အနာဂတ်တွင် ပြတိုက်၌သွားကြည့်ရမည့် မြန်မာ့တောဆင်ရိုင်းများ

အနာဂတ်တွင် ပြတိုက်၌သွားကြည့်ရမည့် မြန်မာ့တောဆင်ရိုင်းများ
Published 6 November 2017

သြဂုတ်လအတွင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တွင် သတ်ဖြတ်ခံခဲ့ရသည့် တောဆင်ရိုင်းတစ်ကောင်ကို တွေ့ရစဉ် (ဓါတ်ပုံ - နီလာစိုး)

“အခုအချိန်က မြန်မာ့ဆင်တွေအတွက် နောက်ဆုံးအချိန်ပဲ။ ဒီအချိန်မှာမှ အားလုံးပူးပေါင်းပြီး မလုပ်ကြဘူးဆိုရင် မြန်မာနိုင်ငံက မြန်မာ့တောဆင်ရိုင်းတွေကို ဆုံးရှုံးရတော့မယ်”

အထက်ပါ စကားကို ပြောကြားလာသူမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့  (WWF) ၏ မြန်မာနိုင်ငံဆိုင်ရာ  Country Director Mr.Christy Williams ဖြစ်သည်။

တရားမဝင်ဈေးကွက်တွင် ဆင်သားရေ ရောင်းဝယ်မှု မြင့်တက်နေသည့်အတွက် ဆင်အမများနှင့် ဆင်အကောင်ငယ်များကိုပါ ဆင်မုဆိုးများက ပစ်မှတ်ထား သတ်ဖြတ်လာခြင်းကြောင့် မြန်မာ့တောဆင်ရိုင်းများ၏ အနာဂတ်သည် စိုးရိမ်ဖွယ်ရာအနေအထားဖြစ်လာသည်ဟု နိုဝင်ဘာ ၁ ရက်က ပြုလုပ်သည့် မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံ (Voices for Momos) ကမ်ပိန်း သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့အစည်းခြောက်ဖွဲ့မှ ပူးပေါင်း၍ သတင်းထုတ်ပြန်ခဲ့သည်။

“အရင်ကတော့ ဆင်တွေကို သတ်တယ်ဆိုတာက ဆင်စွယ်အတွက်ပဲ သတ်ခဲ့တာဖြစ်တဲ့အတွက် ဆင်တွေ အသတ်ခံရတာ နည်းခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဈေးကွက်ထဲမှာ ဆင်သားရေ ဝယ်လိုအားတက်လာတဲ့အတွက် အရေခွံကို ခွာရောင်းတဲ့အခါမှာ ဆင်အထီးတွေသာမကတော့ဘဲ ဆင်မတွေ ရော၊ ဆင်အကောင်သေးတွေကိုပါ အားလုံးကို ပစ်မှတ်ထားပြီး သတ်လာတဲ့အတွက် မြန်မာ့တောဆင်ရိုင်းအကောင်ရေက အမြန်ဆုံး လျော့ကျလာတာဖြစ်ပါတယ်” ဟု Mr. Christy Williams က ဆိုသည်။

ဆင်၏ အရေပြားအပါအဝင် ဆင်ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်နေခြင်းကြောင့် မြန်မာနိုင်ငံမှာ ဆင်များကို အမဲလိုက် သတ်ဖြတ်ရန် အဓိက နေရာတစ်နေရာ ဖြစ်လာခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) ၏ တရားဝင်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင်၂၀၁၆ ခုနှစ်အတွင်း ဆင်အကောင်ရေ ၁၈ ကောင်အထိ သတ်ဖြတ်ခံခဲ့ရသော်လည်း ၂၀၁၇ ခုနစ် ဇန်နဝါရီမှ သြဂုတ်လအထိ ဆင်အကောင်ရေ ၃၀ ခန့် သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း လုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

