ဘယ်မောင်းစနစ်သာ တင်သွင်းရမည့် ကားမူဝါဒနှင့် အခြေခံလူတန်းစားများ၏ ကားအိပ်မက်

ဘယ်မောင်းစနစ်သာ တင်သွင်းရမည့် ကားမူဝါဒနှင့် အခြေခံလူတန်းစားများ၏ ကားအိပ်မက်
Published 22 October 2017

ပြည်ပမှ တင်သွင်းလာသော ကားများကို သီလဝါဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အောက်တိုဘာ ၁၆ ရက်တွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောကြီးကြပ်ရေး ကော်မတီက၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်နှင့် သက်ဆိုင်သော Model Year သတ်မှတ်ချက်နှင့် တင်သွင်းရမည့် ကားမူဝါဒများကို ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသို့တင်သွင်းသည့် ယာဉ်များမှာ၂၀၁၄ ခုနှစ်အနည်း ဆုံးဖြစ်ရမည်ဆိုသည့် သတ်မှတ်ချက်နှင့်အတူ ဘယ်မောင်းများကို တင်သွင်းရမည်ဆိုသည့်စနစ်မှာ ကားလောကတွင် များစွာရိုက်ခတ်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် လူအများဆုံးအသုံးပြုသည့်ယာဉ်များမှာ ညာမောင်းသည့် ဂျပန်နိုင်ငံ လုပ်ယာဉ်များဖြစ်ကြပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသည်မှာလည်း ထိုမော်တော်ယာဉ်များသာ ဖြစ်သည်။ အဆိုပါ မော်တော်ယာဉ်များမှာ ဂျပန်နိုင်ငံတွင် အသုံးပြုပြီးသည့် ယာဉ်များဖြစ်သော်လည်း အရည်အသွေး ကောင်းမွန်ခြင်းကြောင့် အများစုမှာ တင်သွင်းရောင်းချခဲ့ခြင်း ဖြစ်သည်။

ယခင်ကကားတင်သွင်းခွင့်မှာ လူတန်းစားတစ်ရပ်သာ တင်သွင်းနိုင်ခဲ့ခြင်းဖြစ်သော်လည်း ကားတင်သွင်းခွင့်ပြုလိုက်သည့် ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံမှ တစ်ပတ်ရစ်ကားများကို တင်သွင်းလာခဲ့ခြင်းဖြစ်ပြီး လက်ရှိကားဈေးကွက်အတွင်းရှိ ၉၅ ရာခိုင်နှုန်းခန့်မှာ ဂျပန်ကားဟောင်းများက နေရာယူထားခြင်း ဖြစ်သည်။

ယခုထုတ်ပြန်လိုက်သည့် မူဝါဒကြောင့် ညာမောင်းအများစုဖြစ်သည့် ဂျပန်ကားများအား တင်သွင်းခွင့်ရရှိတော့မည် မဟုတ်ဘဲ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ထားသည့်ကား Show Room များတွင် ရောင်းချလျက်ရှိသည့် ဘယ်မောင်းပြုလုပ်ထားသည့် ကိုရီးယားကားများနှင့် တရုတ်ကားများကိုသာ ဝယ်ယူအသုံးပြုရတော့မည် ဖြစ်သည်။

 

မူဝါဒဘာကြောင့် ထုတ်သလဲ

ယခုထုတ်ပြန်ခဲ့သည့် မူဝါဒမှာ Auto Policy ရေးဆွဲခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက လာမည့် သုံးနှစ်တွင် ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ရတော့မည်ဟု  ပေါ်လစီ ချမှတ်ထားခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မှစတင်အသက်ဝင်တော့မည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ လမ်းများမှာ ဦးနေဝင်းလက်ထက်က ပြောင်းလဲခဲ့သည့် လက်ယာမောင်းစနစ် ဖြစ်သဖြင့် ယာဉ်တိုက်ခိုက်မှုပိုများခြင်းကြောင့် ယခုကဲ့သို့ ဘယ်မောင်း မော်တော်ယာဉ်များကိုသာ တင်သွင်း အသုံးပြုရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြုပ်နှံမည့်ကား ကုမ္ပဏီများအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။

