို အဖွဲ့အစည်းတွေ အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပြည်နယ်ထဲက လူထုအားလုံးအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ သင့်လျော်တဲ့ အချိန်ရောက်ပြီလို့ ယုံကြည်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့ အနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံရာမှာ အဆင်ပြေပေမဲ့ ညပိုင်းမှာ အစိုးရအဖွဲ့ဝင်တွေနဲ့ ထပ်တွေ့ရာမှာ ဆွေးနွေးမှုမပြီးခင် အထူးကိုယ်စားလှယ်အဖွဲ့က ထပြန်မယ့်ပုံစံမျိုး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ဆောင်ရွက်နေမှုတွေကို ရှင်းလင်း ပြောကြားနေချိန်မှာ ထပြန်ဖို့လုပ်တဲ့ အပြုအမူတွေကြောင့် ကုလလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့အပေါ် အစည်းအဝေးတက်သူတချို့က ဝေဖန်ခဲ့ကြပါတယ်။

(၂) ကုလလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့အနေနဲ့ မေ ၁ ရက်မှာတော့ နေရပ်စွန့်ခွာသူတွေအတွက် ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး နေရပ်စွန့်ခွာမှုမရှိတဲ့ ဘင်္ဂါလီကျေးရွာတွေ၊ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

“ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ပဋိပက္ခကြောင့် တစ်ဖက်နိုင်ငံကို ရောက်နေတဲ့ မွတ်စလင်တွေနဲ့ ပတ်သက်ပြီးတော့ မကြာခင်မှာ မိုးရွာတော့မှာဖြစ်တဲ့အတွက် မိုးရွာရင် ဒုက္ခရောက်တော့မယ်ဆိုတဲ့ အနေအထားကို တွေ့တဲ့အတွက် ဒီဥစ္စာကို အရေးပေါ် ဘယ်လိုကူညီလို့ရမလဲ။ ဘယ်လိုဆောင်ရွက်လို့ရမလဲ။ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ လာရောက်ကြည့်ရှုခြင်း ဖြစ်ပါတယ်” လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ အနေနဲ့ တောင်ပြိုလက်ဝဲလက်ခံရေး စခန်း၊ လှဖိုးခေါင်ယာယီကြားစခန်း၊ ရွှေဇားကျေးရွာ၊ ပန်းတောပြင် ဘင်္ဂါလီကျေးရွာတွေရဲ့ အခြေအနေတွေကိုလည်း ဆက်လက်လေ့လာခဲ့ပါတယ်။

(၃) နေပြည်တော်မှာ မေ ၁ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘင်္ဂါလီတွေကို ဖိနှိပ်မှုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးပေးရမယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ပါတယ်။

“တာဝန်ခံမှုရှိဖို့ဆိုရင် မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမှု ရှိရပါမယ်” လို့ ဗြိတိန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ကာရင်ပီယာ့စ်က မီဒီယာတွေကို ပြောပါတယ်။

အပြည့်အ၀ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နိုင်ဖို့ နည်းလမ်းနှစ်ခု ရှိတဲ့အနက် တစ်ခုက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးကို လွှဲပြောင်းပေးမှုဖြစ်ပြီး အခြားနည်းလမ်းတစ်ခုက မြန်မာအစိုးရကိုယ်တိုင် ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ ကာရင်ပီယာ့စ်က ဆိုပါတယ်။

“အခြေခံကျကျ လုပ်ဆောင်နိုင်မယ့် နည်းလမ်းနှစ်ရပ်ရှိပါတယ်။ ပထမတစ်နည်းက နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ကို လွှဲအပ်ဖို့ပါ။ ဒုတိယကတော့ မြန်မာအစိုးရကိုယ်တိုင် အဲဒါကို လုပ်ဆောင်ဖို့ပါ” လို့ ကာရင်ပီယာ့စ်က ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် အရေးယူလို့ မရပါဘူး။ ICC ရဲ့ ရှေ့နေချုပ်က ခုံရုံးတရားစီရင်ရေးကို မြန်မာနိုင်ငံအတွက် ချဲ့ထွင်နိုင်ဖို့ ရှိ မရှိ စဉ်းစားပေးဖို့ ICC တရားသူကြီးတွေကို တောင်းဆိုထားပါတယ်။