ဆင်မုဆိုးများက တောဆင်ရိုင်းများကို အဆိပ်လူးမြား သို့မဟုတ် ပေါက်ကွဲမှုအားပြင်းသည့် ရိုင်ဖယ်သေနတ်များဖြင့် ပစ်ခတ်ခြင်းကြောင့် မချိမဆန့်နာကျင်ခံစားကာ သေဆုံးပြီးမှသာ သားရေ၊ အစွယ်နှင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ ရောင်းချနေခြင်းဖြစ်သည်။

“တောဆင်သတ်တဲ့မုဆိုးတွေက အဆိပ်မြားတွေကို သုံးပြီးမှ သတ်တာကို တွေ့ရတယ်။ တောဆင်ကို အဆိပ်မြားနဲ့ ပစ်တယ်။ ပစ်ပြီး နှစ်ရက်၊ သုံးရက်ကြာလို့ ဆင်ကသေတဲ့အချိန်မှာ ဟိုတုန်းကတော့ အစွယ်ပေါ့။ အခုက အရေပြား၊ အသားအဆင့်အထိ လုပ်လာတာ တွေ့ရတယ်။ ဆင်တစ်ကောင်လုံးကို ရောင်းစားလို့ ရတဲ့အနေအထားမှာ ဖြစ်လာတယ်” ဟု စမစ်ဆိုနီယန်ထိန်းသိမ်းရေး ဇီဝဗေဒအဖွဲ့အစည်းမှ  မြန်မာနိုင်ငံအစီအစဉ်ညှိနှိုင်းရေးမှူး ဦးအောင်မျိုးချစ်က ပြောကြားသည်။

ယခင်က ဆင်၏အစွယ်နှင့် အမြီးတို့ကို  အဆောင်သဘောမျိုး လုပ်ဝတ်လေ့ရှိပြီး နောက်ပိုင်းတွင် တိုင်းရင်းဆေးဖော်စပ်ရာ၌ ဆေးဖက်ဝင်သည်ဟုဆိုကာ ဆင်သားရေ၊ ဆင်နှာမောင်းများ ဈေးကွက်တွင် ဝယ်လိုအားများလာခြင်းဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက အစွယ်တွေပဲ ယူကြတယ်။ လွန်ခဲ့တဲ့သုံးနှစ်ကစပြီး အရေပြား၊ နှာမောင်း၊ အသားကိုပါ ယူကြတယ်။ ဆင်နှာမောင်းမှာဆို ကြွက်သား တစ်သိန်းကျော်ရှိတယ်။ သူတို့ နှာမောင်းက လိုရာကို လှုပ်ရှား နိုင်တယ်။ သန်မာတယ်။ အဲဒီတော့ အနောက်နိုင်ငံက နှာမောင်းကို စွပ်ပြုတ် လုပ်သောက်ရင် အားတွေရှိလာမယ်၊ ကြွက်သားတွေ ပိုသန်မာလာမယ် ယူဆလာကြတယ်။ ပိုစားသုံးလာကြတယ်။ အရေပြားကို ပြာချပြီးလိမ်းရင် ဝဲနှင်းခူပျောက်တယ်ဆိုပြီး ယူဆပြီး လိမ်းကြတယ်။ အမှန်တကယ်က အာနိသင် မရှိဘူး။ အရေပြားကို ပြာချလိုက်ရင် ကော်ဖြစ်သွားမယ်။ အနာဖြစ်တဲ့နေရာလိမ်းတော့ စေးကပ်ကပ်ဖြစ်နေတော့ Infection (ပိုး) မဝင်တော့ဘူး”ဟု မြန်မာ့သစ်လုပ်ငန်းမှ မန်နေဂျာ (ဆင်ဆေးကုဆရာဝန်) ဒေါက်တာဇော်မင်းဦးက ရှင်းပြသည်။

