တစ်နှစ်တစ်ခါ အိမ်ပြန်ရတဲ့ ဒုက္ခ

တစ်နှစ်တစ်ခါ အိမ်ပြန်ရတဲ့ ဒုက္ခ
Published 9 April 2018

အောင်မင်္ဂလာကားဝင်းအတွင်း ကားလက်မှတ်ရရှိရန် တန်းစီစောင့်ဆိုင်းနေသူများကို တွေ့ရစဉ်

“မုံရွာသွားမှာလား အစ်ကို။ ကားလက်မှတ်တစ်စောင် ၂၂၀၀၀ နဲ့ရမယ်”

အခုအချိန်မှာ မိတ်ဆွေတို့အနေနဲ့ အောင်မင်္ဂလာအဝေးပြေး ကားဝင်းထဲကိုရောက်ရင် ကားလက်မှတ်လိုက်ရောင်းနေတဲ့ အသံတွေကို နေရာတိုင်းမှာကြားရမှာပါ။ သြင်္ကန်နားနီးချိန်မို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းထဲက လမ်းတွေပေါ်မှာ ပုံသဏ္ဌာန်မျိုးစုံ၊ အရွယ်မျိုးစုံ ပွဲစားတွေက ကားလက်မှတ်တွေကို မှောင်ခိုလိုက်ရောင်းနေကြတာ ဖြစ်ပါတယ်။

ကားဂိတ်က လက်မှတ်အရောင်းကောင်တာတွေမှာ မုံရွာလက်မှတ်ခက ပုံမှန်ဆို ကျပ် ၁၂၀၀၀ လောက်ပဲရှိပေမယ့် သြင်္ကန်နားနီးတဲ့အချိန်မို့ ပွဲစားတွေက ကားဂိတ်တွေကဝယ်ထားပြီး နယ်ပြန်မယ့်သူတွေကို ဈေးတင်ရောင်းရင်းနဲ့ လက်မှတ်ခက ကျပ် ၂၀၀၀၀ ကျော်အထိ ဖြစ်နေပါတယ်။ ဒါက မုံရွာခရီးစဉ် တစ်ခုတည်းမဟုတ်ပါဘူး။ ဘယ်အရပ် ဘယ်ဒေသကိုဖြစ်ဖြစ် ကားလက်မှတ်ခဈေးတွေက ပုံမှန်ထက် နှစ်ဆပေးမှ ဝယ်လို့ရပါတယ်။

ကားလက်မှတ်ရောင်းတဲ့ ဂိတ်တွေက လက်မှတ်တွေကို ရက်အလိုက် ကြိုရောင်းပေးချိန်မှာ ပွဲစားတွေက လက်မှတ်တွေဝယ်ယူထားပြီး နယ်ပြန်ဖို့ လက်မှတ်လာဝယ်တဲ့သူတွေကို ဈေးတင်ရောင်းတဲ့အတွက် လက်မှတ်ဈေးတွေက ကြီးမြင့်နေတာ ဖြစ်ပါတယ်။

လက်မှတ်တွေကို ဂိတ်တွေက ရက်အလိုက် ကြိုရောင်းထားတဲ့အတွက် ဂိတ်အတော်များများမှာ ကားလက်မှတ်တွေ မရှိတော့ပါဘူး။ နယ်ပြန်ဖို့ လက်မှတ်ကြိုဖြတ်ထားသူအတွက်တော့ ကိစ္စမရှိပေမယ့် အနားနီးမှ လက်မှတ်လိုချင်သူတွေအတွက်တော့ ပွဲစားတွေဆီမှာ ဈေးနှစ်ဆပေးပြီးဝယ်မှ ကားလက်မှတ်ရမယ့် အနေအထားမျိုးပါ။

ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေခုနစ်သန်းကျော်ရှိတဲ့အနက် အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကနေ အလုပ်အကိုင်၊ လက်ထပ်ခြင်း၊ မိသားစုလိုက်ပြောင်းရွှေ့ခြင်းနဲ့ အခြားသောအကြောင်းအရာတွေကြောင့် ပြောင်းရွှေ့လာတဲ့ လူဦးရေသုံးသန်းနီးပါးရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေ ၂၀၁၅ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ လုပ်သားစစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီနှစ်ကစလို့ အစိုးရက သြင်္ကန်ပိတ်ရက်ကို ၁၀ ရက်ကနေ ငါးရက်အထိ လျှော့ချလိုက်ပေမယ့်လည်း အလုပ်သမားတွေကတော့ မိမိနယ်ကို ပြန်ကြမှာဖြစ်ပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့စက်မှုဇုန်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအနေနဲ့ သြင်္ကန်ပိတ်ရက် ၁၀ ရက်ရဖို့ ဖေဖော်ဝါရီလကတည်းက အချိန်ပိုတွေကြိုဆင်းပြီး ငါးရက်စာ ပိတ်ရက်ထပ်ရဖို့ ကြိုးစားခဲ့ရတာပါ။