(၄) ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ၁၉၄၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အကျပ်အတည်းစီမံရေး ပင်မအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိပြီး အပြည်ပြည်ဆိုင်ရာ လုံခြုံရေးခြိမ်းခြောက်မှုကို အကဲဖြတ်ဖို့၊ ပြည်တွင်းစစ်၊ သဘာဝဘေးအန္တရာယ်၊ လက်နက်ထိန်းချုပ်ရေးနဲ့ အကြမ်းဖက်မှုစတဲ့ကိစ္စတွေကို ကိုင်တွယ်ဖို့ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံနဲ့ အလှည့်ကျ ရွေးကောက်ထားတဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံက ပုံမှန်တွေ့ဆုံလေ့ ရှိပါတယ်။

လုံခြုံရေးကောင်စီမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်တို့က အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်ပြီး ဗီတိုအာဏာကို အသုံးပြုနိုင်ပါတယ်။ လုံခြုံရေးကောင်စီဝင် နိုင်ငံဖြစ်ဖို့အတွက် သတ်မှတ်ချက်တွေကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးထိန်းသိမ်းမှု၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေး၊ စစ်ဆင်ရေးမှာ တပ်ဖွဲ့ဝင်နဲ့ ငွေပေးပို့မှု၊ လုံခြုံရေးကိစ္စရပ်တွေမှာ ခေါင်းဆောင်ပါဝင်မှုတို့ ဖြစ်ပြီး ဒုတိယအချက်ကတော့ ဒေသဆိုင်ရာ ကိုယ်စားပြုမှုပဲ ဖြစ်ပါတယ်။

အာဖရိကအုပ်စုက အဖွဲ့ဝင် သုံးနေရာ၊ အာရှ-ပစိဖိတ်အုပ်စုက နှစ်နေရာ၊ အရှေ့ဥရောပအုပ်စုက တစ်နေရာ၊ လက်တင်အမေရိကနဲ့ ကာရေဘီယံအုပ်စုက နှစ်နေရာ၊ အနောက်ဥရောနဲ့ အခြားအုပ်စုက နှစ်နေရာဆိုပြီး လုံခြုံရေးကောင်စီမှာ ကိုယ်စားပြုခွင့်ကို ၁၉၆၅ နောက်ပိုင်းမှာ စတင်ခဲ့ပါတယ်။ ကောင်စီလုပ်ငန်းစဉ်တွေကို အကူအညီပေးဖို့ ဖွဲ့စည်းထားတဲ့ အထောက်အကူပြု ကော်မတီတွေကတော့ အရေးယူမှု ကော်မတီ၊ အကြမ်းဖက်မှုတန်ပြန်ရေးကော်မတီ၊ နျူကလီးယား၊ ဇီဝနဲ့ ဓာတုလက်နက်ကော်မတီ စတာတွေပဲ ဖြစ်ပါတယ်။ မြေပြင်စစ်ဆင်ရေးတွေကိုတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးထဲမှာရှိတဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး စစ်ဆင်ရေးဌာနနဲ့ မြေပြင်အထောက်အကူပြုရေးဌာနတို့က စီမံပါတယ်။

အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်လာရင်တော့ လုံခြုံရေးကောင်စီက ကုလသမဂ္ဂပဋိညာဉ် အခန်း ၆ နဲ့အညီ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ရည်မှန်းထားပေမယ့် အဲဒီနည်းလမ်းမအောင်မြင်ပါက အခန်း ၇ အရ အရေးယူပိတ်ဆို့မှု ချမှတ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုထိန်းသိမ်းရေး၊ ပြန်လည်တည့်မတ်ရေးအတွက် စစ်အင်အား အသုံးပြုခွင့်ကို ခွင့်ပြုပေးပါတယ်။