“ကျွန်မ မားကပ်မှာ တွေ့ရတာက ဆင်အရေခွံတွေကို အတုံးအတုံးတွေ လုပ်ထားတယ်။ ဆင်အံသွားတုံးတွေက အကြီးကြီးတွေပဲ။ ကျိုက်ထီးရိုးမှာဆို ဆင်အမြီးကို အချောင်းလိုက် တွဲလောင်းလေးတွေ ချိတ်ထားတယ်။ ဆင်အမြီးကို ဆင်မြီးလက်စွပ်လုပ်ပြီး လူတွေက သုံးကြတာပေါ့။ အများအားဖြင့် ဆင်စွယ်ကိုတော့ တိုင်းရင်းဆေးအနေနဲ့ သုံးကြပါတယ်”ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) မှ တောရိုင်းတိရစ္ဆာန် တရားမဝင်ဖောက်ကားမှုကာကွယ်ရေး စီမံကိန်းမန်နေဂျာ ဒေါက်တာစံပယ်မင်း က ဆိုသည်။

မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့၏ နယ်စပ်များ ထိစပ်နေသည့် မှောင်ခိုပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရောင်းဝယ်ဖောက်ကားမှုပြုရာ ရွှေတြိဂံကဲ့သို့သော နယ်မြေများတည်ရှိနေခြင်းကြောင့် လည်း မြန်မာနိုင်ငံသည် တရားမဝင် ကုန်သွယ်မှုဒဏ်ကို အထူးတလည် ထိခိုက်ခံစားနေရခြင်း ဖြစ်သည်။

“တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုက တရားမဝင်ဖြစ်တဲ့အတွက် အဓိကကတော့ မြန်မာပြည်နယ်စပ်တွေမှာ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့နေရတွေမှာ အများကြီးဖြစ်နေတာ တွေ့ရတယ်။ မိုင်းလားဒေသဆို မြန်မာပြည်သာမက တစ်ကမ္ဘာလုံးသိတဲ့ နေရာပေါ့။ အဲဒီနေရာတွေမှာ ကျွန်မက သုတေသန သွားလုပ်တာပေါ့။ အဲဒီလိုတွေ သွားတဲ့အခါမှာ ဆင်အရေခွံတစ်ခုတည်းအတွက် သွားတာမဟုတ်ပါဘူး။ တောရိုင်းတိရစ္ဆာန်တွေ အကုန်လုံးအတွက် သွားတာပါ။ အဲဒီအထဲမှာ နံပါတ် (၁) အရောင်းအဝယ်အများ ဆုံးဖြစ်နေတာ ဆင်ဖြစ်နေတယ်။ နောက်ပြီး ဆင်အရေခွံတွေ့ရှိနှုန်းကို စစ်တမ်းကောက်ယူတယ်။ ၂၀၁၅ က တွေ့ရှိတဲ့ ပမာဏထက် ၂၀၁၇ မှာ တွေ့ရှိတဲ့ ပမာဏနှုန်းက အရမ်းမြင့်တက်သွားတယ်။ ကျွန်မတို့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ဆင်အရေခွံတွေ တွေ့ရှိမှု မြင့်တက်သလို ဆင်သတ်မှုတွေကလည်း များလာတယ်”ဟု  ဒေါက်တာစံပယ်မင်းက ၎င်း၏ အတွေ့အကြုံကို ပြန်လည်ပြောပြသည်။

ထို့ကြောင့် မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ (CITES) က ဆင်စွယ်သာမက ဆင်အရေခွံနှင့် အစိတ်အပိုင်းများကို တားဆီးပိတ် ပင်ရန်လုပ်ဆောင်နေသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ဆင်များသည် နိုင်ငံခြားသို့ နည်းလမ်းနှစ်မျိုးဖြင့် ရောက်ရှိနေကြောင်း သိရသည်။  ဆင်ပေါက်လေးများကို ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် အသုံးပြုရန် ရောက်ရှိနေပြီး ဆင်အကောင်ကြီးများ ကို တရုတ်နိုင်ငံမှ စားသုံးရန်အတွက် ဝယ်ယူမှုများ ရှိနေသည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ ပျံ့နှံ့ကျက်စားမှုအနေဖြင့် ကချင်ပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်း၊ ရှမ်းရိုးမမြောက်ပိုင်းနှင့် တောင်ပိုင်း၊ ချင်းတွင်းမြစ် အထက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင် (မေယုတောင်တန်း၊ ရခိုင်ရိုးမ)၊ ကယားနှင့် ကရင်ပြည်နယ်စပ်ဒေသ၊ ကရင် (သံလွင်အရှေ့ခြမ်း)၊ မွန်၊ ပဲခူးရိုးမ၊ (အလယ်ပိုင်း၊ အောက်ပိုင်း)၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး (တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး) တို့တွင် ကျန်ရှိနေသေးသည်။

