အဆုံးမသတ်နိုင်တဲ့ ဖားကန့်မြေမှ ပဋိပက္ခ

အဆုံးမသတ်နိုင်တဲ့ ဖားကန့်မြေမှ ပဋိပက္ခ
Published 23 October 2017

ရုန်းရင်းဆန်ခတ်မှုတစ်ခုအတွင်း ရေမဆေးကျောက် ရှာနေသူများအား တာဝန်ကျရဲများနှင့်အတူ တွေ့ရစဉ်

ဖားကန့်လို့ပြောရင် ကျောက်စိမ်းထွက်ရာအရပ်လို့ မြန်မာတစ်နိုင်ငံလုံးရော၊ တစ်ကမ္ဘာလုံးကပါ သိထားကြပါတယ်။ ဖားကန့်ကျောက်စိမ်း လုပ်ငန်းတွေဟာ ရှေးယခင် မြန်မာမင်းတွေ လက်ထက်ကတည်းက တူးဖော်ခဲ့ကြတာဖြစ်ပြီး ဈေးကွက်ကတော့ တရုတ်ပြည် (စိန်တိုင်းပြည်)ကိုပဲ ဖြစ်ပါတယ်။ ကျောက်စိမ်းတူးဖော်နည်း စနစ်ဟာလည်း လက်တူးအဆင့်သာရှိခဲ့ပြီး တပ်မတော်နှင့် ကေအိုင်အေတို့ ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း တူးဖော်မှုပုံစံတွေဟာ အသွင်ပြောင်းခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ဖားကန့်ကိုမြို့နယ်အဆင့် တိုးပေးလိုက်ပြီး  တပ်မတော်အစိုးရကလည်း ငြိမ်းချမ်းရေးယူတဲ့ အဖွဲ့တွေ၊ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ ၎င်းတို့နဲ့ နီးစပ်သူတွေကို လုပ်ကွက်တွေ ချထားပေးခဲ့ပါတယ်။ (၂၀၁၅ခုနှစ် သတ္ထူတွင်း ဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိကကုမ္ပဏီ ၈၀၈ ခု တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူ ကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက် ရှိသည်။)၂၀၀၀ ခုနှစ် နောက်ပိုင်းမှာတော့ စက်အင်အားယန္တရားတွေကို အသုံးများလာခဲ့ပြီး တစ်နိုင်ငံလုံးကနေ လောပန်း (သူဌေး) ဖြစ်လိုဇောနဲ့ ရောက်လာတဲ့ သူအားလုံးဟာ ကျောက်လုပ်ကွက်တွေ မရှိတော့ ကျောက်မျက်ကုမ္ပဏီတွေကနေ ကျောက်စိမ်းရှာပြီး စွန့်ပစ်မြေစာပုံမှာ အကြွင်းအကျန် ကျောက်ရှာရာကနေ လူတန်းစားတစ်ရပ် ပေါ်ထွန်းခဲ့ပါတယ်။ အဲဒါက ရေမဆေးကျောက် ရှာသူတွေဖြစ်ပါတယ်။ ရေမဆေးကျောက်ရှာဖွေသူ (သို့မ ဟုတ်) ရေမဆေးသမားဆိုသည်မှာ ကျောက်မျက်ကုမ္ပဏီများက တူးဖော်ရှာဖွေပြီး စွန့်ပစ်လိုက်သော မြေစာပုံများတွင် ကျောက်စိမ်းလက်ကျန်ကျောက်များကို ရှာဖွေသူများ ဖြစ်ပါတယ်။ လက်ရှိအစိုးရ စာရင်းများနှင့် ၂၀၁၄ သန်းခေါင်စာရင်းကို ချိန်ထိုးကြည့်ရင် ဖားကန့်မှာ ရေမဆေးရှာသူတွေဟာ နှစ်သိန်းအထက်မှာ ရောက်နေတယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။

ရေမဆေးသမားများ စတင်ပေါ်ပေါက်လာခြင်းမှာ ကျောက်မျက်ကုမ္ပဏီများနှင့် တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်။