ရန်ကုန်တက်လာပြီး အထည်ချုပ်မှာအလုပ်လုပ်နေတာ ခုနစ်နှစ်လောက်ကြာပြီဖြစ်တဲ့ မမာမာခိုင်က သြင်္ကန်ကာလရောက်တိုင်း သူ့မိဘတွေရှိတဲ့နယ်ကိုပြန်ရာမှာ လက်မှတ်ခကို မူရင်းဈေးထက်ပိုပေးပြီး ဝယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“နတ်မောက်ကို ပြန်ဖို့အတွက် သုံးလပိုင်းကတည်းက လက်မှတ်ကြိုဝယ်ထားရတယ်။ ပုံမှန်ဈေးက ကျပ် ၉၀၀၀ ပဲရှိတာကို အောင်မင်္ဂလာဝင်းထဲက ကားဂိတ်မှာ ကျပ်တစ်သောင်းခွဲ ပေးဝယ်ခဲ့ရတယ်။ ဈေးမတက်ဘူးပြောထားပေမယ့် သြင်္ကန်ရောက်တိုင်း ဈေးတက်တာပါပဲ။ ညီမတို့လည်း သူတို့တောင်းတဲ့ဈေးကိုပဲ ဝယ်လာရတယ်။ မဝယ်ခဲ့ရင် အိမ်ပြန်လို့မရတော့ဘူးလေ။ ဈေးပိုပေးပြီးဝယ်ရတဲ့အတွက် ပိုက်ဆံတော့ နှမြောတာပေါ့။ ဒါပေမဲ့ အိမ်ပြန်ချင်နေတော့လည်း သူတို့တောင်းတဲ့ဈေးသာ မပေးခဲ့ရင် ဒီနှစ်လက်မှတ်ရလိုက်မှာ မဟုတ်ဘူး” လို့ မမာမာခိုင်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က နတ်မောက်မြို့ကနေ ရန်ကုန်မြို့ကို မမာမာခိုင်တစ်ယောက် ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ မိသားစုထဲမှာ အကြီးဆုံးဖြစ်တဲ့အတွက် နယ်မှာလယ်လုပ်ရတာ အဆင်မပြေတာကြောင့် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က အဆောင်တစ်ခုမှာ ငှားရမ်းနေထိုင်ပြီး အထည်ချုပ်အလုပ်ဝင်လုပ်ခဲ့တာပါ။

သူ့လိုပဲ နယ်ကနေ ရန်ကုန်တက်လာပြီး အလုပ်လာလုပ်တဲ့သူတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းကနေ ရန်ကုန်ကို အလုပ်လာလုပ်တဲ့သူတွေ ပိုများပါတယ်။ နယ်ကနေ အလုပ်လာလုပ်ကြသူ အများစုက သြင်္ကန်ပိတ်ရက်တိုင်း ကိုယ့်အရပ်ကိုယ့်ဒေသကို ပြန်ကြပါတယ်။

“ကျွန်တော့်မိသားစုနဲ့ ကျုံပျော်ကိုပြန်မလို့ ဧပြီ ၅ ရက်က အောင်မင်္ဂလာဝင်းထဲက ကားဂိတ်တစ်ခုမှာ လက်မှတ်သွားဖြတ်တယ်။ နဂိုက ကျပ် ၂၀၀၀ ပဲပေးရတဲ့ခရီးကို ကျပ် ၄၀၀၀ တဲ့။ ဈေးနှစ်ဆပေးပြီး ဝယ်ခဲ့ရတယ်။ လက်မှတ်ထဲမှာတော့ ကျပ် ၂၀၀၀ လို့ပဲရေးထားပြီး တကယ်ပေးခဲ့ရတာက ကျပ် ၄၀၀၀ ပါ။ ဒါဟာမဖြစ်သင့်ဘူးလေ။ မရိုးသားရာကျပါတယ်။ သြင်္ကန်နယ်ပြန်မှာဆိုတော့ မဝယ်လို့လည်းမဖြစ်တော့ ဝယ်ခဲ့ရတာပေါ့” လို့ ရန်ကုန်ကနေ ဧရာဝတီတိုင်း ကျုံပျော်ကို သြင်္ကန်ကာလအတွင်းပြန်မယ့် ကိုထက်ကြီးက ကားလက်မှတ်ဈေးကြီးပေးဝယ်ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

