ပြည်သူတွေ လုံးဝလက်မခံတဲ့ မြစ်ဆုံစီမံကိန်း တစ်ကျော့ပြန်လာနိုင်သလား

ပြည်သူတွေ လုံးဝလက်မခံတဲ့ မြစ်ဆုံစီမံကိန်း တစ်ကျော့ပြန်လာနိုင်သလား
Published 27 November 2017

ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းဝန်းကျင်ကို ဝေဟင်မှ တွေ့ရစဉ်

မြန်မာပြည်သူတွေ အားလုံးလိုလိုက လုံးဝလက်မခံနိုင်ပေမယ့် တရုတ်နိုင်ငံဘက်ကတော့ မြစ်ဆုံစီမံကိန်းကို လုံးဝလက်လွတ်မခံဘဲ မြန်မာအစိုးရနဲ့ ဆက်လက်ဆွေးနွေးမယ်လို့ သွေးတိုးစမ်းနေပြီဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းကို ဆက်လုပ်စေချင်တယ်ဆိုတဲ့သူတွေက စီမံကိန်းမှာ ငါးရာခိုင်နှုန်းရှယ်ယာပါတဲ့ Asia World ကုမ္ပဏီနဲ့ မြစ်ဆုံစီမံကိန်းလုပ်ဆောင်ဖို့ အဓိကဖွဲ့စည်းထားတဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက် (ACHC) ရဲ့ဝန်ထမ်းတွေ၊ မိသားစုတွေကလွဲရင် ကျန်တဲ့ မြန်မာတစ်နိုင်ငံလုံးက ဒီစီမံကိန်းကို ဘယ်အစိုးရတက်တက် ပြည်သူတွေက လုံးဝလက်မခံပါဘူး။

ACHC ကုမ္ပဏီဆိုတာ မြစ်ဆုံစီမံကိန်း စတင်ခဲ့တဲ့ကုမ္ပဏီ China Power Investment Corporation-CPI က အဓိကရှယ်ယာပါတဲ့ ကုမ္ပဏီဖြစ်ပြီးတော့ CPI ဟာဆိုရင်လည်း လက်ရှိ တရုတ်နိုင်ငံ နျူကလီးယားလျှပ်စစ်နည်းပညာကုမ္ပဏီနဲ့ ပေါင်းစပ်ပြီး ကုမ္ပဏီအသစ်ဖြစ်တဲ့ State Power Investment Corporation-SPIC ကုမ္ပဏီက ရှယ်ယာအများဆုံးပါတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

ACHC ကုမ္ပဏီမှာဆိုရင် စီမံကိန်းအဓိကလုပ်ဆောင်တဲ့ SPIC ကုမ္ပဏီက ရှယ်ယာရာခိုင်နှုန်း ၈၀၊ အရင်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်းနဲ့ Asia World ကုမ္ပဏီက ငါးရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

လက်ရှိမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဘာကြောင့်ထွက်ပြောတာလဲဆိုရင် ကြီးမားတဲ့ ရေအားလျှပ်စစ်ထုတ်ယူရေး ဆည်တွေက မြန်မာနိုင်ငံရဲ့ ရေရှည်လျှပ်စစ်ဓာတ်အားမလုံလောက်မှုကို ကိုင်တွယ်ဖို့အတွက် မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမှာ ဦးစားပေးမဟုတ်ဘူးလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုဝင်ဘာ ၇ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တာကြောင့် တရုတ်နိုင်ငံဘက်က မြစ်ဆုံစီမံကိန်းကို ဆက်ဆွေးနွေးမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရ အမျိုးသမီးဟွာချန်းယင်က တရုတ်ရဲ့အနေအထားဟာ မပြောင်းလဲကြောင်းနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အပြန်အလှန် အကျိုးရှိမှုအခြေခံပေါ်မူတည်ပြီး အမြဲတမ်း နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်ဖို့ သဘောထား မပြောင်းလဲသေးကြောင်းနဲ့ မြန်မာနဲ့ ဆက်လက်ဆွေးနွေးမယ်လို့ ပြောကြားခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရ အမျိုးသမီးဟွာက “မြစ်ဆုံရေအား လျှပ်စစ်စက်ရုံဟာ နှစ်ဖက်စလုံးက သဘောတူထားပြီးဖြစ်တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး အပြည့်အစုံအတည်ပြုပြီးသား လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နှင့်ပြီးဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံဘက်နဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမှာဖြစ်ပြီး စီမံကိန်းနဲ့ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်မှုအတွင်း ပေါ်ထွက်လာတဲ့ပြဿနာတွေ ဒါမှမဟုတ် အခက်အခဲတွေကို လက်တွေ့ကျကျနဲ့ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ ကောင်းကောင်းမွန်မွန် တည်တည်ငြိမ်ငြိမ်ဆက်ပြီး ဖွံ့ဖြိုးလာဖ့ို သင့်တော်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခွင့်ပြုသွားမှာ ဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂ ရက် ကချင်ပြည်နယ် မဲဆွယ်ခရီးစဉ် မြစ်ကြီးနားမြို့မှာ “မြစ်ဆုံရေကာတာနဲ့ ပတ်သက်လို့ အစိုးရနဲ့သက်ဆိုင်ရာကုမ္ပဏီနဲ့ ဘယ်လိုသဘောတူညီချက်တွေ ရေးထားလဲဆိုတာ ပြည်သူကို ချပြဖို့လုပ်မှာပါ။ သဘောတူညီချက်တွေမှာ ဘယ်လိုအချက်တွေပါလဲဆိုတာ လုံးဝမသိပါဘူး။ ဘာပါလဲဆိုတာမသိဘဲနဲ့ ဟိုဟာလုပ်ပေးမယ် ဒီဟာလုပ်ပေးမယ်လို့ပြောရင် အင်မတန်တာဝန်မဲ့ရာ ရောက်ပါတယ်။ ဒီစီမံကိန်းကို ရပ်လိုက်တယ်ဆိုရင် ဒါဟာ စီးပွားရေးအရ သဘောတူညီစာချုပ်များရဲ့ သဘောသဘာဝအရ လျော်ကြေးဆိုတာ ပေးရတယ်။ ဘယ်လိုနစ်နာကြေးတွေလဲ ဘယ်လိုလျော်ကြေးတွေလဲ ဘယ်လောက်ထိ ကျွန်မတို့နိုင်ငံ ထိခိုက်နိုင်လဲ ကျွန်မတို့မသိဘူး” လို့ ပြည်သူတွေကို ကတိပေးပြောကြားခဲ့ပြီးဖြစ်သလို ၂၀၁၆ ခုနှစ် အာဏာရပြီးချိန်မှာ သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ခရီးစဉ်မတိုင်ခင် သြဂုတ် ၁၂ ရက်မှာ ဧရာဝတီ-မြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ကော်မရှင်အနေနဲ့ သုံးလအတွင်း ပထမအစီရင်ခံစာ တင်ပြဖို့ ညွှန်ကြားချက်ပါဝင်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ကော်မရှင်ရဲ့ ပထမအကြိမ်အစီရင်ခံစာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကလွဲရင် အပြီးသတ်အစီရင်ခံစာကို တစ်နှစ်ကျော်လာတဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်အထိ လုံးဝထုတ်ပြန်ခဲ့မှုမရှိခဲ့ပါဘူး။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စာချုပ်ချပြမယ်လို့ ကတိပေးခဲ့ပေမယ့် မဖြစ်ခဲ့သလို မြစ်ဆုံကော်မရှင်ရဲ့ အစီရင်ခံစာကိုလည်း တစ်နှစ်ကျော်လာတဲ့အထိ ပြည်သူလူထုက မြင်တွေ့ခွင့်မရချိန်မှာ ဒီမြစ်ဆုံစာချုပ်ဟာဖျက်သိမ်းဖို့ ဘယ်လောက်တောင်ခက်ခဲနေတာလဲလို့ ပြည်သူတွေ စိတ်နှလုံးညှိုးချုံးရသလို လက်ပံတောင်းတောင်အစီရင်ခံစာလိုများ စာချုပ်ပြင်ဆင်ချုပ်ဆိုပြီး ဆက်လုပ်ခွင့်ပြုလိုက်ရင် မြန်မာနိုင်ငံတော့ဒုက္ခပဲလို့ တွေးပူရတဲ့အခြေအနေဖြစ်ခဲ့သလို ဘယ်လိုအစိုးရတက်တက် မြစ်ဆုံကိုတော့ လုံးဝလက်မခံဘူးလို့ ကန့်ကွက်မှုတွေကလည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာလို ပြန်လည်ထွက်ပေါ်လာပါတယ်။