“ပြည်ပကလာတဲ့ လူတစ်ယောက် ဒါနိုင်ငံတကာနဲ့ကိုယ့်နိုင်ငံရဲ့ လမ်းစနစ်တွေ။ တင်သွင်းတဲ့ကားတွေနဲ့ စနစ်တကျ ဆောင်ရွက်ထားတယ်ဆိုရင် စနစ်ရှိခြင်းပေါ့နော်။ စနစ်ကောင်းခြင်းဆိုတဲ့ ပုံရိပ်တစ်ခုကတော့ သေချာပေါက်ရမှာပါ။ ဒါရင်းနှီးမြှုပ်နှံမှုလာတာ မလာတာ ခဏထားလိုက်ဦး။ ရင်းနှီးမြှုပ်နှံမှု လာတယ်ဆိုတာ တခြားကိစ္စ။ ရင်းနှီးမြုပ်နှံမှုလုပ်တယ်ဆိုတာက ကားတစ်ခုကို စက်ရုံမှာလာထုတ်မယ်ဆိုရင် သန်းနဲ့ချီပြီးတော့ ရင်းနှီးမြှုပ်နှံရမယ်။ အဲဒီလိုသန်းနဲ့ချီပြီး ရင်းနှီးမမြှုပ်နှံရင် Market ကို Survey လုပ်တယ်။ Market ကို Rearch လုပ်ရတယ်။ အဲဒါသည်ဘာနဲ့ လုပ်လဲဆိုတော့ ဈေးကွက်မှာ သူ့ကားတွေကို လာရောင်းပြီးတော့ လုပ်တယ်။ အဲဒီတော့ အဲဒါကဘာလဲဆိုရင် အရောင်းပြခန်းတွေလိုတယ်။ အရောင်းပြခန်းတွေကို ကျွန်တော်တို့ကဖွင့် ခွင့်တွေပေးထားတယ်။ အဲဒီတော့ အဲဒါတွေဖက်စပ်လည်း လုပ်လို့ရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားပဲ လုပ်ခွင့်ရှိတယ်ဆိုတဲ့ဟာတွေ အခွင့်အရေးလည်းပေးထားတယ်။ ကြီး/ ကော်အနေနဲ့ မော်တော်ယာဉ် တင်သွင်းရေးဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အနေနဲ့ပေါ့နော်။ အဲဒီတော့ ဘယ်လိုသွားလဲဆိုတော့ အရောင်းပြခန်းဖွင့်တယ်။ သူ့ရဲ့မားကတ် ဆိုက်တစ်ခုရလာပြီဆိုရင် ထုတ်လုပ်ခြင်းဘက်ကို ကူးပြောင်းဆိုတဲ့အပိုင်းကို တစ်ဆင့်ချင်း သွားနေတယ်။ ချက်ချင်းလုပ်တာ တွေတော့ရှိပါတယ်။ နစ်ဆန်းဆို ချက်ချင်းအပြိုင်လုပ်တာပေါ့။ အဲဒီတော့အများစုကတော့ အဲဒီလိုလုပ်တဲ့ သဘောရှိတဲ့အတွက်ကြောင့် အခုလည်း ကျွန်တော်တို့ဆီမှာ နောက်ထပ် ကျွန်တော်တို့ဆီကို အရောင်းပြခန်းတွေ လာဖွင့်ဖို့လာရောက် စုံစမ်းတာတွေ။ မကြာခင်ဖွင့်တော့မယ်။ တည်ဆောက်နေတယ်။ ပေါ်လစီလာမေးတာတွေ ရှိနေတယ” ဟု ဦးမင်းမင်းက ပြောကြားသည်။