၁၉၉၀ ပြည်ကနေ ၁၉၉၇ ခုနှစ် လောက်အထိ လက်တူးကျင်းတွေ ယန္တရားအနည်းငယ်သာရှိသည့်အတွက် ရေမဆေးကျောက်လို ရှာဖွေသူဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဆေးဖိုးရှာတဲ့ လုပ်ငန်းသာဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ကျောက်စိမ်းလုပ်ကွက်တွေကို ကုမ္ပဏီတွေပိုင်တွေ ဖြစ်ကုန်ပြီး စက်အင်အားကြီးများ အသုံးပြုသည့် အသုံးများလာပြီးနောက်ပိုင်း ကုမ္ပဏီမြေစာပုံတွင် ကျောက်စိမ်းအကျန်များကို ရှာဖွေသူတွေ တိုးလာတာဖြစ်ပါတယ်။ လူပေါင်းသိန်းချီတဲ့ ကျောက်မျက်ရှာဖွေသူတွေဟာ လုပ်ကွက်တွေ ကုမ္ပဏီပိုင်ဖြစ်သွားတာကြောင့် ရေမဆေးကျောက် ရှာဖွေသူတွေ ဖြစ်သွားတာ ဖြစ်ပါတယ်။ အားလုံးဟာ ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပုံမှာသာ မှီတည်နေကြရတဲ့ဘဝတွေ ဖြစ်ကုန်ပါတော့တယ်။

ဖားကန့်ရဲ့ ကျောက်စိမ်းတူးဖော်မှုကို ကြည့်လိုက်ရင် လက်ကျင်းခေတ်၊ ရေငုပ်ကျင်းခေတ်၊ ခေါက်စားခေတ်၊ ဖက်စပ်ခေတ်၊ ယန္တရား ငယ်ခေတ်၊ ယန္တရားကြီးခေတ်လို့ခွဲလို့ရမယ် ထင်ပါတယ်။ ခေတ်တိုင်းမှာလည်း ကျောက်စိမ်းတူးဖော်မှုဟာ အသက်ပေါင်းများစွာ ပေးခဲ့ကြရပါတယ်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ကျောက်စိမ်းတူးတဲ့ အန္တရာယ်နှင့် ပတ်သက်၍ “ကျွန်တော်တို့က ဖားကန့်မှာ မဆလခေတ် ဆိုရှယ်လစ် ခေတ်ကတည်းက လုပ်ခဲ့တာ သံတူရွင်းခေတ်ပေါ့။ အဲဒီခေတ်က အန္တရာယ်က မြေပြိုတယ်။ ကျင်းရှောတယ်ဆိုတာ ရှိတယ်။ သေဆုံးတာ နည်းပါတယ်။ ရေမဆေးပေါ်တာ ၂၀၀၀ ပြည့် နှစ်နောက်ပိုင်းမှ စတာ။ မြေစာပုံ အန္တရာယ်က ၂၀၀၅ လောက်မှာ စပေါ်ပြီ။ ၂၀၀၇ ကနေပြီး အုပ် လိုက်သေတာတွေ ဖြစ်ကုန်တာ။ ၂၀၁၅ ကတော့ လူပေါင်း ၁၀၀ ကျော်သွားတယ်။ တူးလိုက်ကြတာလည်း ၁၉၉၇ အရှေ့နှစ်ပေါင်း ရာချီလုပ်လုပ်ခဲ့တဲ့ ကျောက်စိမ်းတူးဖော်မှုက ၂၀၁၀ခုနှစ် တစ်နှစ်လုပ်စာတောင် မရှိဘူးလေ။ သေတာလည်း ဆယ်ဂဏန်းကနေ ရာဂဏန်းဖြစ်လာတာ” ဟု ဆိုသည်။