“ပြန်လည်ဆွေးနွေးဖို့အတွက် ဒီဘက်က ပြင်ထားတယ်တော့ပြောတယ်။ ကျွန်တော်တော့ အသေးစိတ်မသိသေးဘူး။ ဘယ်လိုဆွေးနွေးမလဲဆိုတာ ကျွန်တော်မသိသေးဘူး။ သူတို့ဘက်က ပြောလာပြီဆိုရင် ဒီဘက်က ပြန်လည်ဆွေးနွေးနိုင်တဲ့ အနေအထားတစ်ခုကို အသင့်ပြင်ထားတယ်ပြောတယ်။ ဘယ်နေ့ဘယ်လို ဘယ်အချိန်မှာ ဘယ်သူနဲ့ဆွေးနွေးမလဲတော့ မသိသေးဘူး။ မနက်ကတင် ကျွန်တော် တရုတ်ဘက်က မြစ်ဆုံပြန်စချင်တဲ့ အသံထွက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးကြည့်သေးတယ်။ ဘယ်လိုလဲဆိုတော့ အဲဒီလိုပြန်ပြောတယ်။ အသေးစိတ်တော့ မသိသေးဘူး” လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက မြစ်ဆုံစီမံကိန်းပြန်စဖို့ တရုတ်ဘက်က ဆွေးနွေးလာရင် ပါတီအနေနဲ့ တုံ့ပြန်ဆွေးနွေးဖို့အသင့်ပြင်ထားပြီးဖြစ်တယ်လို့ ပြောကြားပါတယ်။

Three Gorges Dam ကို နမူနာယူရင် မြစ်ဆုံဆည်စီမံကိန်းက လုံးဝမလုပ်သင့်ဘူး

လတ်တလောမှာဆိုရင် စိတ်ဝင်စားစရာအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ရဲ့ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး Three Gorges Dam ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။ ဒီ Three Gorges Dam ဟာ ဟူပေပြည်နယ်၊ Yichang ကောင်တီ၊ Yiling ခရိုင်၊ Sandouping မြို့အနီးမှာတည်ရှိပြီး ၁၉၉၄ ခုနှစ်မှာ ရေကြီးမှုထိန်းချုပ်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနဲ့ ရေကြောင်းသွားလာမှု အဆင်ပြေစေရေးရည်ရွယ်ပြီးတော့ တရုတ်နိုင်ငံပိုင် China Three Gorges Corporation ကတည်ဆောက်ခဲ့တာပါ။ ဆည်အမျိုးအစားက Concrete Gravity အမျိုးအစားဖြစ်ပြီး တမံအလျား ၂၃၃၅ မီတာ၊ အမြင့် ၁၈၁ မီတာ၊ အောက်ခြေအကျယ် ၁၁၅ မီတာ၊ တမံထိပ်ပိုင်းအကျယ် မီတာ ၄၀ ရှိပြီး ရေလှောင်ပမာဏက ဧက ၃၁၄၀၀၀၀၀ ပေ ဖြစ်ပါတယ်။ ဒီ Three Gorges Dam မှာ မဂ္ဂါဝပ် Generator 700 ၃၂ လုံး၊ မဂ္ဂါဝပ် ၅၀ နှစ်လုံးတပ်ဆင်ထားပြီး နှစ်စဉ် လျှပ်စစ်စွမ်းအင် ပမာဏ ၈၇ တာရာဝပ်နာရီအထိ ထုတ်လုပ်ပေးပါတယ်။ ဒီထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ဓာတ်အားကို နိုင်ငံအလယ်ပိုင်းဆီ ၅၂ ရာခိုင်နှုန်း၊ အရှေ့ပိုင်းဆီ ၃၂ ရာခိုင်နှုန်း၊ ကွမ်းတုံပြည်နယ်ကို ၁၆ ရာခိုင်နှုန်းဖြန့်ဖြူးပေးနေပါတယ်။ Three Gorges Dam မှာ သင်္ဘောတွေ ဖြတ်သန်းသွားလာနိုင်ရေးအတွက် Two Way, Five-Step System Shiplock တစ်ခုနဲ့ One Way, One Step Elevator တစ်ခုတပ်ဆင်ထားပြီး ဆည်ကြီးတည်ဆောက်မှု ကုန်ကျငွေ တရုတ်ယွမ်ငွေ ဘီလျံ ၁၈၀ (အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၆ ဘီလျံ) ဖြစ်ပါတယ်။

မြစ်ဆုံဆည် စတင်တည်ဆောက်ချိန်ကစပြီး မြစ်ဆုံစီမံကိန်းလုပ်ဆောင်ချင်တဲ့ တရုတ်ကုမ္ပဏီဘက်က ဒီဆည်နဲ့ပတ်သက်ပြီး ဒီလိုကမ္ဘာ့အကြီးဆုံးဆည်ကို အန္တရာယ်ကင်းအောင် တည်ဆောက်နိုင်တယ်ဆိုတာမျိုး မြစ်ဆုံဆည်ကိုလည်း အန္တရာယ်ကင်းအောင် ဆောက်နိုင်တယ်ဆိုတာမျိုး ပြောခဲ့ကြပါတယ်။

တကယ်တမ်းမှာတော့ ဒီ Three Gorges Dam ကြီးဟာ တရုတ်နိုင်ငံ၊ တရုတ်အစိုးရ၊ တရုတ်ပြည်သူအားလုံးအတွက် အကြီးမားဆုံးအန္တရာယ်၊ အဆိုးဝါးဆုံးစိုးရိမ်ပူပန်မှုကြီးဖြစ်နေပါတယ်။ ၂၀၀၆ ခုနှစ် ဆည်တည်ဆောက်မှု အားလုံးပြီးစီးပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှာ စီမံကိန်းကြီးတစ်ခုလုံး ပြီးစီးသွားခဲ့ပေမယ့် အနှစ် ၂၀ မပြည့်ခင်မှာပဲ အဲဒီဆည်ကြောင့် ပေါ်လာတဲ့မိုးခေါင်မှုတွေ၊ ရေကြီးမှုတွေ၊ မြေပြိုမှုတွေ၊ ငလျင်တွေအများအပြားဖြစ်နေသလို ယန်ဇီမြစ်ကောသွားနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ၊ ဆည်အနီးပတ်ဝန်းကျင်ဒေသတွေမှာ မြေပြိုနိုင်တဲ့ အန္တရာယ်တွေနဲ့ လူတွေပြောင်းကြ၊ ရွှေ့ကြအခြေအနေပါ။ ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံဘက်က ပညာရှင်တွေက ဒီ Three Gorges Dam နဲ့ နှိုင်းယှဉ်ပြီး မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် အကြီးအကျယ်ထိခိုက်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို မြစ်ဆုံစီမံကိန်းဆောက်ချင်သူတွေဘက်က မထိခိုက်နိုင်ပါဘူးလို့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ သက်သေမပြနိုင်တဲ့အပြင် ဒီ Three Gorges Dam ကြီးကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု၊ ပထဝီမြေအနေအထားအပေါ် ထိခိုက်မှုတွေနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေရှိနေတယ်လို့ တရုတ်အစိုးရက ၂၀၁၁ ခုနှစ် မေလမှာ ဝန်ခံပြောကြားခဲ့ရတာကလည်း မြစ်ဆုံဆည်ကို လုံးဝမလုပ်ဆောင်သင့်ဘူးဆိုတဲ့ အခြေအနေကို ညွှန်းဆိုပါတယ်။

ဒါ့အပြင် ယန်ဇီမြစ်ကို ဖြတ်ပြီးဆောက်ထားတဲ့ အဲဒီ ဧရာမရေကာတာ Three Gorges Dam အနီးက လူပေါင်းတစ်သန်းကျော်ကို ရေကာတာနဲ့ဝေးရာကို ရွှေ့ပြောင်းခဲ့ပြီးဖြစ်ပေမယ့် ရေကာတာကြီးရဲ့ အစွန်းပိုင်းနေရာတစ်ဝိုက်မှာ ကမ်းပါးပြိုကျပြီး မြေပြိုနိုင်တဲ့အန္တရာယ် ရှိနေတာကြောင့် ရေကာတာအနားမှာနေထိုင်တဲ့ လူပေါင်းတစ်သိန်းကို ရေကာတာနဲ့ဝေးရာမှာ နေရာပြန်လည်ချထားရေးလုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ်လို့ တရုတ်နိုင်ငံပိုင် သတင်းမီဒီယာကနေ ၂၀၁၂ ဧပြီမှာ ကြေညာခဲ့ရပါတယ်။ ၂၀၁၀ ပြည့်နှစ်ကစပြီး Three Gorges Dam ရေ ကာတာကြီးမှာ စိုးရိမ်ရေမှတ်အထိကို ရေတွေမြင့်တက်လာတာကြောင့် မြေပြိုမှုတွေဟာလည်း တိုးများလာနေသလို ဒီရေကာတာစီမံကိန်းကြောင့် လူတွေကို နေရာရွှေ့ပြောင်းပေးနေရမှုတွေကို လုံလောက်အောင်မလုပ်နိုင်ခဲ့ဘူးလို့လည်း တရုတ်အစိုးရက ဝန်ခံထားခဲ့တာတွေက မြန်မာနိုင်ငံရဲ့ ဧရိယာရာခိုင်နှုန်း ၆၀ လောက်ကိုထိခိုက်စေမယ့် မြစ်ဆုံစီမံကိန်းမှာလည်း မလွဲမသွေကြုံလာရမယ့် ပြဿနာဖြစ်တာကြောင့် Three Gorges Dam ကို နမူနာယူမယ်ဆိုရင် မြစ်ဆုံဆည်စီမံကိန်းဟာ လုံးဝမလုပ်ဆောင်သင့်ဘူးလို့ပဲ အဖြေထွက်ပါလိမ့်မယ်။