လက်မှတ်ရောင်းတဲ့ ကားဂိတ်တချို့ကတော့ နယ်ပြန်ဖို့ လက်မှတ်လာဝယ်သူတွေကို “လက်မှတ်တွေကုန်ပြီ” လို့လိမ်ပြောပြီး သြင်္ကန်အလုပ်ပိတ်ရက်ကပ်မှ လက်မှတ်လာဝယ်တဲ့သူတွေကို ဈေးတင်ရောင်းတာတွေ ရှိပါတယ်။ ဒီလိုအခြေအနေတွေကို ထိန်းနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (အဝေးပြေး) ရဲ့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီလကစပြီး အောင်မင်္ဂလာအဝေးပြေးဝင်း အတွင်းနဲ့ ဒဂုံဧရာအဝေးပြေးဝင်းအတွင်းမှာရှိတဲ့ ယာဉ်လိုင်းတာဝန်ခံတွေကို သြင်္ကန်မှာ လက်မှတ်ခတွေ ဈေးပိုမရောင်းဖို့ တရားဝင်အသိပေးညွှန်ကြားစာ ထုတ်ထားပါတယ်။

“သြင်္ကန်ကာလအတွက် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ဖေဖော်ဝါရီလကတည်းကစပြီး စဉ်းစားတယ်။ ဂိတ်တွေမှာ ဖြစ်နိုင်တာက ဂိတ်တွေမှာ လက်မှတ်တွေကို ဈေးပိုရောင်းတာဖြစ်နိုင်တယ်။ နောက်ပြီး လက်မှတ်တွေကုန်ပြီလို့ပြောပြီး နောက်မှ လက်သိပ်ထိုးရောင်းတာမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ဖေဖော်ဝါရီလမှာ အောင်မင်္ဂလာဝင်းထဲက ဂိတ်တွေနဲ့ အစည်းအဝေးလုပ်တယ်။ တာဝန်ခံတစ်ယောက် ဒဂုံဧရာကိုသွားပြီး ဂိတ်တွေက တာဝန်ခံတွေနဲ့တွေ့တယ်။ သြင်္ကန်ကာလမှာ လက်မှတ်ခတွေ ပိုမရောင်းဖို့နဲ့ ကုန်ပြီလို့မပြောဘဲ အမှန်တကယ်ရောင်းချပေးဖို့ ယာဉ်လိုင်းတာဝန်ခံတွေကို ပြောခဲ့တယ်။ စာနဲ့လည်း တရားဝင်ညွှန်ကြားချက်ထုတ်ခဲ့တယ်” လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(အဝေးပြေး)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သြင်္ကန်ကာလမှာ ကားလက်မှတ်ခတွေ ဈေးမတက်ဖို့ တာဝန်ရှိသူတွေက တရားဝင်ညွှန်ကြားထားပေမယ့် နယ်ကနေ အလုပ်လာလုပ်ကြတဲ့သူတွေအနေနဲ့ သြင်္ကန်ကာလမှာအိမ်ပြန်ဖို့ ကားလက်မှတ်ဖြတ်တဲ့အခါမှာ လက်မှတ်ခကို ဈေးကြီးပေးဝယ်ကြရပါတယ်။ လက်ရှိအချိန်မှာ နယ်ပြန်မယ့်လူတွေအနေနဲ့ ကားဂိတ်တွေက ဈေးတင်ရောင်းတဲ့ ကားလက်မှတ်ကိုဝယ်မှာလား ဒါမှမဟုတ် ပွဲစားတွေဆီက ဈေးကြီးပေးရတဲ့ ကားလက်မှတ်ကိုဝယ်မှာလား ရွေးချယ်ဖို့က ဒီနှစ်မျိုးပဲရှိပါတယ်။

“သက်ဆိုင်ရာတာဝန်ရှိသူတွေ ပြောနေတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ပွင့်လင်းမြင်သာမှုတို့ဆိုတာ သူတို့ပါးစပ်ထဲမှာပဲရှိတာလား။ ဒီစကားတွေပြောပြီးရင် အောက်ခြေကိုဆင်းပြီး ပြည်သူတွေရဲ့အသံကို နားထောင်သင့်တယ်။ အများကြီး မလုပ်ပါနဲ့ဦး။ အခုချိန် အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာ ခရီးသည်တစ်ယောက်လိုလာပြီး လက်မှတ်ဝယ်ကြည့်သင့်တယ်။ ဒါမှလည်း အောက်ခြေက ပြည်သူတွေ ဘယ်လိုအခက်အခဲတွေ ခံစားနေရလဲဆိုတာသိမှာပေါ့” လို့ သြင်္ကန်တွင်း နေရပ်ပြန်မယ့် ကိုထက်ကြီးက သူ့အမြင်ကို ပြောပါတယ်။