လုံခြုံရေးကောင်စီက မကြာခဏ အသုံးပြုနေတဲ့ အရေးယူမှုကတော့ ကုလသမဂ္ဂပဋိညာဉ် အပိုဒ် ၄၀ ပါ အရေးယူ ပိတ်ဆို့မှုပဲ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကစလို့ အရေးယူပိတ်ဆို့မှုတွေကို ပုံမှန်လုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်အထိ လူပုဂ္ဂိုလ် ၆၆၄ ဦး၊ အဖွဲ့အစည်း ၃၈၂ ခုကို အရေးယူ ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ အရေးယူပိတ်ဆို့ရာမှာ အလုံးစုံမူကို မကျင့်သုံးဘဲ လူပုဂ္ဂိုလ်တွေကို သီးသန့်ပစ်မှတ်ထားပြီး လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်း၊ ခရီးသွားလာမှု ပိတ်ဆို့ခြင်း၊ ပိုင်ဆိုင်မှုသိမ်းခြင်း၊ သတ်မှတ်ထားတဲ့ ကုန်စည်များ ပို့ခွင့်၊ သွင်းခွင့် ပိတ်ဆို့ခြင်းကြောင့် ထိရောက်မှု ပိုရှိလာပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းစတဲ့ ကိစ္စရပ်တွေကိုလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးကို လွှဲပြောင်းပေးပိုင်ခွင့် ရှိပါတယ်။

ဒါ့အပြင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကာကွယ်ပေးရေးတာဝန်ရှိမှု (R2P) ပေါ်ထွက်လာပါတယ်။ အဲဒီအယူဝါဒကို ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံက စတင်ကျင့်သုံးခဲ့တာဖြစ်ပြီး နိုင်ငံတွေအနေနဲ့ နိုင်ငံအတွင်း နေထိုင်သူအားလုံးကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းကနေ ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို သိသာထင်ရှားစွာ ပျက်ကွက်ပါက အတင်းအကျပ် နည်းလမ်းမျိုးစုံကို အားလုံးစုပေါင်း အသုံးပြုသင့်တယ်လို့ သတ်မှတ်ထားတာကြောင့် လုံခြုံရေးကောင်စီက ပါလာပြီဆိုတာနဲ့ ကြောက်စရာကောင်းတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တောင်ပြို-လက်ဝဲ ရှင်းလင်းဆောင်သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ မေ ၁ ရက်က ရောက်ရှိလာစဉ် (ဓာတ်ပုံ - ဝင်းမောင်)

(၅) ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ ဘင်္ဂါလီပဋိပက္ခကို အဖြေရှာဖို့ ချဉ်းကပ်ရာမှာ ဌာနေတိုင်းရင်းသားတွေရဲ့ မူလအခွင့်အရေးနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားတန်ဖိုးထားဖို့ ရခိုင်အမျိုးသားပါတီ (ANP) က မေ ၈ ရက်က ထုတ်ပြန်ချက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဒီကြေညာချက်ကို ANP ပါတီ ဗဟိုဌာနချုပ်မှာ မေ ၇ ရက်ကနေ ၈ ရက်အထိပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့က ဧပြီ ၂၉ ရက်ကနေ မေ ၁ ရက်အထိ ရခိုင်ပြည်နယ် မောင်တောဒေသက ဘင်္ဂါလီတွေ၊ ဟိန္ဒူဘာသာဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီအရေးတစ်ခုတည်းကိုသာ ဦးစားပေး ပြောဆိုလေ့လာမှုများ ပြုလုပ်နေတာကြောင့် ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ထုတ်ပြန်ချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

“သူတို့က ဟိုဘက်ကိုသွားပြီးရင် တစ်ဖက်က စကားကို ပုံသေကားချပ်လို လက်ကိုင်ထားပြီးတော့ ဒီဘက်ကပြောတာဟူသမျှ တစ်စက်မှ လက်မခံဘဲနဲ့ စော်ကားမော်ကား အပြုအမူတွေ အပြောအဆိုတွေ ခြိမ်းခြောက်တာတွေ လုပ်တာမျိုးကတော့ UN အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုံးဝမညီတဲ့ အနေအထားတွေ ဖြစ်တယ်လို့ မြင်တယ်။ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ပြီးတော့ ခြိမ်းခြောက်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်။ လူကြီးလူကောင်းမဆန်ဘူးလို့ ဒီလိုပဲ ရှုမြင်ပါတယ်” လို့ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဆိုပါတယ်။