လိပ်ခဲတည်းလည်း မြစ်ဆုံကော်မရှင်ရဲ့ ပြည်သူသိအောင် မထုတ်ပြန်သေးတဲ့ အစီရင်ခံစာ

ဧရာဝတီ- မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို သြဂုတ် ၁၂ ရက်မှာဖွဲ့စည်းခဲ့ပြီး အဲဒီနေ့မှာပဲ အဖွဲ့ဝင်တွေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနှုတ်ဆက်မှုပြုလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံနုတ်ဆက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ကော်မရှင်မှာပါတဲ့အဖွဲ့ဝင်တချို့ရဲ့ နောက်ကြောင်းတွေကိုမသိပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ လက်မှတ်ရေးထိုးဖွဲ့စည်းခဲ့တဲ့ ဧရာဝတီ- မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးတီခွန်မြတ်က တာဝန်ယူထားပြီး ဒုတိယဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်တွေက ဒေါက်တာအောင်သူ (ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးသန့်စင်မောင် (ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဦးအုန်းဝင်း (ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ ဦးဖေဇင်ထွန်း (ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)၊ ဒေါက်တာမျိုးသိမ်းကြီး (ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)၊ ဦးထွန်းထွန်းဦး (ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ဒေါက်တာခက်အောင် (ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့)၊ မိကွန်ချမ်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အဖွဲ့ဝင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ)၊ ဒေါက်တာမြတ်ဉာဏစိုး (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ)၊ ဦးအုန်းမြင့် (ဒုတိယဝန်ကြီး (ငြိမ်း) အကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ အမျိုးသားရေအရင်းအမြစ်ကော်မတီ)၊ ဦးမျိုးမြင့် (ဒုတိယဝန်ကြီး(ငြိမ်း)၊ ဒေါ်မေရီမီနန် (ဥပဒေချုပ် (ငြိမ်း)၊ကချင်ပြည်နယ်)၊ ဦးတင်မြင့် (အမြဲတမ်းအတွင်းဝန်၊ ပြည်ထဲရေးဝန်ကြီးဌာန)၊ ဦးမောင်မောင်အေး (နာယက၊ Myanmar Environmental Institute)၊ ဦးဝင်းကျော် (ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတမံကြီးများအသင်း)၊ ဦးချိုချို (အကြံပေးအဖွဲ့ဝင်၊ အမျိုးသားရေအရင်းအမြစ်ကော်မတီ) တို့နဲ့ဖွဲ့စည်းထားပြီး အတွင်းရေးမှူးအဖြစ် ဒေါက်တာဝင်းသိမ်း (ဥက္ကဋ္ဌ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့) နဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါ်မိမိခိုင် (ညွှန်ကြားရေးမှူးချုပ်၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကို တာဝန်ပေးအပ်ခဲ့ပါတယ်။

ပါဝင်သူလူဦးရေ ၂၀ မှာ လူအချို့က မြန်မာပြည်သူတွေ လုံးဝလက်မခံတဲ့ မြစ်ဆုံစီမံကိန်းကို လာဘ်ပေးလာဘ်ယူတွေနဲ့ လုပ်ကိုင်ခဲ့တဲ့ စစ်အာဏာရှင်ဟောင်းတွေရဲ့ လူယုံအချို့ပါဝင်နေတာဖြစ်ပြီး ဒီကော်မရှင်ဟာ မြန်မာပြည်သူလူထု လုံးဝလက်မခံတဲ့ မြစ်ဆုံစီမံကိန်း အပြီးသတ်စေမယ့် ဆုံးဖြတ်ချက်ကိုချပြမယ့် မြန်မာ့သူရဲကောင်း ၂၀ ဖြစ်လာမလားဆိုတာနဲ့ စီမံကိန်းဟာ ဆက်လက်လုပ်ဆောင်သင့်ပါတယ်ဆိုပြီး အကြောင်းပြချက်များစွာနဲ့ မြန်မာနိုင်ငံမှာ ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ်စေမယ့် သမိုင်းအမှားကျုးလွန်သွားမှာလားဆိုတာ အခုအထိတော့ မဝေခွဲနိုင်သေးပါဘူး။

ကော်မရှင်အနေနဲ့ တာဝန်ရှစ်ရပ်ကို ထမ်းဆောင်ရမှာဖြစ်ပြီး ဧရာဝတီ- မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် စပ်လျဉ်း၍အမျိုးသား အကျိုးစီးပွားတိုးတက်ရေးကို အခြေခံလျက် နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် သင့်လျော်သောနည်းလမ်းများရရှိစေရန် အချက်ရှစ်ချက်ကို လေ့လာစိစစ်ပြီး သုံးသပ်ချက်၊ အကြံပြုချက်များနှင့်အတူ အစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ရဲ့ တာဝန်တွေကဆိုပါတယ်။

ကော်မရှင်အနေနဲ့ အဓိကလုပ်ဆောင်ရမယ့် အချက်တွေက “(က) စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ ပြည်တွင်းဥပဒေများနှင့် ဆောင်ရွက်သင့်သည့် နည်းပညာများကိုအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ မရှိ၊ (ခ) စီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ (ဂ) စီမံကိန်းများကြောင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ၊ (ဃ) စီမံကိန်းများကို ဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ်ညာပိုင်း (Up Stream)၊ မြစ်ဆုံ၊ မြစ်အောက်ပိုင်း (Down Stream)၊ မြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသအထိ ဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့် မြစ်ကြောင်းစီးဆင်းမှုကို ထိခိုက်နိုင်မှုအခြေအနေ၊ (င) မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခုဖြစ်သည့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ (စ) စီမံကိန်းများကို ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေနှင့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ၊ (ဆ) စီမံကိန်းများဆက် လက်ဆောင်ရွက်ရန် သင့်၊ မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေနဲ့ (ဇ) စီမံကိန်းဆိုင်ရာ စာချုပ်များအပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူတို့အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေး ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများဆိုပြီး တာဝန်ရှစ်ရပ် ပေးအပ်ခဲ့ပါတယ်။

ကော်မရှင်ဟာ တာဝန်ရှစ်ရပ်ကို စိစစ်အပြီးမှာ သုံးသပ်ချက်တွေ အကြံပြုချက်တွေနဲ့ သုံးလအတွင်း ပထမအစီရင်ခံစာတင်ပြရမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ ထူးခြားချက်အနေနဲ့ “ကော်မရှင်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားတိုးတက်ရေးတို့အပေါ် အခြေခံပြီး အကြံပြုချက်တွေ သုံးသပ်ချက်တွေနဲ့အတူ အစီရင်ခံတင်ပြရမှာဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ ဒေသခံပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဧရာဝတီမြစ်အပေါ် ရင်မှာခံစားအလေးထားသည့် ခံစားချက်များအပါအဝင် သဘောထားအမြင်များကို ထည့်သွင်းစဉ်းစားရမည်” ဆိုတဲ့အချက်ဟာ ထူးခြားချက်ဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြစ်ဆုံစီမံကိန်းစတင်တာကို ပြည်သူတွေသိခွင့်ရ ပြောခွင့်ရချိန်ကစပြီး စီမံကိန်းကို မြန်မာပြည်သူလူထုက လုံးဝလက်မခံနိုင်ကြောင်း ပြောထားတာကြောင့်ပါ။ ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပညာရှင်တွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေ အားလုံးကလည်း မြစ်ဆုံစီမံကိန်းကို မလုပ်သင့်ပါဘူးလို့ ပြောထားတဲ့အတွက်ပါ။ ကော်မရှင်အနေနဲ့ ကော်မရှင်ဖွဲ့စည်းတဲ့ အမိန့်ကြော်ငြာစာက နံပါတ် (၃) အချက်ဖြစ်တဲ့ “ဒေသခံပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဧရာဝတီမြစ်အပေါ် ရင်မှာခံစားအလေးထားသည့် ခံစားချက်များအပါအဝင် သဘောထားအမြင်များကို ထည့်သွင်းစဉ်းစားရမည်” ဆိုတဲ့အချက်ကို အဓိကဦးတည်ပြီး လေ့လာစိစစ်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားအချက်တွေအနေနဲ့ နိုင်ငံတော်သမ္မတရုံးက ကော်မရှင်၏ အုပ်ချုပ်မှုကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ကြောင်းနဲ့ လုံခြုံရေးကိစ္စရပ်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့နဲ့ ကော်မရှင်ဟာ လေ့လာစိစစ်သုံးသပ်မှုတွေ ဆောင်ရွက်ရာမှာ တည်ဆဲဥပဒေတွေပါ ပြဋ္ဌာန်းချက်နဲ့အညီ လိုအပ်တဲ့ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး မေးမြန်းဆွေးနွေးတာ၊ စာရွက်စာတမ်းတွေ တောင်းယူတာ၊ လိုအပ်တဲ့နေရာဒေသတွေကို သွားရောက်လေ့လာစစ်ဆေးတာ၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်းတွေ ခန့်ထားခြင်းတွေ ဆောင်ရွက်နိုင်ပြီး သမ္မတရုံးက သဘောတူညီချက်နဲ့ ကျွမ်းကျင်မှု ဘာသာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့တွေကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်တယ်လို့ ကော်မရှင်ဖွဲ့စည်းရာမှာ တာဝန်တွေ ပေးအပ်ခဲ့ပါတယ်။

ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်အနေနဲ့ လေ့လာစိစစ်သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ၂၀၁၆ ခုနှစ်နိုဝင်ဘာ ၁၁ ရက်အရောက် အစီရင်ခံတင်ပြရမယ်လို့ ညွှန်ကြားခဲ့ပေမယ့် ဒီပထမအစီရင်ခံစာကိုတောင် ပြည်သူလူထုက သိရှိခွင့်မရခဲ့ဘဲ ပထမအစီရင်ခံစာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်သာ ထွက်လာခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်အပြည့်အစုံက

၁။ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို ၁၂-၈-၂၀၁၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ၊ အမှတ် ၅၈/၂၀၁၆ ဖြင့်ဖွဲ့စည်းခဲ့ပါသည်။ အမိန့်ကြော်ငြာစာ၊ အပိုဒ် ၆ အရ ကော်မရှင်၏ လေ့လာစိစစ်သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်အရောက် အစီရင်ခံတင်ပြရမည်ဖြစ်ပါသည်။

၂။ ဧရာဝတီ-မြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်သည် ၂၂-၈-၂၀၁၆ ရက်မှ ၈-၁၁-၂၀၁၆ ရက်များအတွင်း ကော်မရှင်၏အစည်းအဝေးများကို (၁၁) ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး စီမံကိန်းနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများနှင့် အချက်အလက်များကို ဘက်စုံထောင့်စုံမှ လေ့လာစိစစ်သုံးသပ်နိုင်ရန် စုပေါင်းဆွေးနွေးခဲ့ကြပါသည်။

၃။ ဧရာဝတီ-မြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်၏ အတွင်းရေးမှူး ဦးဆောင်သောကော်မရှင်အဖွဲ့ဝင် ၁၄ ဦးတို့သည် ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ချီဖွေငယ်ရေအားလျှပ်စစ်တမံ၊ ချီဖွေငယ်ဓာတ်အားပေးစက်ရုံနှင့် မြစ်ဆုံစီမံကိန်းလုပ်ငန်းခွင်ဧရိယာအတွင်း ကျရောက်သော ကျေးရွာငါးရွာအတွက် ရွှေ့ပြောင်းတည်ဆောက်ပေးထားသည့် အောင်မြင်သာနှင့် မလိယန်ကျေးရွာသစ်များသို့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ ကော်မရှင်အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၈ ရက်တွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ပြီး ကော်မရှင်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းခြင်း၊ သက်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံများမှ ၎င်းတို့၏သဘောထားများ၊ အကြံပြုချက်များတင်ပြခြင်းနှင့် ကော်မရှင်မှ သတင်းထုတ်ပြန်ချက်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။ ကော်မရှင်သည် တရုတ်နိုင်ငံ၊ CPI Yunnan International Power Investment Co.,Ltd (CPIYN) နှင့် Changjiang Institute of Survey, Planning. Design and Research (CISPDR) တို့မှတာဝန်ရှိသူများအား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော်၌ ပထမအကြိမ် လက်ခံတွေ့ဆုံပြီး ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

၅။ CPI Yunnan International Power Investment Co.,Ltd (CPIYN) မှ တာဝန်ရှိသူများသည် ကော်မရှင်အား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် နေပြည်တော်၌ ဒုတိယအကြိမ် လာရောက်တွေ့ဆုံ၍ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ထပ်မံတင်ပြခဲ့ကြပါသည်။

၆။ ကော်မရှင်သည် ဧရာဝတီ-မြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ၏ မူလ Environmental Impact Report အစီရင်ခံစာတွင် ဖော်ပြပါရှိသည့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ပတ်သက်၍ လေ့လာဆန်းစစ်မှုများကိုစိစစ်ရန် ပညာရပ်အထောက်အကူပြုအဖွဲ့အဖြစ် မြန်မာ့ပတ်ဝန်းကျင်အဖွဲ့ (Myanmar Environment Institute) ကို ၂၆-၁၀-၂၀၁၆ ရက်တွင် တာဝန်ပေးအပ်ခဲ့ပါသည်။

၇။ မြန်မာ့ပတ်ဝန်းကျင် (Myanmar Environment Institute) အဖွဲ့မှ မြန်မာပညာရှင် ၁၈ ဦးနှင့် နိုင်ငံခြားသားပညာရှင် နှစ်ဦးတို့သည် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ၏ မူလ Environmental Impact Report အစီရင်ခံစာအားလေ့လာစိစစ်ခြင်း (Screening)၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း (Scoping and Terms of Reference)၊ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဆန်းစစ်ခြင်း (Field Survey and Rapid Assessment) တို့ကို ဆောင်ရွက်သွားကြမည်ဖြစ်ပြီး လူမှုဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာတို့အပေါ် သက်ရောက်မှုများကိုလည်း လေ့လာသွားမည်ဖြစ်ပါသည်။

၈။ ကော်မရှင်အနေဖြင့် ဧရာဝတီ-မြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ခြင်း ပထမအစီရင်ခံစာကိုပြုစုပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့ပြီးဖြစ်ပါသည်။ ပထမအစီရင်ခံစာတွင် ကော်မရှင်မှ လေ့လာစုစည်းထားသော မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်အရင်းအမြစ်များနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ၊ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ ဖြစ်ပေါ်လာပုံနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ဆက်စပ်သောစာချုပ်စာတမ်းများ၊ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ကော်မရှင်၏ဆောင်ရွက်ချက်များ Factual Report ကို ထည့်သွင်းဖော်ပြထားပါသည်။ ကော်မရှင်အနေဖြင့် တွေ့ဆုံမေးမြန်းသင့်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံမှုများ၊ လေ့လာစိစစ်သုံးသပ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကော်မရှင်လုပ်ငန်းများကို ဆောင်ရွက်ဆဲဖြစ်သဖြင့် ယခုပထမအစီရင်ခံစာတွင် သုံးသပ်ချက်များ၊ အကြံပြုချက်များထည့်သွင်း တင်ပြထားခြင်းမရှိသေးပါကြောင်း ဖော်ပြအပ်ပါသည်။

၉။ ကော်မရှင်၏ လုပ်ငန်းတာဝန်တွင် စီမံကိန်းများဆောင်ရွက်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ စီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှုအခြေအနေနှင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှုအခြေအနေများ၊ ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ခံစားချက်များနှင့် သဘောထားအမြင်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အားလျော်စွာ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိရေး စသည်တို့ကို ထည့်သွင်းစဉ်းစားပြီး မြန်မာနိုင်ငံနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူတို့အကြား ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့်တို့ကို သုံးသပ်အကြံပြု တင်ပြရမည်ဖြစ်သဖြင့် ထိုတာဝန်များပြီးမြောက်အောင် ဆောင်ရွက်ပြီး အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ပထမအစီရင်ခံစာရော အပြီးသတ်အစီရင်ခံစာရော ပြည်သူလူထုကို ချမပြတာနဲ့ပတ်သက်ပြီး ဝေဖန်ရေးဆောင်းပါးရှင် ကျော်ကြီး (MDY) က “အဓိက,က အခု NLD အစိုးရသက်တမ်း နှစ်နှစ်ပြည့်တော့မယ့် အချိန်အထိ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လုပ်မယ်ဆိုတာ တိကျတဲ့မူဝါဒ ပြည်သူကိုချပြတာ မတွေ့ရသေးဘူး။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်တုန်းက မြစ်ကြီးနားမှာ ကချင်ဒေသခံတွေကို မိမိတို့အစိုးရဖြစ်ရင် မြစ်ဆုံစာချုပ်ကို ပြည်သူကို အရင်ဆုံးချပြမယ်လို့ ကတိပေးထားခဲ့တယ်။ ဒါပေမဲ့ ခုအချိန်အထိ ပြည်သူကိုချမပြသေးဘူး။ ဘာလို့လဲ။ ချမပြနိုင်စရာ အကြောင်းမှမရှိတာ။ မြစ်ဆုံစာချုပ်က နိုင်ငံတော်လျှို့ဝှက်စာချုပ်မှ မဟုတ်တာ။ တရုတ်ကလည်း မြစ်ဆုံနဲ့ပတ်သက်ပြီး နောက်ဆုတ်မယ့်ပုံ လုံးဝမရှိဘူး။ အဲဒီတော့ မြစ်ဆုံနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မယ်ဆိုတဲ့ မူဝါဒကို ပြည်သူကို ပြတ်ပြတ်သားသားချပြပါ။ စာချုပ်ကိုချပြပါ။ မြစ်ဆုံနဲ့ပတ်သက်ပြီး ပြည်သူ့သဘောထားကတော့ ရှင်းပြီးသားပဲလေ။ ပြည်သူတွေ လုံးဝလက်မခံခဲ့လို့ အရင်အစိုးရလက်ထက်က ရပ်နားခဲ့ရတာပဲလေ။ အဲဒီတော့ မြစ်ဆုံကို ဘယ်လိုပုံစံနဲ့ပြန်လုပ်လုပ် ပြည်သူကလက်ခံမှာမဟုတ်ဘူး။ မြစ်ဆုံကို ပြန်စသူဟာ အားလုံးရဲ့ဘုံရန်သူဖြစ်သွားမှာပဲဆိုတာ သိထားဖို့လိုတယ်” လို့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မှာကို လက်မခံနိုင်ကြောင်း ပြောကြားပါတယ်။