ယခုထုတ်ပြန်လိုက်သည့် ပေါ်လစီမှာ ပြည်ပရင်းနှီးမြုပ်နှံမှုများအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်စေရန် ချမှတ်ပေးခြင်းဖြစ်ပြီး ပြည်ပမှ မော်တော်ယာဉ်များ ပြည်တွင်းအခြေစိုက် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့က ပတ်ဝန်းကျင်ကောင်းတစ်ခု လုပ်ပေးလိုက်တယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ သူတွေအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့က ဖော်ဆောင်ပေးတယ်။ ခုဆိုမြင်ရပြီပေါ့။ ဒါဆိုရင် မြန်မာပြည်ရဲ့စနစ်က ဘယ်ကိုသွားမှာလဲဆိုတာ မြင်ရပြီ။ ဦးတည်ချက်ကို မြင်ရပြီဆိုရင် ရင်းနှီးမြှုပ်နှံတဲ့သူက လာတော့မယ်။ လာတဲ့အခါမှာ သူ့အတွက်အဆင်သင့်ဖြစ်အောင် မူဝါဒလိုတယ်။ ကားလုပ်ငန်းက တကယ်တမ်းပြောရင် အရမ်းရင်းနှီးမြှုပ်နှံမှု Show Business လုပ်ရတယ်။ Brand Image နဲ့ အညီလှပအောင် လုပ်ရတယ်။အဲဒီအတွက်ကြောင့် ပိုက်ဆံကုန်ရတယ်။ ပြီးရင် တစ်ခါကားတစ်စီး ရောင်းပြီးသွားလို့ရင် သူက Warranty ရှိနေသရွေ့ တာဝန်ယူရတယ်။ ဘယ် Spare Part တွေကို အလကားလုပ်ပေးမယ်။ ဘယ်ဟာကို လက်ခမယူဘူး စသဖြင့် ဒါတွေကို သူတာဝန်ယူရတယ်။ နောက်တစ်ခုက အဲဒီလိုလုပ်ဖို့ Spare Part ကို သူရဲ့ ဂိုဒေါင်မှာ အမြဲထားရတယ်။ ဆိုတော့ အဲဒီရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရတဲ့အတွက်ကြောင့် ကြီးပါတယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ကား Show Room ၂၀ ခန့်ဖွင့်လှစ်ခွင့်ပြုထားပြီး ထပ်မံလျှောက်ထားလျက်ရှိသည့် Show Room များလည်းရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအနက် ယခင်နှစ်က ကားတင်သွင်းမှုမှာ ထိပ်ဆုံးတွင်ရှိနေခဲ့ပြီး ဆေးဝါးတင်သွင်းမှုထက် ငါးဆခန့်ပိုများကြောင်း၊ ကားနှင့်တွဲဖက် စက်သုံးဆီ တင်သွင်းမှုမှာလည်း ပိုမိုများပြားလျက်ရှိကြောင်း ဦးမင်းမင်းက ဆက်လက်ပြောကြားသည်။

“ဆေးဝါးထက် မော်တော်ယာဉ်တင်သွင်းမှုက ပိုများနေတယ်ဆိုတာက သိပ်မဟုတ်ဘူးပေါ့” ဟု ဦးမင်းမင်းက ပြောကြားသည်။

ပေါ်လစီထွက်ပေါ်လာအပြီး ကားလောကမှာ ဘာတွေဖြစ်သလဲ

ထိုသို့ မော်ဒယ်သတ်မှတ်ချက်နှင့် ဘယ်မောင်းစနစ်သာ တင်သွင်းရမည်ဟု ထွက်ပေါ်လာအပြီးတွင် ကားဈေးကွက်အတွင်းရှိ ဂျပန်တစ်ပတ်ရစ်ကားများ ဈေးနှုန်းမြင့်တက်လာခဲ့သည်။

သို့သော် ဈေးကွက်အတွင်းရှိ ယာဉ်များနှင့်ဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေမှာ လက်ရှိတွင်ပိုလျှံလျက်ရှိခြင်းကြောင့် ဈေးနှုန်းများမှာ များစွာမြင့်တက်ခဲ့ခြင်းမရှိကြောင်း မော်တော်ယာဉ်ရောင်းဝယ်သူများထံမှ သိရသည်။

“ဈေးကွက်ထဲမှာရှိတဲ့ ကားနဲ့ သုံးစွဲဝယ်ယူမယ့်သူနဲ့ ယှဉ်ရင်လက်ရှိကတော့ ပိုတောင်ပိုနေတယ်။ အရောင်းအဝယ်လည်း မရှိသေးဘူး။ အရောင်းအဝယ်ဖြစ်တာက နည်းနည်းလောက်ပဲရှိတယ်။ ဈေးကတော့ အရင်ကလို ၅၀ လောက် ခုန်တက် သွားတာမရှိဘူး။ တက်တာက ၂၀ လောက်ပဲ တက်သွားတယ်။ ပျမ်းမျှပေါ့။ အတက်လည်းမကြမ်းသလို အရောင်းအဝယ်လည်း သိပ်မဖြစ်ဘူး။ လူတွေက စောင့်ကြည့်နေတာလည်း ပါသလို စီးပွားရေးကြောင့်လည်းပါမယ်” ဟု မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောကြားသည်။

ကားဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းမရှိသော်လည်း အောက်တိုဘာ ၁၇ ရက်တွင် တရိပ်ရိပ်မြင့်တက်လာခဲ့သည့် စလစ်ဈေးများမှာ အဆမတန် မြင့်တက်သွားပြီး အောက်တိုဘာ၂၁ ရက် ဈေးနှုန်းအရ စလစ်ဈေးမှာကျပ်သိန်း ၁၄၀ နီးပါးခန့် မြင့်တက်လာခဲ့သည်။

ယခင်က စလစ်ဈေးမှာကျပ်သိန်း ၁၂၀ ခန့်သာ ရှိခဲ့သော်လည်း မူဝါဒ ထုတ်ပြန်အပြီးတွင် ယခုကဲ့သို့ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မြင့်တက်ခြင်းမှာ ကျဆင်းနိုင်ဖွယ် မရှိဘဲ နှစ်ကုန်ပိုင်းတွင် စလစ်ဈေးကျပ် သိန်း ၁၅၀ ကျော်အထိ မြင့်တက်လာဖွယ်ရှိနိုင်ကြောင်း မော်တော်ယာဉ်ရောင်းဝယ်သူများက ပြောကြားသည်။

ထိုသို့ စလစ်ဈေးနှုန်း မြင့်တက်လာခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမင်းမင်းက “ကားဆိုတာက နောက်နှစ်အထိ ထားလို့ရတယ်။ ထားပြီးလာဝယ်တဲ့ အချိန်ကျမှ စလစ်လိုမှာ။ အဲဒီတော့ စလစ်ကိုခင်ဗျားက အရေးတကြီး ဝယ်စရာလိုသလား။ မလိုဘူး။ ဒါပေမဲ့ အခုဘာဖြစ်လို့ စလစ်အရေးတကြီးလို နေကြတာလဲ။ အဲဒီအရေးတကြီး လိုတယ်ဆိုတဲ့ လူတွေက ငါကတော့ ဒီကားကို ပါစင်နယ်သွင်းပြီးတော့ ပြန်ရောင်းစားမယ်ဆိုတဲ့ မှတ်ပုံတင်မထားတဲ့ လူတွေဖြစ်တယ်။ ဒါကို ကျွန်တော်က ကွဲကွဲပြားပြား ရှင်းပြချင်တယ်။ အဲဒီလိုလုပ်တဲ့ အတွက်ကြောင့် ဘာဖြစ်သွားသလဲဆိုတော့ ဈေးမှာလာပြီးတော့ ကမောက်ကမ ဖြစ်စေတာပေါ့။ စလစ်လိုအပ်ချက်က ရုတ်တရက်ကြီး ဒါမျိုးဖြစ်တယ်။ ဒီသဘောတရားလေးကို နားလည်စေချင်တယ်။ အဲဒီတော့ မှတ်ပုံတင်ထားတဲ့ Show Room တွေကို ကျွန်တော်တို့အခု လိုင်စင်ပေးနေတယ်။ သူတို့က စလစ်မလိုဘူးလေ။ သူတို့က သွင်းမယ်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ကို ကားဘယ်နှစ်စီး ရောက်ပြီဆိုပြီး အကြောင်းကြားမယ်။ ရောင်းတဲ့နေ့မှာ စလစ်လိုမယ်။ အဲဒီတော့ရောင်းတဲ့နေ့သည် နောင်နှစ် ခြောက်လပိုင်း ဖြစ်ရင်ဖြစ်မယ်။ နှစ်ကုန်ပိုင်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီအချိန်ကျမှ စလစ်လိုမယ်လေ။ အခုစလစ်လိုက်ဝယ်ပြီး စလစ်ဈေးတက်တယ်ဆိုတာက ပြည်သူဘယ်နှယောက်က ငါအခု ကားဝယ်ရင်ကောင်းမယ်ဆိုပြီးတော့ ဝယ်တဲ့သူ ဘယ်နှယောက်ပါမလဲ” ဟု ဦးမင်းမင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ထားသည့် ကားကုမ္ပဏီများမှာ ယာဉ်ဝယ်မည့်သူရှိပါက စလစ်ရောင်းချမည့်သူကို ရှာဖွေရပြီး အဆိုပါစလစ်အား ပြန်လည်ဝယ်ယူကာ မော်တော်ယာဉ်ဝယ်မည့်သူများကို ရောင်းချနေရခြင်း ဖြစ်သည်။