ဖားကန့်ဒေသမှာ လက်ရှိ ကျောက်စိမ်းရှာဖွေသူ ရေမဆေးသမားတွေဟာ သိန်းချီရှိပေမယ့် လက်ရှိ ဘယ်ဥပဒေမှာမှ ထည့်သွင်းထားခြင်း မရှိသည့်အပြင် သူတို့ကို အစိုးရက သတ်မှတ်တာက တရားမဝင် ကျောက်စိမ်းရှာဖွေသူတွေဆိုတဲ့ ခေါင်းစဉ်သာ ရှိပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ ကျောက်စိမ်းတူး ဖော်ရေးဌာန (လုံးခင်း)က ကျောက်မျက်ဥပဒေပါ အချက်အချို့ကို ဗီနိုင်းဆိုင်းဘုတ်ကြီးထောင်ပြီး ၂၀၁၆ ခုနှစ်က အသိပေးဖူးပါတယ်။ အဲဒီ ဥပဒေပါအချက်တွေဟာ ရေမဆေးကျောက် ရှာဖွေသူတွေကို အချိန်မရွေး ဖမ်းဆီးနိုင်တဲ့ အချက်တွေ ပါဝင်ခဲ့ပြီး ဖားကန့်ဒေသက ကျောက်ရှာသူတွေက ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှာ လူအင်အား နှစ်သောင်းလောက် ဆန္ဒပြတာလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့အချိန်အထိ ဘယ်ဥပဒေမှာမှ ကျောက်စိမ်း ရှာဖွေသူရေမဆေးတွေအတွက် အကာအကွယ် မရှိပါဘူး။

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ အခန်း (၁၃)၊ ပုဒ်မ ၄၁ (က) ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်း လုပ်ငန်းကို ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခြင်း၊ (ခ)ကျောက်မျက်ရတနာ အရိုင်းကို ခွင့်ပြုချက်မရှိဘဲ ရှာဖွေခြင်း (သို့)စမ်းသပ်တိုင်းတာခြင်းစသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံးသုံးနှစ်မှ အများဆုံးခုနစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ကျောက်မျက် (၄၂) က အရ ကျောက်မျက်ရတနာ အရိုင်းကို အဲဒီဥပဒေနှင့် အဲဒီဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်ဘဲ လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း(သို့) တစ်နည်းနည်းဖြင့် ရယူခြင်း၊ လွှဲပြောင်းခြင်း စသည့်ကျူးလွန်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင့် ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံးသုံးနှစ်မှ အများဆုံးခုနစ်နှစ်အထိ ချမှတ်ရမည့် အပြင်ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ကျောက်စိမ်းရှာဖွေသူ ရေမဆေးတွေအတွက် အကြီးမားဆုံး စိန်ခေါ်တဲ့ ဥပဒေတွေဖြစ်ပြီး ဥပဒေအရ တရားဝင်လုပ်ဖို့ အခွင့်အလမ်း နည်းပါးလွန်းနေတာလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကျောက်မျက်ကုမ္ပဏီတွေအတွက် တံတိုင်းခတ်ပြီးသား ဥပဒေကြီး ဖြစ်နေပါတယ်။