ဒါ့အပြင် ဒီကော်မရှင်နဲ့ ပတ်သက်ပြီးတော့ ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက မြစ်ဆုံကော်မရှင်ရဲ့ ဒုတိယအစီရင်ခံစာအတွက်လည်း သူတို့ကဒေတာတွေ ကောက်နေကြပြီးတော့ တကယ်တမ်း မြစ်ဆုံကိစ္စကို အစိုးရအနေနဲ့ အကောင်အထည်ဖော်ဖို့ စိတ်ကူးရှိရင် ပြည်သူလူထုနဲ့ လက်ရှိအခြေအနေထက် ကျေနပ်လောက်ဖွယ်ကောင်းတဲ့ အဖြေတစ်ခုရအောင် ဆွေးနွေးသင့်တယ်လို့ ယူဆတယ်လို့ ပြောပါတယ်။ အရင်အစိုးရအဆက်ဆက်လို ငါတို့လုပ်ချင်ရာ လုပ်မယ်ဆိုရင်တော့ လက်ခံမှာမဟုတ်ဘူးလို့ ဆက်လက်ပြောပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ စာချုပ်ဆိုတာကလည်း ပြင်ဆင်ချုပ်ဆိုလို့ရနိုင်ပြီး ဒီမြစ်ဆုံကိစ္စတွေက ဒါမှဒါ မဟုတ်တဲ့အပြင် သူတို့နဲ့အပေးအယူလုပ်မယ်ဆိုရင်လည်း တခြားနည်းလမ်းနဲ့ Negotiate လုပ်သင့်ပြီး မြစ်ဆုံကိုပဲ ပြန်အကောင်အထည်ဖော်မယ်ဆိုရင်တော့ လက်ခံလို့မရဘူးလို့ သူ့အမြင်ကို ဆက်လက်ပြောပါတယ်။

ကော်မရှင်က စီမံကိန်းဆက်လုပ်မယ်လို့ အဖြေထုတ်ခဲ့မယ်ဆိုရင်

မြစ်ဆုံကော်မရှင် စတင်ဖွဲ့စည်းစဉ်အချိန်က ဒီလိုကော်မရှင်မျိုးဟာ နိုင်ငံရေးမိုးလေဝသအခြေအနေကိုကြည့်ပြီး အစီရင်ခံစာကို အဖြေထုတ်မှာလို့ စိမ်းလန်းအမိမြေက ဥက္ကဋ္ဌဦးဝင်းမျိုးသူက “ကြိုဆိုပါတယ်။ ပြောဆိုနေတာတွေ တရားဝင်မှတ်တမ်းမှတ်ရာ ဝင်သွားတာပေါ့။ ဖြေရှင်းရမယ့်ကိစ္စ ရင်ဆိုင်တွေ့ပြီးသား ဖြစ်သွားတာပေါ့။ ရှောင်ပြေးနေလို့ ဆိုင်းငံ့နေလို့မှ တစ်သက်လုံးနေမရတာ။ မပူဘူးလား မြစ်ဆုံ။ အကြောင်းကြောင်းကြောင့် ပြန်လုပ်သင့်ပါတယ်ပြောရင် ဘယ့်နှယ်လုပ်မလဲ။ အဲဒီလိုတော့ မဖြစ်ဘူးထင်တယ်။

ဒီလိုကော်မရှင်မျိုးက ဘယ်တော့မှ အဖြူအမည်းသဲကွဲအောင် ရေးလေ့မရှိဘူး။ ကောင်းတာရော ဆိုးတာရော ကြည့်ရေးမှာပါ။ နိုင်ငံရေး မိုးလေဝသကြည့်ပြီး အဖြေထုတ်မှာပါ။ ဖျက်ဖို့နဂိုကတည်းက ဆုံးဖြတ်ပြီးသားဆိုရင် ရဲရဲတောက်ရေးမှာပါ။ လုပ်မယ်လို့ သဘောထားအရိပ်အယောင် တွေ့ပြီးသားဆိုရင် ကျားဥပုသ်စောင့် သက်သတ်လွတ်စားကြောင်း မယုတ်မလွန်ထောက်ခံရေးမှာပါ။ ဘာအရိပ်အယောင် သဘောထားမှမတွေ့ဘူးဆိုရင်တော့ ပြည်သူကြိုက်ရင်လုပ်ပါလို့နဲ့ အဆုံးသတ်မှာပါ။ လက်ခုပ်သံရမယ့် ထောက်ပြချက်နဲ့ဖွဲ့ပြီး ကပ်ထည့်ကလေးနဲ့ စီမံကိန်းဟာလုပ်သင့်ကြောင်း အလံရှူးနိုင်ပါတယ်။ တကယ့်ခိုင်မာတဲ့ ပညာရပ်ပိုင်းဆိုင်ရာ သဘောထားရပ်တည်ချက်နဲ့ ရပ်တည်နိုင်တဲ့ကြားနေလူဆိုတာ အရှားသားမဟုတ်လား။ အနည်းနဲ့အများ အရောင်တွေဆိုးခံရဖူးတော့ အရောင်တွေစပ်မယ့် သဘောတော့ရှိတယ်” လို့ ဝေဖန်ခဲ့ဖူးပါတယ်။

ဒါ့အပြင် လက်ရှိပြည်သူတွေနစ်နာနေရတဲ့ လက်ပံတောင်းတောင်အရေးမှာ စာချုပ်ပြင်ဆင်ချုပ်ဆိုပြီးလို့ မြန်မာနိုင်ငံက အကျိုးအမြတ် ပိုရလာတယ်ဆိုပေမယ့် နောက်ဆက်တွဲ လူမှုပတ်ဝန်းကျင် ထိခိုက်မှုပြဿနာတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပြဿနာတွေနဲ့ စီမံကိန်းလုပ်တဲ့တရုတ်ကုမ္ပဏီနဲ့ ဒေသခံတွေအကြား ပဋိပက္ခတွေကို ဖြေရှင်းမယ့်သူကင်းဝေးလို့ လက်ရှိအချိန်အထိ ဖြစ်ပေါ်နေမှုတွေကိုကြည့်ပြီး မြန်မာနိုင်ငံရဲ့ ရာခိုင်နှုန်း ၆၀ ကျော်ကိုအုပ်စီးထားတဲ့ ဧရာဝတီမှာသာ ထိခိုက်ခဲ့ရင်ဆိုတဲ့အတွေးက ဖိစီးထားပြီး လက်ရှိအချိန်မှာလည်း ပွင့်လင်းမြင်သာမှုမရှိတဲ့ အခြေအနေတွေကြောင့် ကော်မရှင်ရဲ့အစီရင်ခံစာမှာ မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ဆောင်သင့်တယ်ဆိုတဲ့အချက် ပါဝင်နေတယ်လို့ သတင်းထွက်ပေါ်နေတာကို NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောကြားပါတယ်။

“ဆရာ့အမြင်ပြောရရင် ဒေသခံတွေက လုံးဝကို Negative ရှိတယ်။ လက်ရှိမှာ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး စကြားနေရတာတွေလည်းရှိနေတော့ အမေစုက ဘယ်လိုအဖွဲ့တွေဖွဲ့ပြီး ဆက်လုပ်မယ်လို့တော့ မသိသေးဘူးပေါ့။ ပြည်သူလည်းခံသာ အောင်လေသံက သွားမယ့်သဘောမှာရှိနေတယ်။ အဲဒီတော့ ပြောမယ်ဆို ကချင်ပြည်နယ်ရဲ့ သယံဇာတတွေ၊ ဒေသမှာ ပိုင်ဆိုင်တဲ့အရင်းအမြစ်တွေက ငြိမ်းချမ်းရေးနဲ့လည်း ဆက်နွှယ်နေတော့ ဒါကိုအတင်းအကျပ်စီစဉ်ရင် ဒီဘက်မှာ ငြိမ်းချမ်းရေးဘက်မှာလည်း အများကြီး အားနည်းနိုင်တယ်။ ဒါက ဆရာ့ရဲ့တစ်ဦးတည်းအမြင်ပေါ့။ အောက်ခြေဒေသခံတွေရဲ့ အသံနဲ့ချိန်လည်းကြည့်မှာပေါ့။ ဒါပေမဲ့လို့ လက်ရှိလုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းအနေနဲ့ သူတို့ဘယ်လိုကစားမလဲဆိုတာတော့ ဆရာခန့်မှန်းလို့မရဘူး။ ဒေသခံတွေရဲ့ သဘောဆိုရင်တော့ “အန်ကယ်ကတော့ No ပဲဆိုတာမျိုး ဖြစ်နေတာပေါ့” လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါက်တာခွန်ဝင်းသောင်းက လက်ရှိအခြေအနေအပေါ် သူ့ရဲ့ထင်မြင်ချက်ကို ဖြေကြားပါတယ်။