မြန်မာနိုင်ငံ၌ ၁၉၄၀ ပြည့်နှစ် ဝန်းကျင်တွင် တောဆင်ရိုင်းအကောင်ရေ ၁၀၀၀၀ ကျော်ရှိခဲ့ပြီး လက်ရှိအချိန်တွင် တောဆင်ရိုင်း အကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ ဝန်းကျင်ကြားတွင်သာ ကျန်ရှိတော့သည်ဟု ခန့်မှန်းထားသည့် အတွက် ၇၇ နှစ်အတွင်း အကောင် ၈၀၀၀ ကျော် သေဆုံးခြင်းကြောင့် တွက်ချက်ကြည့်ပါက ယင်းပမာဏမှာ သီတင်းတစ်ပတ်လျှင် ဆင်တစ်ကောင်နှုန်း သေဆုံးနေသည်ကို တွေ့နိုင်သည်။

“၁၉၄၁-၄၂ လောက်တုန်းက တောဆင်ရိုင်းအကောင်ရေ ၁၀၀၀၀ ကျော်လောက် ရှိပါတယ်။ လက်ရှိမှာတော့ အကောင်က ၂၀၀၀ ဝန်းကျင်လောက်ပဲ ရှိပါတော့တယ်” ဟု မြန်မာ့သစ်လုပ်ငန်းမှ မန်နေဂျာ (ဆင် ဆေးကုဆရာဝန်) ဒေါက်တာဇော်မင်းဦးက ဆိုသည်။

တောဆင်ရိုင်းကောင်ရေများစွာ နှစ်ပေါင်း ၇၇ နှစ်အတွင်း လျော့နည်းသွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆင်စွယ်နှင့် အစိတ်အပိုင်းများ ရယူလိုမှုကြောင့် အမဲလိုက်သတ်ဖြတ်ခံရခြင်း၊ လူနှင့်ဆင်ကြား ပဋိပက္ခ ဖြစ်ရပ်များမှ ကလဲ့စားချေသည့်သဘောဖြင့် သတ်ဖြတ်ခံရခြင်းတို့ကြောင့် ဖြစ်သည်။

ထို့ပြင် တောဆင်ရိုင်းများ ကျက်စားနေထိုင်ရာဒေသများတွင် ဆည်မြောင်း၊ တာတမံများတည်ဆောက်ခြင်း၊ လူနေအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စိုက်ခင်းများ စိုက်ပျိုးကြခြင်းကြောင့် တောဆင်ရိုင်းများ၏ စားကျက်ပျောက်ကာ လူတို့စိုက်ပျိုးထားသော စိုက်ခင်းများကို ဝင်ရောက်စားသောက်ဖျက်ဆီးခြင်းများ ရှိလာခဲ့သည်။ လူတို့၏ စိုက်ခင်းများကို ဝင်ရောက်ဖျက်ဆီးမှုကြောင့် လူနှင့် ဆင်ကြားတွင် ပဋိပက္ခဖြစ်ပွားမှုများ ရှိခဲ့သည်။