ဖားကန့်ဒေသတွင်း ရေမဆေး ရှာဖွေမှုဥပဒေနှင့် အညီဖြစ်ရေး ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် ၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက မေးမြန်းခဲ့ပါတယ်။ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းအရိုင်းတုံးများ ရှာဖွေပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြသော တိုင်းရင်းသားပြည်သူများ၏ ဘဝလုံခြုံစိတ်ချမ်းသာစွာ ရေမဆေးကျောက်စိမ်းရိုင်းတုံး ရှာဖွေရေး လုပ်ငန်းများအဆင်ပြေချော မွေ့စေရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား (၂) တိုင်းဒေသကြီး (သို့) ပြည်နယ် ဥပဒေပြုစာရင်း၏ အမှတ်စဉ် ၂။ (ဃ) အပိုဒ်၄။ (ဈ) ပါ ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနဲ့အညီ တိုင်းဒေသကြီး (သို့) ပြည်နယ်အတွင်း ဆောင်ရွက်ခွင့်ရှိသည့် ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းများဆိုင်ရာ ဥပဒေအရ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ယခုနှစ်အတွင်း ကျောက်မျက်ရတနာ အသေးစားလုပ်ငန်းများ လုပ်ပိုင်ခွင့်များခွင့် ပြုပေးနိုင်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုရှင်ဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက “ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာ ဖွေသူတွေ တစ်နိုင်ငံလုံးအနှံ့ လာကြပါတယ်။ ဘဝအသက်မွေးဝမ်းကျောင်းအတွက် ကျောက်စိမ်းရိုင်း ရေမဆေးကျောက်ရှာဖွေမှုဟာ အန္တရာယ်လည်း များပါတယ်။ အန္တရာယ်တွေက အစိုးရဆိုင်ရာ ပုဂ္ဂိုလ်များရဲ့ အန္တရာယ်၊ ရေမဆေးမှာဖြစ်တတ်တဲ့ သဘာ၀ အန္တရာယ်၊ ရေမဆေးအချင်းချင်းကြားမှာ ဖြစ်တတ်တဲ့ အန္တရာယ်တွေကို နိစ္စဓူဝကြုံတွေ့နေရ တာကို တွေ့နေရပါတယ်။ အစိုးရ ဘက်ကလည်း ရေမဆေးတွေရဲ့ ပြ ဿနာကို လျစ်လျူရှုထားတာကို တွေ့ရပါတယ်။ ဖားကန့်ဒေသကို အုပ်ချုပ်တဲ့ သူတွေက ခေါင်းခဲတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ရေမဆေး သမားတွေကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့ ကတ်တွေကို ထုတ်ပေးနိုင်မယ်ဆိုရင် ရေမဆေးကျောက် စိမ်းရိုင်းတုံးတွေကို မကြောင့်မကြ အဆင်ပြေစွာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဖားကန့်မှာရှိတဲ့ ကျောက်ရှာသူတွေ၊ လုပ်ငန်းရှင်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာတွေနှင့် မြို့မိမြို့ဖတွေနဲ့ တိုင်ပင်ပြီး ဒီမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ယင်းမေးခွန်းကို ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝထိန်းသိမ်းရေးဝန်ကြီး ဦးHလှအောင်က  ဖြေကြားခဲ့ပြီး မြန်မာ့ကျောက်မျက် ရတနာ ဥပဒေကို ၁၉၉၅ ခုတွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၂၀၁၆ တွင် ထပ်မံပြဋ္ဌာန်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာကျောက်မျက်ရတနာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ကျောက်မျက်ရတနာ တူးဖော်မှု လုပ်ငန်းများ ဆက်စပ်သူများအားလုံး ပါဝင်နေကြောင်း၊ ဥပဒေတွင် အလတ်စား၊ အသေးစား၊ လက်လုပ်လက်စား လုပ်ငန်းများ ပါဝင်ပါကြောင်း၊ အလတ်စားလုပ်ကွက်များကို ပြည်ထောင်စု အစိုးရက စီမံခန့်ခွဲမည်ဖြစ်ပြီး အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းများကို တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့်ပြု သွားမည်ဖြစ်ကြောင်း၊ အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းများတွင် တိုင်းရင်းသား ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ဥပဒေအတည်ပြုပြီး နည်းဥပဒေထွက်ရှိလာပါက လုံးခင်းဖားကန့်ရတနာမြေနှင့် အခြားရတနာမြေများ (သို့) ရတနာ နယ်မြေပြင်ပရှိ လုပ်ကွက်များကို ပြည်နယ်အစိုးရက လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ငန်းအပေါ် မှီခိုနေသည့် ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင်ရှိနေပြီး ရရှိထားသည့် ကျောက်မှာ လက်ရှိပြဋ္ဌာန်းသည့် ဥပဒေအရ သယ်ယူရောင်းချ ခွင့်မရှိခြင်း၊ တန်ဖိုးကြီးမားသည့် ကျောက်စိမ်းရိုင်းဖြစ်ပါက သိမ်းယူခံရခြင်း၊ အမှုဖွင့်ခံရခြင်း၊ မကြာခဏမြေစာပုံ ပြိုကျခြင်းကြောင့် သေဆုံးမှုများနေခြင်း၊ ကျောက်စိမ်းရှာဖွေရာတွင် ကုမ္ပဏီလုပ်ကွက်များနှင့် ရောထွေးနေမှုများကြောင့် ခြိမ်းခြောက်မောင်းထုတ်ခံရခြင်း၊ ခြိမ်းခြောက် မောင်းထုတ်ရာတွင် ခြောက်လှန့်ပစ်ခတ်မှုအတွင်း သေဆုံးရခြင်းများ မကြာခဏ ကြုံတွေ့နေရကြောင်း လည်းလွှတ်တော်မှာ ဆွေးနွေးပါတယ်။ အခုအချိန်အထိတော့ ဘာမျှအကောင်အထည် မဖော်နိုင်ကြ သေးပါဘူး။