မြစ်ဆုံကို ဆက်လုပ်မယ်ဆိုတဲ့အခြေအနေမှာ မြစ်ဆုံကို မထိခိုက်အောင် မေခ၊ မလိခအပေါ်မှာ ဆည်ဆောက်တာမျိုးနဲ့ မြစ်ဆုံစီမံကိန်းမဟုတ်တဲ့ အခြားနေရာတွေမှာ လျှပ်စစ်ဓာတ်အားထုတ်စီမံကိန်းတွေ ဆက်လုပ်နိုင်တာမျိုးရှိနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပြီး လက်ရှိအစိုးရကသာ မြစ်ဆုံစီမံကိန်းကို ဧရာဝတီမြစ်နဲ့ သူ့ရဲ့အသက်သွေးကြောဖြစ်တဲ့ မေခ၊ မလိခအပေါ်မှာ ဆက်တည်ဆောက်မယ်ဆိုရင် ဘယ်လိုသဘောထားမှတ်ချက်ပေးချင်လဲလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါက်တာနန္ဒာလှမြင့်ကို မေးမြန်းရာမှတော့ ဒီစီမံကိန်းကို USDP အာဏာရချိန် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်သူတွေက လက်မခံတာကြောင့် ရပ်ဆိုင်းပေးခဲ့ပြီး လက်ရှိအချိန်မှာတော့ အစိုးရကကော်မရှင်အစီရင်ခံစာ တရားဝင်ထုတ်ပြန်ပေးတာမရှိသေးလို့ မှတ်ချက်ပြုဖို့ ငြင်းဆန်ပါတယ်။

“အစီရင်ခံစာ မထုတ်ပြန်သေးတာ သဘောကတော့ မြစ်ဆုံရေကာတာအတွက် အစီရင်ခံစာထုတ်မယ်ဆိုရင်လည်း EIA၊ SIA အရရောပေါ့နော်။ နောက်တစ်ခုလက်ရှိသွားမယ့် Social Impact တွေကအစ အကုန်လုံးဒါတွေဟာ ဘယ်လိုပြောမလဲဆိုတော့ ဒါတွေဟာ သိပ်ပြီးတော့အကောင်းတွေ ထွက်လာမယ်လို့မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက လက်ပံတောင်းတောင်ထက်တောင် ဆိုးဦးမယ် မြစ်ဆုံကိစ္စက။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတုန်းက အစ်ကိုတို့လက်မှမခံနိုင်တာဘဲ။ ဖျက်သိမ်းဖို့ပြောနေတာပဲ။ မြစ်ဆုံရေကာတာကတော့ ပြန်လုပ်ဖို့ကတော့ အဝေးကြီးပဲ။ အစီရင်ခံစာထွက်ဖို့ဆိုတာ သူတို့အစီရင်ခံစာ မထွက်ရဲလို့လို့ထင်တယ်။ အစီရင်ခံစာထွက်လို့မလုပ်နဲ့ဆိုရင် တရုတ်ရဲ့ ငြိုငြင်မှာကိုစိုးတယ်။ လုပ်ဆိုရင်လည်း ပြည်သူလူထုနဲ့ ထိပ်တိုက်လာတွေ့ဦးမယ်။ အဲဒီတော့ နှစ်ဖက်ကြားညပ်နေတဲ့အခါကျတော့ သူတို့ကအစီရင်ခံစာကိုမထုတ်ဘဲ ဒီအတိုင်းထားလိုက်တာလို့ အစ်ကိုတော့ အဲဒီလိုပဲမြင်တယ်” လို့ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

စီမံကိန်းဖျက်မယ်ဆို ဒေါ်လာသန်း ၉၀၀ လောက်လျော်ရမယ့် အခြေအနေနဲ့ မြစ်ဆုံကို ပုံစံပြောင်း နာမည်ပြောင်းတည်ဆောက်မယ်ဆိုရင် မြန်မာနိုင်ငံသားအားလုံးနီးပါးက ဆက်လက်လုပ်ဆောင်ဖို့ဆန္ဒမရှိတဲ့ မြစ်ဆုံစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်ဘက်က စာချုပ်ချမပြနိုင်ခင်မှာဘဲ တရုတ်နိုင်ငံက လျော်ကြေးအတွက် ပြောဆိုတာတွေရှိခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းလျော်ကြေးအတွက် တရုတ်နိုင်ငံက စတင်ပြောဆိုခဲ့တာက ၂၀၁၅ ခုနှစ်အကုန်ပိုင်း အောက်တိုဘာလမှာဖြစ်ပြီး DVB၊ Myanmar Times သတင်းဌာနတွေမှာ တရုတ်နိုင်ငံအနေနဲ့ မြစ်ဆုံစီမံကိန်းအတွက် ကုန်ကျထားတာ အမေရိကန်ဒေါ်လာသန်း ၈၀၀ ရှိနေပြီပြောခဲ့သလို ဒီသန်း ၈၀၀ ပြန်လျော်မယ်ဆို ချက်ချင်းထွက်ပေးမယ် ပြောခဲ့ပါတယ်။

၂၀၁၅ ခုနှစ်နှစ်ကုန်ပိုင်းမှာ ပြောခဲ့အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပြီးနောက်မှာ မြစ်ဆုံစီမံကိန်းအတွက် တိတ်တဆိတ်လှုပ်ရှားမှုတွေ ပိုမိုကျယ်ပြန့်လာပြီး စီမံကိန်းပြန်စဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ရာမှာ မြန်မာနိုင်ငံက မီဒီယာတချို့ကို မြစ်ဆုံစီမံကိန်းရှိရာခေါ်ခဲ့တာတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ဒီလိုခေါ်ဆောင်မှုတွေအပြီး Frontier သတင်းဌာနမှာဆိုရင် မြစ်ဆုံစီမံကိန်း လျော်ကြေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ နိုင်ငံတကာစီးပွားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Lieu Zan ရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ပြောကြားချက်ဖော်ပြခဲ့ပါတယ်။ Mr. Lieu Zan က ကချင်ပြည်နယ်အစိုးရကို မြန်မာနိုင်ငံအနေနဲ့ မြစ်ဆုံဆည်နဲ့ ပတ်သက်ပြီး ရွေးချယ်နိုင်တဲ့ လမ်းကြောင်းသုံးခုရှိပြီး နံပါတ် (၁) ဆည်စီမံကိန်းကို ဖျက်ပစ်နိုင်တယ်။ ဒီလိုဖျက်ပစ်တဲ့အတွက် အမေရိကန်ဒေါ်လာသန်း ၈၀၀ လျော်ကြေးပေးရမယ်။ နံပါတ် (၂) ဆည်စီမံကိန်းပြန်စပြီး ဆည်ကိုပြီးစီးတဲ့အထိ ဆောက်ခွင့်ပြုမယ်ဆို စီမံကိန်းကနေ အမေရိကန်ဒေါ်လာသန်း ၅၀၀ နှစ်စဉ်အခွန်ငွေရမယ်။ နံပါတ် (၃) အပေါ်က နှစ်ချက်ကိုမရွေးချယ်ဘဲ နေလို့ရတယ်။ ဒီလိုစီမံကိန်းမဖျက်သိမ်းဘဲ၊ ဆက်မလုပ်ဘဲ ဆည်စီမံကိန်းကို ရပ်ဆိုင်းထားနေသရွေ့ တရုတ်ကုမ္ပဏီတွေက တင်ရှိနေတဲ့ အလုံးအရင်းချေးငွေတွေရဲ့အတိုးဖြစ်တဲ့ အမေရိကန်ဒေါ်လာသန်း ၅၀ ကို တရုတ်ကုမ္ပဏီတွေကိုယ်စား မြန်မာနိုင်ငံက နှစ်စဉ်ဆပ်ပေးနေရမယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ စီမံကိန်းကို ဖျက်သိမ်းမယ်ဆို တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ နှစ်ရှည်အတိုးနှုန်းတွေကို ကာမိစေဖို့ လျော်ကြေးတောင်းမယ်ဆိုပေမယ့် နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်စေဖို့အတွက် လျော်ကြေးကိုချက်ချင်းတောင်းခံခြင်းမပြုတာ ဒါမှမဟုတ် မြန်မာပြည်တွင်း အခြားရင်းနှီးးမြှုပ်နှံမှု အခွင့်အလမ်းတွေချပေးဖို့ တောင်းဆိုတာတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဒေါ်လာသန်း ၈၀၀ ဆိုပေမယ့် အတိုးနှုန်းက တစ်နှစ်သန်း ၅၀ လို့ပြောထားတာမို့ ၂၀၁၇ ခုနှစ်မှာ ပုံမှန်အတိုးနှုန်းနဲ့တွက်ဆရင်ကို မြန်မာနိုင်ငံကလျော်ရမယ့်ပမာဏဟာ အမေရိကန်ဒေါ်လာသန်း ၉၀၀ လောက်ရှိနေနိုင်မှာပါ။ စီမံကိန်းကို မြန်မာနိုင်ငံဘက်က လက်မခံနိုင်ဘူး။ တရုတ်နိုင်ငံဘက်ကလည်း ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ရှေ့ဆက်တိုးလာမယ်ဆိုရင် လျော်ကြေးပြဿနာကို မြန်မာနိုင်ငံအနေနဲ့ သေချာပေါက်ရင်ဆိုင်ရတော့မှာပါ။