 

မော်တော်ယာဉ်မူဝါဒ ဘယ်မောင်းနှင့် ပတ်သက်၍ အဆင်သင့်ဖြစ်ပြီလား

လက်ရှိအခြေအနေများအရ အသစ်ချမှတ်လိုက်သည့် မော်တောယာဉ်မူဝါဒနှင့် ပတ်သက်၍ အဆင်သင့် မဖြစ်နိုင်သေးကြောင်း မော်တော်ယာဉ်ရောင်းဝယ်သူများက တစ်ညီတစ်ညွတ်တည်း သုံးသပ်ပြောကြားသည်။

“ကားတင်သွင်းခွင့် မရှိတုန်းကလည်း ကားအရောင်းအဝယ်က ရှိခဲ့တာပဲ။ ဘယ်ပဲလာလာ ညာပဲလာလာ ယာဉ်ရောင်းဝယ်တဲ့ သူတွေကတော့ ဈေးကွက်လိုအပ်ချက်အတိုင်း အရောင်းအဝယ်ရှိနေမှာပဲ။ မေးစရာရှိတာကဒီမူဝါဒက ပြည်သူကို ပြန်ငဲ့ကြည့်ဖို့ လိုအပ်တယ်။ သူတို့ကို အဆင်ပြေစေလားဆိုတာ တစ်ချက်လောက် ကြည့်စေချင်တယ်။ တိုင်းပြည်က ချမ်းသာနေရင်တော့ မင်းတို့အသစ်ပဲစီးကွာ။ အဟောင်းတွေမစီးနဲ့ ပြောလို့ရတယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာက ကိုရီးယားကားအသစ်နဲ့ ဂျပန်ကားအဟောင်းဆို ဂျပန်ကားအဟောင်းပဲလူတွေက ကြိုက်တယ်။ အသစ်ကို မယူဘူး။ ရန်ကုန်မြို့မှာ ယာဉ်ရောင်းဝယ်ရေး စခန်း ၂၃ ခုရှိတယ်။အစီးရေ ၇၀၀၀ ရှိတယ်။ ဘယ်ကိုင်းနဲ့ ၁၀ စီးပြည့်အောင် မရှိဘူး။ အဲဒါဆိုပြည်သူတွေက ဘာကြိုက်လဲဆိုတာသိပေါ့။ မန္တလေးသားဆို ဘယ်ကိုင်းကို အလကားပေးတာတောင် မယူဘူး” ဟု မော်တော်ယာဉ်ရောင်းဝယ်ရေး အသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌဦးအောင်သန်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်မောင်းနှင်သူ အများစုမှာနှစ်ပေါင်း ၆၀ နီးပါးရှိသည့် ညာမောင်းယာဉ်များနှင့်သာ ယဉ်ပါးလာခဲ့ခြင်းကြောင့် ယခုကဲ့သို့ ချမှတ်ထားသည့် မူဝါဒမှာ အခက်အခဲများတွေ့နိုင်ကြောင်း၊ ထို့ပြင် မော်တော်ယာဉ် အရည်အသွေးမှာလည်း ဂျပန်တစ်ပတ်ရစ် မော်တော်ယာဉ်များမှာ အသစ်ဖြစ်သည့် အခြားနိုင်ငံထုတ်ယာဉ်များနှင့် ယှဉ်နိုင်ကြောင်း မော်တော်ယာဉ်မောင်းနှင်သူများက သုံးသပ်ပြောကြားသည်။