ဖားကန့်ကျောက်မျက် ကုမ္ပဏီတွေကတော့ ရေမဆေးကျောက်စိမ်း ရှာဖွေသူတွေနဲ့ အခြေအနေအရ ညှိနှိုင်းပြီးနေရတော့ ရေမဆေးတွေအတွက် ကျောက်မျက်တူးဖော်ရေး အလုပ်သိမ်းချိန်တွေမှာ လုပ်ကွက်အတွင်း ရေမဆေးကျောက် ရှာဖွေခွင့်ပြုခဲ့တာတွေ ရှိပါတယ်။ အဲဒါပြီးနောက်ပိုင်း ရေမဆေးနှင့်လုံခြုံရေးတွေ အချေအတင်အခြေအနေတွေ ဖြစ်လာပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက “အခုက ရေမဆေးတွေက ကျောက်မျက်ကုမ္ပဏီတွေကို မကြည်တဲ့အကြောင်းတွေ ရှိတယ်။၂၀၀၀ ခုနှစ် အရှေ့ပိုင်းက ကျောက်ရှာသူတွေကိုဝင်း ထဲဝင်တာနဲ့ ဖမ်းထောင်ချတာတွေ ရှိတယ်။ ပြီးတော့ ကုမ္ပဏီလုပ်ကွက်တွေထဲမှာလည်း တရုတ်ကဦးစီး။ ဒီတော့ ဒီကတစ်နိုင်ငံလုံးက တိုင်းရင်းသားတွေ မကျေနပ်ဘူးပေါ့ဗျာ။ ကျောက်စိမ်းရှာတဲ့ ရေမဆေးဆိုတာလည်း အရင်က ကုမ္ပဏီမှာ လုပ်ခဲ့တဲ့ သူတွေပါတယ်လေ။ အဲဒီတော့ ကုမ္ပဏီသက်တမ်းကုန်တာ။ လုပ်ကွက်တွေခိုးတာက ကျောက်ကျောကောင်းတဲ့ နေရာတွေက အစသိနေကြတာ။ ကုမ္ပဏီတွေကလည်း အလျှော့ပေးပြီး လုပ်ကွက်ထဲရှာစေတယ်။ ညနေ သုံးနာရီမှာ ရှာခွင့်ပေးတာကို ရေမဆေးက နေ့လယ် ၁၂ နာရီမှာ အပေါက်ဝမှာ ပြုံထွက်နေပြီ။ ပြဿနာမဖြစ်ခံနိုင်ရိုးလားဗျာ။ ဒီပုံ စံတွေက ပြဿနာကို ဆက်ပြီးဖြစ်စေ ဦးမှာပါပဲ” ဟုဆိုသည်။

၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှစ၍ အစိုးရတပ်မတော်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေတို့ စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ စစ်ပွဲများ ကချင်တစ်ပြည်နယ်လုံး ပြန့်နှံ့လာပြီး ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ခွင့်ကို ၂၀၁၂ ခုနှစ် မေ ၃၀ ရက် စတင်ကာ အစိုးရမှ တရားဝင်ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ပြန်လည်တူးဖော်ခွင့်ပြုခဲ့ရာ လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်မှာ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃ ရက် မှာ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေမှော်ကျေးရွာအနီးက အဲဗားဝင်းနား လုပ်ကွက်မှာ ရေမဆေးဝင်ရှာသူတွေကို လုံခြုံရေးယူထားတဲ့ တပ်မတော်နဲ့ ရဲကပစ်လိုက်လို့ ကုဋေကျေးရွာက ကိုသိန်းစိုးဟာ နေရာမှာပွဲချင်းပြီး သေပါတယ်။ ရေမဆေးတွေက အလောင်းထမ်းပြီး မားဆား၊ ကုဋေ၊ လုံးခင်း၊ မှော်ဆီကျေးရွာတွေမှာ အလောင်းထမ်းပြီး ဆူပူအုံကြွမှု ဖြစ်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာ ၁၆ ရက်မှာ လုံးခင်းကျေးရွာမှာရှိတဲ့ ကျောက်မျက် ကုမ္ပဏီတစ်ခုကို လက်လုပ်မိုင်းတွေ နဲ့ဖောက်ခွဲပြီး ပစ်ခတ်မှုလည်း ဖြစ်ခဲ့ပါတယ်။ ရေမဆေးလေးဦးဒဏ်ရာပြီး လက်လုပ်မိုင်းနဲ့ လူတစ်ယောက်လည်း မိပါတယ်။ ကုမ္ပဏီက ဘက်ဟိုး ၁၂ စီး၊ ကျောက်ဖောက်ကား တစ်စီးမီးလောင်ပါတယ်။