“ပြည်သူတွေကလက်မခံဘူးဆိုတာ ဘာကြောင့်လက်မခံတာလဲ။ တချို့ပြည်သူတွေဆိုတာက Activist အဖွဲ့တွေလား။ ဘာတွေလားဆိုတာ သေသေချာချာစဉ်းစားဖို့လိုတယ်။ တကယ်လက်ခံလိုက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမယ်။ လက်မခံဘူးဆိုရင် ဘာတွေပေးရမလဲ။ အကျိုးသင့်အကြောင်းသင့်ဆိုတာ အမြဲတမ်းရှိတတ်တယ်။ ပြီးတော့ကျတော့ သေသေချာချာ လေ့လာဆန်းစစ်ကြည့်ရမယ်။ ဒီစီမံကိန်းက အရင်အစိုးရတုန်းကလုပ်ခဲ့တဲ့ စီမံကိန်းကြီးဖြစ်နေတယ်။ သဘောတူညီချက်ရှိခဲ့တာကို ပြည်သူတွေလည်း မသိခဲ့ကြဘူး။ လူနည်းစုပဲသိခဲ့ကြတယ်။ မသိခဲ့ကြတော့၊ အခုကျမှ ဒီပြဿနာကြီးဖြစ်လာတော့မှ တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်လာတာ။ တကယ်တမ်းကျတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိမလား။ မရှိဘူးလား။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးသွားမယ်ဆိုရင်လည်း ဘယ်လောက်အထိပျက်စီးသွားမလဲ။ အဲဒါတွေကအစ သေသေချာချာဆန်းစစ်ရမှာပေါ့။ တကယ်လို့ အဲဒီလိုဆန်းစစ်ချက်အရ လက်ခံသဘောတူနိုင်တဲ့ အနေအထားမရှိဘူးဆိုရင်တော့ သူတို့နဲ့သဘောတူထားတဲ့အတိုင်း ကျွန်တော်တို့ဘက်က ပေးဆပ်ရတော့မှာပေါ့။ အဲဒါပဲရှိတော့တယ်။ အဲဒီလိုအခြေအနေမှာတော့ တရုတ်ဘက်က သဘောထားကြီးကြီးနဲ့ ဘယ်လိုညှိနှိုင်းပေးမလဲဆိုတာပဲ ရှိတော့တာပေါ့” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးကော်မတီဝင်တစ်ဦးက သုံးသပ်ပြောကြားပါတယ်။

ဒါ့အပြင် ယူနန်ပြည်နယ်ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီစီမံကိန်းကိုလုပ်ခဲ့တယ်ဆိုပေမယ့် လက်ရှိအချိန်မှာ ယူနန်ပြည်နယ်ဟာ လျှပ်စစ်ပိုလျှံတဲ့ ပြည်နယ်ဖြစ်နေပါပြီ။ ဒီလိုအခြေအနေမှာ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ချင်တာက တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး (Geo Politic) သာဖြစ်လို့ လုံးဝလက်ခံနိုင်မှာမဟုတ်ဘူးလို့ ပထမအကြိမ် EITI အရပ်ဘက်ကိုယ်စားလှယ် ဦးရဲသိန်းဦးက ပြောကြားပါတယ်။

“ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် လုံးဝလက်မခံဘူး။ မြစ်ဆုံကို လုံးဝထိလို့မရဘူး” ဟု ဦးရဲသိန်းဦးက ဆက်လက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ မြစ်ဆုံ၊ ဖားကန့် စတဲ့နေရာဒေသတွေက စီမံကိန်းတွေက ငြိမ်းချမ်းရေးနဲ့ ဆက်နွှယ်နေတဲ့အပြင် စီမံကိန်းဆက်လုပ်မယ်ဆိုရင် တိုင်းပြည်ငြိမ်းချမ်းရေးကိုပါ ထိခိုက်နိုင်သလို ဒေသခံပြည်သူတွေဘက်ကလည်း လုံးဝလက်ခံနိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြားပါတယ်။

“ငြိမ်းချမ်းရေးလည်း လုပ်ချင်တယ်။ လက်နက်ကလည်းကိုင်ချင်တဲ့ အနေအထားမှာရှိတယ်။ အဲဒီသဘောထားလေးတွေလည်း ရှိနေတယ်ဆိုတော့ မြစ်ဆုံတို့၊ ဖားကန့်တို့ကလည်း ငြိမ်းချမ်းရေးနဲ့ အများကြီးပတ်သက်နေတာဆိုတော့ ဒေသခံတွေ ကြိုက်လားဆိုရင်လည်း မကြိုက်ဘူးဆိုတဲ့ အဖြေထွက်မှာပဲ။ သူတို့ရှိရင်းစွဲ လုပ်ကိုင်စားသောက်နေတာလေးတွေ ထိခိုက်ရင် ဘဝပျက်သလိုခံစားရမှာကိုး။ တိုင်းပြည်ကောင်းအောင် စီမံတာတော့မှန်တာပေါ့။ ဒီစီမံကိန်းအားပေးမယ်ဆိုရင် ကျွန်တော်တို့အပေါ်မှာလည်း ဒေသခံတွေက အမြင်ကြည်လင်မှာ မဟုတ်ဘူးလေ။ ပြောရမယ်ဆိုရင် ဒါက ဖြေရခက်တဲ့မေးခွန်းပါ။ အလျင်စလိုတော့မလုပ်သင့်ဘူး။ သို့သော်လုပ်မယ်ဆိုရင် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာလုပ်မယ်ဆိုရင်တောင် အတော်ကျပ်မယ့်သဘောရှိတယ်။ တကယ်တမ်းလုပ်ပိုင်ခွင့်ရှိသူက ဘယ်လိုတွေလုပ်မယ်ဆိုတာ ခန့်မှန်းလို့မရဘူး။ အဲဒီနေရာမှာ တော်တော်လေးကို ပါးပါးနပ်နပ်သုံးသပ်ပြီးလုပ်နိုင်မှ နားလည်အောင်လည်းရှင်းပြနိုင်မှ ကောင်းမယ်လို့ထင်တယ်။ တစ်ခုတော့ရှိတာပေါ့လေ။ တရုတ်ပြည်မှာလို စီမံချက်နဲ့ ဒေသခံတွေ ဖွံ့ဖြိုးရေးလုပ်ပေးမယ်။ အဆောက်အအုံတွေ လုပ်ပေးမယ်။ သူတို့ရဲ့စီးပွားရေးတွေလုပ်ပေးမယ်။ အကုန်လုံးမူဝါဒချပြီး လုပ်ပေးမယ်ဆိုရင် ကောင်းတာပေါ့။ မြန်မာပြည်မှာတော့ အဲဒီလိုမျိုးကလည်း မသွားနိုင်သေးဘူး။ တော်တော်လေးကို ပြောရဆိုရခက်တဲ့ အနေအထားပေါ့။ ကျွန်တော်တို့ သိသလောက်ဆိုလေသံက အစောကြီးကတည်းက ဒီလိုမျိုးကြားနေရတာ (ဆက်လုပ်ရန်) ဆိုတော့ ပြောမယ်ဆိုရင် ဆွေးနွေးပွဲတစ်ခုမှာ ကျွန်တော်အဲဒီလိုပြောမိတော့ ပရိသတ်ထဲကတစ်ယောက်က မကျေနပ်တဲ့လေသံနဲ့ ပြောတယ်။ ကျွန်တော်ကတော့ ကြားထဲကပြောလိုက်တာကိုး။ မြစ်ဆုံဆက်လုပ်ရင်လည်း ကောင်းကျိုးကဘာတွေလဲ။ ဘတ်ဂျက်တွေသုံးပြီး အန္တရာယ်မဖြစ်အောင် လုပ်လို့ရတယ်လို့ ဖြေဖူးတဲ့အထဲမှာ ကိုယ့်ပရိသတ်ထဲမှာ ကိုယ့်ကိုဒီလိုဖြေတာ ပျော့တယ်လို့တောင် အပြောခံခဲ့ရဖူးတယ်။ ဒါကတော့ သာမန်လူအနေနဲ့။ အတွေးအခေါ်ရှိတဲ့လူဆို ပိုပြီးတော့တောင် ပြောဦးမယ်” လို့ အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်တစ်ဦးက မြစ်ဆုံစီမံကိန်း ဆက်လုပ်မယ်ဆိုတဲ့ အခြေအနေအပေါ် သူ့အတွေ့အကြုံကို ပြန်လည်ရှင်းလင်းပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ရင် ပြည်သူရွေးချယ်တဲ့အစိုးရဖြစ်လို့ ဒီစီမံကိန်းဆက်လုပ်မလားဆိုတဲ့ အတွေးအခေါ်ကိုက မှားယွင်းနေပြီး လက်ရှိအချိန်အထိ ဒီစီမံကိန်းနဲ့ပတ်သက်တဲ့ ပွင့်လင်းမြင်သာမှု မသိရသေးတာနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ တရုတ်ကအမြတ်ထုတ်ဖို့ မြစ်ဆုံစီမံကိန်းပြန်စဖို့ ကြိုးပမ်းတာကို လက်မခံနိုင်ဘူးလို့ EITI ရဲ့ အရပ်ဘက်ကိုယ်စားလှယ် MATA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိုးမိုးထွန်းက ပြောကြားပါတယ်။ ဒါ့အပြင် မြစ်ဆုံကိုမလုပ်ဘူးဆိုပြီး ဧရာဝတီရဲ့ အသက်သွေးကြောဖြစ်တဲ့ မေခနဲ့မလိခပေါ်မှာ ဒီစီမံကိန်းကို အသွင်ပြောင်း၊ နာမည်ပြောင်းပြီး ဆက်လုပ်မယ်ဆိုရင်လည်း လက်မခံနိုင်ဘူးလို့ ဒေါ်မိုးမိုးထွန်းက ဆက်လက်ပြောပါတယ်။