“လူနဲ့ ဆင် ပဋိပက္ခက ဘာကြောင့်ဖြစ်လာသလဲဆိုတော့ နယ်မြေလုကြတာပေါ့။ လူတွေကလည်း နေရာယူပြီး စိုက်တယ်ပျိုးတယ်။ ဆင်တွေကလည်း သူ့အသက်ရှင်သန်ရေးအတွက် တောထဲမှာ လှည့်နေရတယ်။ အဲဒီတော့ ဆင်တွေကလည်း လူတွေရဲ့ စိုက်ခင်းတွေကို ဝင်စားတဲ့အတွက်ကြောင့် ပဋိပက္ခဖြစ်လာတယ်။ လူတွေဘက်က ပြန်ကြည့်တော့လည်း သူတို့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးလာတယ်။ ဒီလိုဖြစ်လာတဲ့အတွက် ဆင်တွေအပေါ်မှာ လူတွေရဲ့စိတ်က ပြောင်းသွားတယ်။ ဆင်တွေမရှိမှ အေးမှာဆိုတဲ့ စိတ်မျိုးပြောင်းသွားရင် ဆင်တွေအတွက် တော်တော်အန္တရာယ်များပါတယ်” ဟု  မြန်မာ့သစ်လုပ်ငန်းမှ မန်နေဂျာ(ဆင်ဆေးကုဆရာဝန်) ဒေါက်တာဇော်မင်းဦးက ရှင်းပြသည်။

၂၀၁၀  ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ ခုနစ်နှစ်တာကာလအတွင်း လူနှင့်ဆင် ပဋိပက္ခဖြစ်ပွားမှု မှတ်တမ်းများအရ ၁၀၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။  ရန်ကုန်တိုင်းဒေသကြီးတွင် ၂၆ ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး  ပဲခူးတိုင်းဒေသကြီး၌ ၂၄  ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီး၌ ၁၇ ကြိမ်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၂ ကြိမ်နှင့် ရခိုင်ပြည်နယ်၌ ၁၀ ကြိမ်အဖြစ် အသီးသီး ရပ်တည်နေသည်။

စာရင်းများအရ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနစ်အတွင်း အမဲလိုက်သတ်ဖြတ်မှု (သို့မဟုတ်) နယ်မြေအတွက် ပဋိပက္ခဖြစ်မှုတို့ကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးပြီး ဆင် ၉၅ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနစ်အတွင်း တောဆင်ရိုင်းအသတ်ခံရမှုမှာ  ဧရာဝတီတိုင်းတွင် ၂၈ ကောင်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၆ ကောင်၊ ရခိုင်ပြည်နယ်တွင် ငါးကောင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ခုနစ်ကောင်၊ မကွေးတိုင်းဒေသကြီးတွင် တစ်ကောင်၊ နေပြည်တော် ကောင်စီနယ်မြေတွင် နှစ်ကောင် စုစုပေါင်း ၅၉ ကောင် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

၂၀၁၇ ခုနစ် ဇန်နဝါရီမှ သြဂုတ်လအတွင်း တောဆင်ရိုင်းများအသတ်ခံမှုတွင် ဧရာဝတီတိုင်းဒေသကြီး၌ အများဆုံးဖြစ်ပွားခဲ့သည်။ ယခုနှစ်အတွင်း ဆင်မုဆိုးဦးရေ ၃၀ ဖမ်းမိရာတွင် ဧရာဝတီတိုင်းမှ ၂၆ ဦးဖြင့် အ များဆုံး ဖမ်းမိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ၁၉၉၄ ခုနှစ်က ပြဋ္ဌာန်း ခဲ့သည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေထိန်းသိမ်းရေး ဥပဒေတို့ဖြင့် တောဆင်ရိုင်းများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှုနှင့်ပတ်သက်၍ အသိပညာပေးလှုပ်ရှားမှုကို နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်စဉ် (ဓါတ်ပုံ - မြင့်သူ)

ထိုသို့ ထိန်းသိမ်းစောင့်ရှောက်ရာတွင် အုပ်စုသုံးစု ခွဲခြားထားပြီး  တိရစ္ဆာန်စုစုပေါင်း ၁၇၄ မျိုးရှိသည့်အနက် လုံးဝကာကွယ်ထားသော တိရစ္ဆာန် ၉၈ မျိုးတွင် ဆင်များ ပါဝင်နေသည်။ လုံးဝကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း (သို့မဟုတ်) အနာတရ ဖြစ်စေခြင်း၊ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း (သို့မ ဟုတ်) လွဲှပြောင်းခြင်းများ ပြုမည်ဆိုလျှင် Wild Life ဥပဒေပုဒ်မ ၃၇ (က) အရ တရားစွဲဆိုခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားစီရင်ခံရလျှင် ဒဏ်ငွေကျပ် ၅၀၀၀၀၊ ထောင်ဒဏ် ခုနစ်နှစ် (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံး ကျခံရမည်ဟု ဖော်ပြထားသည်။