(၆) ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဧပြီ ၂၈ ရက်မှ မေ ၁ ရက်အထိ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နှင့်ပတ်သက်လို့ မေ ၁၀ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာ ဒုက္ခသည်ပြဿနာ ဖြေရှင်းရေး၊ ဒုက္ခသည်များ အန္တရာယ်ကင်းစွာ နေရပ်ပြန်လာနိုင်ရေး၊ အခြေအနေကောင်းများ ဖန်တီးဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့တွေအပြင် ကုလသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတိန်းရှရာနာ ဘာဂီနာတို့နဲ့ ကောင်စီက ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲဆိုတာကို လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၇ နိုဝင်ဘာ ၆ ရက်ထုတ် ကောင်စီဥက္ကဋ္ဌ ကြေညာချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက လက်ရှိအခြေအနေကြောင့် များစွာစိုးရိမ်နေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ ဒုက္ခသည်များ ပြန်လက်ခံရေးမှာ မြန်မာအစိုးရရဲ့ ကြိုတင်ပြင်ဆင်နေမှုတွေကို သတိပြုမိသလို လုပ်ငန်းစဉ်တွေ ဖန်တီးရာမှာ အရှိန်မြှင့်တင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအရ ပြဿနာ အရင်းအမြစ်တွေကို ဖြေရှင်းဖို့ တိုက်တွန်းထားပြီး ကုလသမဂ္ဂနဲ့ လက်တွဲဆောင်ရွက်မယ့် မြန်မာအစိုးရရဲ့ကတိတွေကို ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

မုတ်သုံရာသီနှင့် ဆိုင်ကလုန်း ရာသီမတိုင်မီ အရေးပေါ် ကြိုတင်ပြင်ဆင်မှုတွေနဲ့ စပ်လျဉ်းပြီး လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆက်လက်တိုးမြှင့် ထောက်ပံ့ပေးနိုင်ရေးအတွက် နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ကြိုဆိုတဲ့အပြင် ကုလသမဂ္ဂအေဂျင်စီတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးခွင့် ခွင့်ပြုဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

(၇) ဒီကြားထဲ အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) က မြန်မာနိုင်ငံအပေါ် ကမ္ဘာက ဖိအားပေးစေရေးအတွက် စည်းရုံးလှုပ်ရှားဖို့ ကော်မတီသစ်တစ်ရပ်ကို မေ ၆ ရက်က ဖွဲ့စည်းလိုက်ပါတယ်။ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အဖွဲ့ဝင် ၅၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သံတမန်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာမှာ ပြုလုပ်တဲ့ နှစ်ရက်ကြာ ဆွေးနွေးမှုအပြီးမှာ စည်းရုံးလှုပ်ရှားရေး ကော်မတီတစ်ရပ်ကို ထူထောင်ခဲ့တာပါ။