ဖားကန့်ရဲစခန်းတွေရဲ့ မှတ်တမ်းအရ နှစ်နှစ်အတွင်း လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်စဉ် ပေါင်း ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံးဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်ညပိုင်း ဖြစ်စဉ်ဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေသူ ငါးဦးသေဆုံးကာ ရဲတပ်ဖွဲ့အပါ အဝင် ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း လုံခြုံရေးနှင့် ရေမဆေးကျောက်ရှာဖွေသူကြားမှာ ပြဿနာဖြစ်ပွားလာတယ်လို့ ရေမဆေးရှာသူတွေက ဆိုပါတယ်။

ပဋိပက္ခဖြစ်ပွားနေစဉ် ရှောက်ရှိလာသော ရေမဆေးသမားများကို တွေ့ရစဉ်

ရေမဆေးတွေအတွက် နောက်ထပ်အကြီးဆုံး အန္တရာယ်က စွန့်ပစ်မြေစာပုံမှာ ကျောက်စိမ်းရှာရင်း         မြေပိသေတာ ဖြစ်ပါတယ်။ စာရင်း အတိအကျမရှိကြပေမယ့် ၂၀၀၇ ခုနှစ်နောက်ပိုင်း တဖြည်းဖြည်းများ လာတာကို မှတ်တမ်းတွေ ဒေသခံတွေ ပြောပြချက်အရ မနည်းလှတာကို တွေ့တွေ့ပါတယ်။ စာရင်းမှန်မရ နိုင်ပေမယ့် ရရှိထားတဲ့ အချက်အလက်တွေအရ ယန္တရားကြီးတွေနဲ့ တူးဖော်မှုများ ရှိလာပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်းမြေစာပိ၊ ကျောက်ခဲမှန် သေဆုံးတာဟာ တစ်နှစ် လူ ၆၀ အ ထက်မှာရှိခဲ့ပါတယ်။၂၀၁၅ ခုနှစ် တွင် နိုဝင်ဘာ ၂၁ ရက်က အများဆုံးဖြစ်ပြီး လူပေါင်း ၂၀၀ နီးပါး ပျောက်ဆုံးကာ စာရင်းပေးသူ ၁၃၀ ရှိသော်လည်း ၁၁၄ ဦးသာ ရှာဖွေနိုင်ခဲ့သည်။

ဖားကန့်ပြဿနာတွေကို မြင်တွေ့ဖြေရှင်းနေရသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက            “အဓိကဘာကြောင့် ဖြစ်တာလဲ မေးရင် ဆင်းရဲကြလို့ဖြေရမှာပါ။ သေတဲ့လူတွေ စုံစမ်းကြည့်ရင် ချမ်းသာတဲ့ လူမပါဘူး။  မြန်မာနိုင်ငံ အရပ်ရပ်က ဒီကိုလာပြီး လုပ်ကြတယ်။ အဓိက လောပန်း (သူဌေး) ဖြစ်ရေးပဲ။ ယနေ့ လက်လုပ်လက်စား မနက်ဖြန် သူဌေးကြီးဖြစ်နိုင်တာ ဒီတစ်ခုပဲရှိတာလေ။ ဒါကြောင့် အန္တရာယ်ရှိမှန်း သိသားနဲ့ လုပ်နေကြတာပဲ။ ကျွန်တော်တို့ဖားကန့်မှာ ကျောက်စိမ်းနဲ့ ပတ်သက်ပြီး လက်လုပ်လက်စားတွေ နှစ်သိန်းကျော်တယ်။ တစ်သိန်းခွဲလောက်က ကျောက်ရှာတယ်။ ငါးသောင်းတစ်သိန်းကျော်က ဈေးရောင်း၊ ကျောက်ရောင်းကျောက်ဝယ် လုပ်နေကြတယ်။ ကျောက်စိမ်း လောပန်းနဲ့နေတဲ့ လူကစားရေးပုံမှန် ရှိပေမယ့် လောပန်းမရှိတဲ့ ကျောက်ရှာသူဆိုရင် ကျောက်ရမှ ထမင်းစားရတာ။ ကျောက်ကလွဲပြီး တခြားဘာမျှမရှိတော့ ကျောက်စိမ်းမရှာရအောင် ပိတ်ပင်ဖို့တော့ လုံးဝမဖြစ်နိုင်ဘူး။ မြေပြိုဖြစ်စဉ်တွေ သုံးသပ်ကြည့်ရင် ညပိုင်းဖြစ်တာများတယ်။ မြေစာက လျှောပြိုနဲ့ တွင်းခေါင်းတူးရင် ကြံဖတ်ကွာသလို ပြိုတတ်တာ။ နေပိုင်းဆိုရင် မြေစာမှုန်တွေ ကျလာတာတွေ့နိုင်တယ်။ ဘယ်ကြော ပြိုနိုင်တယ်ဆိုတာ သိနိုင်တယ်” ဟု ပြောကြားသည်။