Wild Life ဥပဒေကို ၁၉၉၄ ခုနစ်ကတည်းက ပြဋ္ဌာန်းခဲ့သော်လည်း အောက်ခြေမုဆိုးများအနေဖြင့် သိရှိနိုင်ခြင်းမရှိသည့်အတွက် အသိပညာပေးခြင်းများ ပြုလုပ်နေရကြောင်း ဆင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ ထံမှ သိရသည်။

“ကျူးလွန်တဲ့သူတွေက ဥပဒေကို မသိလို့ ကျူးလွန်တာရှိသလို ဥပဒေကိုသိပြီး ကျူး လွန်တာတွေလည်းရှိတယ်။ ကျူးလွန်သူအများစုက ဥပဒေမသိလို့ ကျူးလွန်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က ကမ်ပိန်းတွေ လုပ်ပြီး ပြည်သူတွေကြားထဲကို ဥပဒေအသိတွေ ရောက်အောင်လုပ်နေပါတယ်”ဟု မြန်မာ့ သစ်လုပ်ငန်းမှ မန်နေဂျာ (ဆင်ဆေးကုဆရာဝန်) ဒေါက်တာဇော်မင်းဦးက ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာ့ဆင်ထိန်းသိမ်းရေး လုပ်ငန်းအစီအစဉ် (MECAP)ရေးဆွဲခဲ့ပြီး တောဆင်ရိုင်းများကို တရားမဝင် ဖမ်းဆီးမှု၊ အမဲလိုက်သတ်ဖြတ်မှုနှင့် အစိတ်အပိုင်းများ ကုန်သွယ်မှုတို့ကို ဖြေရှင်းဆောင်ရွက်နေပြီဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများအား သတ်ဖြတ်ပြီး အရေခွံခွာခံနေရခြင်းကို တုံ့ပြန်ရန် မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံ (Voices for Momos) လှုပ်ရှားမှုကို ခြောက်လလုပ်ဆောင်မည်ဖြစ်သည်။

“ကျွန်မတို့က Myanmar Elephant ကမ်ပိန်းကို  ခြောက်လတာ ကာလလုပ်မှာ ဖြစ်ပါတယ်။  နိုဝင်ဘာ ၂၀၁၇ ကနေ ဧပြီ ၂၀၁၈ အထိပေါ့” ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF) မှ ဒေါ်မေ မိုးအောင်က ဆိုသည်။

မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံ လှုပ်ရှားမှု ခြောက်လတာကာလအတွင်း တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို သင်တန်းပေးမည်ဖြစ်သည်။

ထို့ပြင် ‘ဆင်သားရေနှင့်ပတ်သက်သော ဆင်အသုံးအဆောင်ပစ္စည်းများကို သုံးစွဲခြင်း မပြုပါ’ဆိုသည့် ပြည်သူလူထုအသိ ပညာပေးခြင်းကို လူမှုကွန်ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင်ကုန်သွယ်နေသည့် လုပ်ငန်းများ ပပျောက်စေရန် လူတစ်ဦးတစ် ယောက်၊ အသင်းအဖွဲ့ဖြင့်လည်း ပါဝင်နိုင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် တစ်ပတ်လျှင် တစ်ကောင်နှုန်းသေဆုံးနေခြင်းကြောင့် ငယ်အတွင်း မြန်မာနိုင်ငံမှ တောဆင်ရိုင်းများ ပျောက်ကွယ်နိုင်ပြီး ယင်းအခြေအနေကို ကာကွယ်တားဆီးတုံ့ပြန်နိုင်ရန် လိုအပ်နေသည်။