OIC အတွင်းရေးမှူးချုပ် ယူဆက်ဘင်အာမက်အယ်အော်သမင်းက ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အကျပ်အတည်းတစ်ရပ် အဆုံးသတ်သွားစေရေးကို ရှေးရှုတဲ့ အဓိက ခြေလှမ်းတစ်ရပ် ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အနေနဲ့ ကော်မတီသစ်ဖွဲ့စည်းပြီး ဖိအားပေးလာတဲ့အပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “OIC ကတော့ အရင်ကတည်းက ဖိအားပေးနေတာပဲ။ အဓိက,ကတော့ ထွက်သွားတဲ့သူတွေကို ပြန်လက်ခံဖို့ပဲ။ အဲဒီအတွက်လည်း တစ်ဖက်နိုင်ငံကို ထွက်ခွာသွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့ ကျွန်တော်တို့က အားလုံးပြင်ဆင်ထားတယ်။ စိစစ်မယ်။ လက်ခံမယ်။ အဲဒီအပေါ်မှာတော့ ဟိုဘက်က ပြန်ပို့မှပဲ၊ ပြန်လာမှပဲ ကျွန်တော်တို့က စိစစ်လက်ခံလို့ရမှာ။ ကိုယ်က ဘယ်လောက်ပဲ စိစစ်ချင်တယ်၊ လက်ခံချင်တယ်ပြောလည်း ဟိုဘက်က ပြန်မပို့မချင်း အခုပြဿနာတက်နေတာ။ ဒီလူတွေ ပြန်မပို့ဘဲနဲ့ ဟိုဘက်ဒီဘက် အဲဒီလိုမျိုး ပြောနေတဲ့ဟာက အခုဆိုရင် ကျွန်တော်တို့ကို တော်တော်များများ ဖိအားတွေပေးတယ်။ ပြန်လက်ခံဖို့ လုပ်ပါဆိုပြီးတော့ပေါ့။ ကျွန်တော်တို့က ပြန်လက်ခံဖို့ လုပ်ထားပြီးပြီ။ အဲဒီပြန်လက်ခံရမယ့်လူတွေ နာမည်စာရင်းကအစ ကျွန်တော်တို့ ပြည့်ပြည့်စုံစုံမရတာက ကျွန်တော်တို့ ပြဿနာဖြစ်နေတယ်။ ပြန်လက်ခံရေးလုပ်ငန်းစဉ် မစတင်နိုင်သေးဘူး။ ပြန်လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ပြီဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း သူတို့ဝန်ထုပ်ဝန်ပိုး လျော့သွားမယ်။ ဒီမှာလည်း သူတို့ကို မူလနေရာ ဒါမှမဟုတ် မူလနေရာနဲ့ အနီးဆုံးနေရာတွေမှာ ပြန်ရောက်ရင် သူ့ဘာသာသူ အဆင်ပြေသွားမယ်ပေါ့။ ဖိအားပေးနေတဲ့ အဓိကပြဿနာက ဘာလဲဆိုတော့ အဲဒီလူတွေ ပြန်လက်ခံဖို့။ အဲဒီအတွက် တစ်ဖက်နိုင်ငံကို ထွက်သွားတဲ့သူတွေကို ပြန်လက်ခံဖို့ကတော့ နှစ်နိုင်ငံ သဘောတူထားတဲ့ သဘောတူညီချက်အတိုင်း နှစ်ဦးနှစ်ဖက် နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အပေါ်မှာပဲ မူတည်နေပါတယ်” လို့ ပြောကြားပါတယ်။

မြန်မာနိုင်ငံကို အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ နောက်ထပ်ထိုးနှက်ချက်ကတော့ ရခိုင်ဖြစ်စဉ်မှာ လူမျိုးစုသုတ်သင် ရှင်းလင်းမှု၊ အစိုးရအားပေးတဲ့ အကြမ်းဖက်မှုစတဲ့ အသုံးအနှုန်းတွေပါတဲ့ ဒါကာကြေညာချက်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်မဲ့စွာ ဖော်ပြမှုအပေါ် မြန်မာနိုင်ငံ အနေနဲ့ ပြတ်သားစွာ ပယ်ချတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၉ ရက်က သတင်းထုတ်ပြန်ပါတယ်။

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ကြေညာချက်မှာ ဟန်ချက်ညီမျှမှု၊ တရားမျှတမှု ကင်းမဲ့တဲ့အပြင် လက်ရှိကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို စတင်ဖြစ်ပွားစေခဲ့တဲ့ Arakan Rohingya Salvation Army (ARSA) အကြမ်းဖက်အဖွဲ့ရဲ့ ရက်စက်စွာ အကြမ်းဖက် တိုက်ခိုက်မှုတွေကိုမူ ရှုတ်ချခြင်းမရှိတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေ မိမိဆန္ဒအလျောက် ဘေးကင်းစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်လာနိုင်ရေး အတွက် ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

(၈) ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရဲ့ ဒါကာကြေညာချက်ကိုကြည့်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက်သာ စဉ်းစားပြီး ထုတ်ပြန်ထားတာကို တွေ့ရမှာပါ။ လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံလုံးကို လာရောက်လေ့လာခဲ့ပေမဲ့ အစီရင်ခံစာအရ အခွင့်အရေးပိုင်းမှာတော့ မြန်မာနိုင်ငံဟာ အသာမရခဲ့ပါဘူး။ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံကသာ လိုက်လျောပေးရမယ့် အခြေအနေတွေက များပြားနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ၊ အနောက်အုပ်စုနိုင်ငံတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ ကြိုးပမ်းမှုတချို့ဟာ ဒုက္ခသည်တွေ ပြန်ပို့ရေးနဲ့ ပြဿနာဖြေရှင်းရေးကို ကျော်လွန်ပြီး နိုင်ငံသားပြုမှု၊ ၈၂ နိုင်ငံသားဥပဒေစတဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ နယ်မြေတည်တံ့မှုကို ဝင်ရောက်စွက်ဖက်သလို ဖြစ်နေပါတယ်။

ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ ပြန်လာရေးလို့ဆိုရာမှာ ၈၂ နိုင်ငံသားဥပဒေက နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုဖြစ်တာကြောင့် ဝင်ရောက်စွက်ဖက်ဖို့ မသင့်တဲ့ ကိစ္စလို့ ရခိုင်အရေးလေ့လာသူတွေက ဆိုပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံထဲမှာလည်း လက်ရှိ အနေအထားအရ တရုတ်နဲ့ ရုရှားကသာ မြန်မာနိုင်ငံဘက်မှာ ရပ်တည်ပေးနေတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ပို့မယ့်ကိစ္စသာမက R2P နဲ့ပါ ခြိမ်းခြောက်ခံနေရပါတယ်။

လက်ရှိအခြေအရ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ညစ်လုံးခြောက်လုံးတွေရဲ့ဒဏ်ကို အလူးအလဲခံနေရတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ လုံခြုံရေးကောင်စီနဲ့ OIC ဟာ မြန်မာ့အချုပ်အခြာကို စနစ်တကျ ဟန်ချက်ညီညီနဲ့ လွှမ်းမိုးခြယ်လှယ်နိုင်ဖို့ ချိန်သားကိုက်လှုပ်ရှားနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

ဒီလိုဖြစ်နေရတဲ့ကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပယောဂလည်း မကင်းတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေသူတွေ အတွက် နှစ်နိုင်ငံသဘောတူညီချက်နဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပူးပေါင်းဆောင်ရွက်ရေးမှာ ဘင်္ဂလားဒေ့ရှ်ဘက်က နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေပါတယ်။

မကြာခင် မုတ်သုံရာသီ ရောက်တော့မှာဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက် ဒုက္ခသည်စခန်းတွေက လုံခြုံမှုမရှိတဲ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုကလည်း အားနည်းတာကြောင့် ဝမ်းရောဂါ အပါအဝင် တခြားရောဂါတွေ ဖြစ်ပွားလာပါက နိုင်ငံတကာဖိအားဟာ မြန်မာနိုင်ငံအပေါ်မှာပဲ ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။ နဂိုကတည်းက လူမျိုးစု သုတ်သင်ရှင်းလင်းမှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာစွပ်စွဲမှုတွေကို မြန်မာနိုင်ငံအနေနဲ့ မနည်းခုခံချေပနေရချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်က နှောင့်နှေးကြန့်ကြာမှုတွေကြောင့် မိုးရာသီမတိုင်မီ ပြန်လည်လက်ခံရေးကိစ္စက အကောင်အထည် မဖော်ဖြစ်ခဲ့ရင်တော့ လုံခြုံရေးကောင်စီနဲ့ OIC တို့က အောက်လုံးခြောက်လုံးတွေနဲ့ မြန်မာ့အချုပ်အခြာကို လိုသလို ထပ်ပြီးဖိအားတွေပေးနေဦးမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “စိုးရိမ်တာက ဘာဖြစ်လို့လဲဆိုတော့ မိုးရာသီရောက်လို့ ဟိုဘက်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့လူတွေက မလုံမခြုံတဲ့မိုးထဲမှာ ကလေးတွေ ဖျားမယ်နာမယ်။ ရေနဲ့ဖြစ်တတ်တဲ့ ဝမ်းရောဂါတွေဖြစ်မယ်။ ပြီးတော့ Humanitarian Crisis ဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒီလို ဟိုဘက်က စခန်းတွေမှာ ဖြစ်တဲ့အချိန်ကျရင် မြန်မာနိုင်ငံကို ဖိအားတွေ များလာမှာကို ကျွန်တော်တို့က ကြိုမြင်တယ်” လို့ ဆိုပါတယ်။