လက်အစိုးရလက်ထက်တွင် ကျောက်မျက်တူးဖော်သည့် သက်တမ်းကုန်ကုမ္ပဏီတွေကို လုပ်ကွက် ထပ်မံချထားပေးခြင်း မရှိဘဲ ရပ်ဆိုင်းကာ ကျောက်မျက်တူးဖော်သည့် ဥပဒေကြမ်းကိုလည်း ရေးဆွဲနေဆဲ ဖြစ်သည်။ ဥပဒေကြမ်းအား ယခု ပြဿနာများ မပေါ်နိုင်အောင် လုပ်ထာသည်ဟု အမျိုးလွှတ်တော်ကိုယ်  စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုက ဆိုပါသည်။ ၎င်းက “အခု ဥပဒေကြမ်းကို ဆွေးနွေးတုန်းပေါ့။ ကြားထဲမှာ ရခိုင်အရေးဖြစ်လို့ ကြာသွားတယ်။ အခုဥပဒေသစ်မှာ လုပ်ကွက်ကို အရင်လိုဧက ၅၀ မပေးတော့ဘူး။ ငါးဧက။ ပေါင်းယူလို့မရအောင် ကြားထဲမှာ ပေ ၂၀ လုပ်ထားတယ်။ EMP လို့ခေါ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စနစ်ကို လိုက်နာအကောင်အထည်ဖော်မှ လုပ်ငန်းချပေးမယ်။ အများအားဖြင့် လိုဏ်ခေါင်းတူးတဲ့ စနစ်ပေါ်လာမှာပါ။ အခုလည်း စမ်းသပ်တဲ့ ကုမ္ပဏီရှိတယ်။ အကျိုးအမြတ် မမြန်သလို ကုန်ကျစရိတ်လည်း နည်းလွန်းတယ်လို့ သိရတယ်။ အဲဒီ စနစ်ဖြစ်လာရင် ရေမဆေး လူတန်းစားက ပေါ်လာစရာ မရှိဘူးဥပဒေ အကောင်အထည်ဖော်ဖို့ရင် ငြိမ်းချမ်းရေးကလည်း ရှိဖို့လိုသေးတယ်။ မငြိမ်းချမ်းရင်က ဘာမှလုပ်လို့ရဦးမှာ မဟုတ်ဘူး” ဟု ဆိုသည်။

ဘယ်လိုအခြေအနေတွေ ရောက်ရောက် ဖွဲ့ဖြိုးဆဲတိုင်းပြည်ရဲ့ သယံဇာတမှန်သမျှ ကျိန်စာတွေနဲ့ တွဲလျက်ပါလာမြဲဖြစ်သည်။ အခြေအနေအရ ဖားကန့်မှာလူတွေ ဥပေစ္ဆဒကကံဖြင့် သေကြလိမ့်ဦးမည်။ ကျွန်တော်တို့ အားလုံးလည်း ဝမ်းနည်းခြင်းတရားတွေ တစ်ပွေ့တစ်ပိုက် ကြုံရပါဦးမည်။ ဖားကန့်ဒေသမှာ မြစ်ဖျားခံတဲ့ ဥရုမြစ်လည်း ဆက်လက်စီးဆင်းနေမည်သာ ဖြစ်သည်။