ထို့ ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်း ခြောက်ခုသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မြန်မာ့ဆင်ထိန်းသိမ်းရေး လုပ်ငန်းအစီအစဉ်ကို အထောက်အပံ့ဖြစ်စေရန် နယ်ပယ်အသီးသီးမှ ပါဝင်လုပ်ဆောင်နိုင်မည့် မြန်မာ့ဆင် များအတွက် ရင်တွင်းစကားသံလှုပ်ရှားမှု စတင်လုပ်ဆောင်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အခုချိန်မှာမှ အလေးထား မလုပ်ဆောင်ရင် မြန်မာ့တောဆင်ရိုင်းတွေ လုံးဝပျောက်ကွယ်သွားတော့မှာပါ။ ကဏ္ဍပေါင်းစုံမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ လူတစ်ယောက်ချင်းစီကို Voices for Momos မှာ ပါဝင်ပေးကြဖို့နဲ့ တောဆင်ရိုင်းတွေရဲ့ အသံသစ်တောတွေထဲမှာ ထာဝရဆိတ်သုဉ်း မသွားခင် သူတို့ရဲ့ကိုယ်စား စကားတွေပြောပေးကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု FFI မြန်မာမှ တနင်္သာရီဒေသ ထိန်းသိမ်းရေးအစီအစဉ် ညှိနှိုင်းရေးမှူး ဦးနေမျိုးရွှေကပြောကြားသည်။

မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံ (Voices for Momos) လှုပ်ရှားမှုကို ဇီ၀ မျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (BANCA) ၊ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့ (FFI) မြန်မာ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးမိတ်ဆွေများအသင်း (FOW) ၊ Grow Back For (GBP) ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။

မြန်မာ့တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရခြင်းကို ကာကွယ်နိုင်ရန်နှင့် တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများကို ရပ်တန့်နိုင်ရန် အစိုးရနှင့် NGO ၊ INGO အဖွဲ့အစည်းများမှ အစီအစဉ်များချမှတ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း ပြည်သူတစ်ဦးချင်စီကပါ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။

မြန်မာ့တောဆင်ရိုင်းများအား ကာကွယ်မှု မပေးနိုင်ခဲ့ပါက လာမည့် ၂၀၃၀  ပြည့်နှစ် နှင့် ၂၀၃၅ ခုနှစ်အတွင်း မြန်မာ့တောဆင်ရိုင်းများမှာ မျိုးသုန်းပျောက်ကွယ်သွားနိုင်သည့်  အန္တရာယ်များနှင့် လက်တစ်ကမ်းအလိုတွင် ရောက်ရှိနေပြီဖြစ်သည်။ ထို့ပြင် တောဆင်ရိုင်းများ မျိုးသုန်းပျောက်ကွယ်သွားပါက ပတ်ဝန်းကျင် ဂေဟစနစ်ကိုပါ ထိခိုက်မှုများ ရှိလာနိုင်သည်ဟု ပညာရှင်များက ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် မိမိတို့၏ နောင်လာနောက်သားများအနေဖြင့် ‘ဆင်’ ဆိုသည့်သတ္တဝါကို ပြတိုက်၌ သွားရောက် ကြည့်ရှုရမည့်အရေး မကြုံတွေ့စေရန် လူတိုင်းတွင် တာဝန်ရှိနေပါသည်။

“တောထဲမှာ ဆင်ရှိခဲ့တယ်ဆိုတာကို ပြတိုက်မှာသွားပြီးတော့ ကြည့်ရမယ့်ဟာမျိုး၊ နားထောင်ရမယ့် အခြေအနေမျိုး မရောက်အောင် ပြည်သူတွေအားလုံးကလည်း တစ်ဦးချင်းစီ ပူးပေါင်းပါဝင် လုပ်ဆောင်ဖို့လိုပါတယ်” ဟု မြန်မာ့သစ်လုပ်ငန်းမှ မန်နေဂျာ (ဆင် ဆေးကုဆရာဝန်) ဒေါက်တာဇော်မင်းဦးက ဆိုသည်။