“လက်မခံနိုင်ပါဘူးရှင့်။ ကျွန်မတို့ ပြည်သူကရွေးချယ်သောအစိုးရဖြစ်လို့ လက်ခံရမယ်ဆိုတဲ့အတွေးကလဲ မှားနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြစ်ဆုံဆိုတာက ကချင်တွေရဲ့ အမှတ်လက္ခဏာဖြစ်သလို ဧရာဝတီဆိုတာကလည်း မြန်မာပြည်ရဲ့ အမှတ်လက္ခဏာပါ။ နိုင်ငံရေးအရဆိုတာထက် စီးပွားရေးအရ မြန်မာပြည်ဘက်က တရုတ်ဟာရပ်တည်ခဲ့ပါတယ်။ အိမ်နီးချင်းနဲ့ သင့်မြတ်အောင်နေရမယ်လို့ ပြောခဲ့ကြသလို ဘယ်လောက်နီးနီးစပ်စပ် ဆက်ဆံမလဲဆိုတာကို အစိုးရက ယခင်ကတည်းက စဉ်းစားခဲ့သင့်တယ်။ သတိရှိခဲ့သင့်ပါတယ်။ တရုတ်ရဲ့ရပ်တည်ချက်က အရင်စစ်အစိုးရလက်ထက်ကတည်းက ရှင်းလင်းပါတယ်။ သူတို့ အကျိုးစီးပွားအတွက်လုပ်ခဲ့ကြတာပါ။ အခုလည်း မြန်မာပြည်ကို နိုင်ငံရေးအကျပ်အတည်းရောက်နေတဲ့အချိန်မှာ မြစ်ဆုံကိစ္စဆွေးနွေးဖို့ လမ်းကြောင်းစတာကို အံ့သြစရာကိစ္စမဟုတ်ဘူးလို့ မြင်မိပါတယ်။ လက်ရှိနိုင်ငံရေးအကျပ်အတည်းမှာ တရုတ်ကအမြတ်ထုတ်ဖို့ ကြိုးစားခဲ့တာပါ။ တစ်ဖက်မှာလည်း ပြည်သူရွေးကောက်ထားသော အစိုးရက မြစ်ဆုံကော်မရှင်အစီရင်ခံစာကို ဒီနေ့အထိ ပွင့်လင်းမြင်သာစွာ ချမပြခဲ့တာကတော့ အံ့သြစရာလို့ထင်မိပါတယ်။ ဘာလို့အံ့သြစရာလဲဆိုတော့ ပွင့်လင်းမြင်သာမှုကို အားပေးပါတယ်လို့ တစ်ချိန်လုံးပြောဆိုနေခဲ့ပြီး လက်တွေ့ဆောင်ရွက်မှု ရှိမနေတာတွေ့ရလို့ပါ” လို့ ဒေါ်မိုးမိုးထွန်းက သုံးသပ်ပါတယ်။

မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားရဲ့ ရာခိုင်နှုန်း ၉၀ လောက်ကို တရုတ်နိုင်ငံဘက်က ရရှိမှာဖြစ်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကို အခွန်ဒေါ်လာသန်း ၅၀၀ လောက်ရရှိမှာဖြစ်ပြီး စီမံကိန်းကာလအတွင်းမှာ ဒေါ်လာဘီလျံ ၅၀ လောက်ရရှိမယ်လို့ ပြောထားပါတယ်။ ဒီလိုရရှိတယ်ဆိုပေမယ့် မြန်မာပြည်သားအများစုက ဒီစီမံကိန်းကိုလက်မခံနိုင်ကြသလို လက်ရှိရခိုင်အရေးအခင်းကြောင့် နိုင်ငံတကာရဲ့ဖိအားတွေရှိနေချိန်မှာ အဓိကကာကွယ်ပေးနေတဲ့ တရုတ်ဟာ အစိုးရရဲ့ကယ်တင်ရှင်နေရာကို ပြန်ရောက်လာတာကြောင့် ဒီကယ်တင်ရှင်ဆိုတဲ့နေရာကြီးကို အသုံးချပြီး မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားတွေကို အလဲအလှယ်ယူသွားမယ့် အခြေအနေကို စိုးရိမ်နေတယ်လို့ Myanmar China Pipeline Watch Committee ရဲ့ ညှိနှိုင်းရေးမှူး ဦးရဲသိန်းဦးက ပြောကြားပါတယ်။

“ကျွန်တော်လည်း တိုင်းသူပြည်သားတစ်ယောက်၊ ကျွန်တော်တို့ တိုင်းသူပြည်သားတွေရဲ့ သဘောထားက ရှင်းရှင်းလေးပဲ။ မြစ်ဆုံကို လုံးဝအထိမခံဘူး။ လက်ရှိနိုင်ငံရေး အခြေအနေအရကလည်း တရုတ်က မြန်မာပြည်မှာ အာဏာရအစိုးရတွေရဲ့ ကယ်တင်ရှင်ကဲ့သို့ အာဏာရအစိုးရတွေကို ကယ်တင်ပေးတဲ့ ကယ်တင်ရှင်နေရာကို နောက်တစ်ဖန်ပြန်ရောက်လာတယ်။ အရင်တုန်းကတော့ စစ်အစိုးရရဲ့ ကယ်တင်ရှင်နေရာရခဲ့တယ်။ အဲဒီဟာကြီးနဲ့ပဲ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးအကျိုးအမြတ်တွေကို အလဲအလှယ်ယူသွားပြီး အခုလည်းပဲ ဒါမျိုးတွေလုပ်လာမယ်လို့ ကျွန်တော်တို့စိုးရိမ်တကြီး ကျွန်တော့်အနေနဲ့ဖြစ်မိတယ်။ အဲဒီစိုးရိမ်နေတဲ့အထဲမှာ ဒီလိုပြန်လုပ်မယ် အသံထွက်လာတော့ ဘယ်လိုပဲ ပြည်သူ့အစိုးရဆိုသော်ငြား ပြည်သူ့အသံကို ဘယ်လောက်အထိနားထောင်မလဲ၊ ဘယ်လောက်အထိ တန်ဖိုးထားမလဲပေါ့။ လက်ရှိအနေအထားအရတော့ ပြည်သူ့အစိုးရဆိုပေမယ့် မျှော်လင့်ချက်နည်းစေတဲ့ အနေအထားမျိုး လွှမ်းနေတဲ့အပေါ်မှာ ကျွန်တော်တို့က ပိုစိုးရိမ်ပါတယ်။ စာချုပ်ကြီးလည်း အခုထိမမြင်ရသေးဘူး။ ကော်မရှင်ဖွဲ့ပေးခဲ့ပေမယ့် အဲဒီကော်မရှင်ဘာလုပ်နေလဲ။ အဲဒီအစီရင်ခံစာဘယ်မလဲ။ အပြင်ထုတ်ပြမယ်လည်း ပြောထားပြီး အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်နေတယ်။ ဒီအခြေအနေတွေအပေါ်မှာ သုံးသပ်ရင် ကျွန်တော်တို့က အများကြီးစိုးရိမ်ပါတယ်။ လုပ်လည်း လုံးဝမလုပ်စေချင်ဘူး။ မြစ်ဆုံစီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်” လို့ Myanmar China Pipeline Watch Committee ရဲ့ ညှိနှိုင်းရေးမှူး ဦးရဲသိန်းဦးက ပြောကြားပါတယ်။