သြင်္ကန်ကာလမှာ ကားလက်မှတ်ခတွေ ဈေးတက်တာနဲ့ ပတ်သက်လို့ ရွှေမန်းသူကားဂိတ်မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုလှမြင့်နိုင်က “သြင်္ကန်တွင်းစက်ရုံမှာ အလုပ်လုပ်တဲ့ကလေးမတွေ အကုန်လုံးအိမ်ပြန်ကြတော့ ခရီးသည်က အုံကျလာတယ်။ မပြန်မဖြစ် ပြန်ကြတာဖြစ်တော့ ဈေးဘယ်လောက်ဖြစ်ဖြစ် ပြန်နေကြတာပေါ့။ တချို့ဂိတ်တွေက ပုံမှန်ဈေးပဲရောင်းတယ်။ ကျွန်တော်တို့ဂိတ်ကတော့ ဈေးတင်ရောင်းတာမျိုးမရှိပါဘူး။ တချို့ဂိတ်တွေက ဈေးတင်ရောင်းတယ်။ ဒါပေမဲ့ ပွဲစားတွေလက်ထဲ လက်မှတ်တွေရောက်သွားရင် သူတို့ကဈေးတင်ပြီး ပြန်ရောင်းတော့တာပဲ။ အဲဒါတွေကြောင့် ကားလက်မှတ်တွေက နှစ်ဆလောက်အထိ ဈေးတက်ကုန်တာ” လို့ပြောပါတယ်။

မနှစ်က အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းမှာ ယာဉ်လိုင်းပေါင်း ၂၃၆ လိုင်းရှိပြီး ကားအစီးရေ ၂၇၀၀ ကျော်ရှိသလို ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းမှာလည်း ယာဉ်လိုင်းပေါင်း ၂၀၇ လိုင်းရှိပြီး ကားစီးရေ ၉၀၀ ကျော်ရှိပေမယ့် သြင်္ကန်ကာလအတွင်း နယ်ပြန်သူများတာကြောင့် ကားအစီးရေက လုံလောက်မှုမရှိခဲ့ပါဘူး။

ဒီနှစ်မှာတော့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရဲ့ အစီအမံနဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း ၆၁ လိုင်း၊ ယာဉ်စီးရေ ၇၆၉ စီးကို ပုံမှန်ပြေးဆွဲလမ်းကြောင်းအတိုင်း သတ်မှတ်ယာဉ်စီးခနှုန်းထားနဲ့ ပြေးဆွဲသွားမှာဖြစ်တယ်လို့ YRTA က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရန်ကုန်ကနေ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ပြန်ကြမယ့်ပြည်သူတွေအတွက် ဧပြီ ၁၁ ရက်ကနေ ၁၃ ရက်အထိ ရန်ကုန်-ပုသိမ် ခရီးစဉ်တွေကို ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းမှာ အားဖြည့်ပြေးဆွဲပေးမှာဖြစ်ပြီး ဧပြီ ၁၁ ရက်ကနေ ၁၃ ရက်အထိ လက်ပံတန်း-မင်းလှ ခရီးစဉ်နဲ့ ဧပြီ ၁၁ ရက်ကနေ ၁၂ ရက်တွေမှာ ရန်ကုန်-ပဲခူး-ညောင်လေးပင်-တောင်ငူ-နေပြည်တော် ခရီးစဉ်တွေကို အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းကနေ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အောက်ကယာဉ်လိုင်းတွေကနေ ခရီးသည်ယာဉ်တွေနဲ့ အားဖြည့်ပြေးဆွဲသွားမယ်လို့ YRTA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ရန်ကုန်ကို အလုပ်လာလုပ်နေကြတဲ့ နယ်ကအလုပ်သမားတွေကို သြင်္ကန်ကာလအတွင်း နယ်ပြန်ဖို့ ကားလက်မှတ်ဖြတ်ရတဲ့ဒုက္ခက နှိပ်စက်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒီပြဿနာကို အရင်အစိုးရအဆက်ဆက်က မဖြေရှင်းခဲ့သလို လက်ရှိ NLD အစိုးရလက်ထက်မှာလည်း ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “မှောင်ခိုလက်မှတ်ရောင်းရင် ဖမ်းမယ်ဆိုတာကလည်း တကယ်ဖြေရှင်းတဲ့ နည်းလမ်းအမှန်မဟုတ်ဘူး။ ဖြေရှင်းတဲ့နည်းလမ်းအမှန်က ကားအရေအတွက်နဲ့ ခရီးသည်မမျှ ဖြစ်နေတဲ့အချိန်မှာ ကားလိုသလောက် ထပ်ဖြည့်ပေးမယ်ဆိုရင် မှောင်ခိုဈေးကွက်က ရှိမှာမဟုတ်တော့ဘူး။ အရေးယူမယ်ဆိုတာကလည်း ဘယ်လိုအရေးယူမလဲ။ သူ့ပစ္စည်းသူ ရောင်းတယ်။ ဝယ်တဲ့လူများလို့ ဈေးတင်ရောင်းတယ်။ ဘာပုဒ်မနဲ့ အရေးယူမလဲ” လို့ သုံးသပ်ပြောကြားပါတယ်။

Most Read

Most Recent