“ညာကိုင်းကနေ ဘယ်ကိုင်းပြောင်းမောင်းရရင် ယာဉ်အယူအဆတွေမှာ ကွာတယ်။ ညာကိုင်းဆိုတာက ကျွန်တော်တို့နဲ့ ယဉ်ပါးနေတဲ့ အရာလေ။ ဘယ်ကိုင်းဆိုတာက အသစ်ပဲ။ ထမင်းစားရင် ညာဘက်နဲ့ စားနေတဲ့သူက ဘယ်ဘက်နဲ့ ပြောင်းစားရင် အဆင်မပြေသလိုပဲ။ အသားကျအောင် ကျင့်ရမှာက လူကိုမထိခိုက်ရင်တော့ ကောင်းတာပေါ့။ ကားဆိုတဲ့အရာက သတိထားမောင်းရင်းနဲ့တောင် ဖြစ်နေတာတွေ အများကြီးပဲ။ ကျွန်တော်ကတော့ မစမ်းရဲဘူး” ဟု အငှားယာဉ်မောင်းနှင်ခြင်းကို ၁၀ နှစ်ကျော်ကြာ လုပ်ကိုင်လျက်ရှိသည့် ဦးရဲဝင်းထွန်းက ပြောကြားသည်။

ယခုချမှတ်လိုက်သော မော်တော်ယာဉ်မူဝါဒမှာ ရန်ကုန်မြို့တွင် ဖြစ်ပျက်နေသည့် မော်တော်ယာဉ်အခြေအနေများကို သုံးသပ်၍ ချမှတ်ထားခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ပြီး ခြုံငုံသုံးသပ်ထားသည့် မူဝါဒမဟုတ်ကြောင်း မော်တော်ယာဉ်ရောင်းဝယ်သူများထံမှ သိရသည်။

“ကျွန်တော်တို့နယ်မှာ အခုသွင်းရမယ်ဆိုတဲ့ ဘယ်မောင်းကိုသွင်းပြီး မောင်းရမယ်ဆိုရင် အုံနာကတော့ အိတ်စိုက်ပဲ။ ရတာကို ကားပြင်ရတာနဲ့မွဲမှာပဲ။ အခု သုံးနေတာက ဂျပန်ကား အကြမ်းခံတယ်။ တော်ရုံနဲ့ မပျက်ဘူး။ ဘယ်မောင်းမှာ အများစုက ကိုရီးယားနဲ့ တရုတ်ပဲရှိတယ်။ ဥရောပကားကျတော့ ငွေမမီဘူး။ အဲဒါက ရန်ကုန်တစ်မြို့တည်းကို ကြည့်ပြီးရေးထားတာဖြစ်နေတော့ နယ်ဘက်က လူတွေအတွက်က အဆင်မပြေဘူး” ဟု အမည်မဖော်လိုသည့် ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိထုတ်ပြန်လိုက်သည့် မူဝါဒမှာ ရန်ကုန်မြို့တွင် ကျပ်တည်းလာသည့် ယာဉ်များလျှော့ချရန်နှင့် ပြည်တွင်းထုတ် မော်တော်ယာဉ်များကို အားပေးရန်ဟူသည့် ရည်ရွယ်ချက်များ ပါရှိနိုင်ကြောင်း၊ သို့သော် ယခင်ကလည်း ပြည်တွင်းထုတ်လုပ်မှုဟုဆိုကာ စက်မှုဇုန်ကားများကို ထုတ်လုပ်ခဲ့ခြင်းများ ရှိသော်လည်း အောင်မြင်မှုမရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည့် ဖြစ်စဉ်များလည်းရှိကြောင်း ဦးအောင်သန်းဝင်းက သုံးသပ်ပြောကြားသည်။

“အမှန်ကတော့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ချင်တာလည်း ပါတာပေါ့။ ပြီးတော့ ပြည်တွင်းထုတ်ကို အားပေးဆိုတဲ့မူလည်း ပါတာပေါ့။ သိသလောက်ကတော့ အခုထိ ဒီမှာစက်ရုံနဲ့လာတည်ပြီး ထုတ်နေတဲ့ကားကုမ္ပဏီက မရှိသလောက်ပဲ။ အရင်စက်မှုဇုန်ကား တွေတုန်းကတော့ ကောင်းလား မကောင်းလားဆိုတာက အဖြေရှိခဲ့တယ်လေ။ နောက်ဆုံးတော့ အရည်ကျိုတဲ့အထဲပဲ ရောက်ကုန်တာပဲ” ဟု ဦးအောင်သန်းဝင်းက ပြောကြားသည်။

 

အခြေခံလူတန်းစားများ၏ ကားအိပ်မက် အလှမ်းဝေးပြီလား

မူဝါဒချမှတ်ထားခြင်းသာ ရှိနေသေးသည့်အချိန်တွင် ဈေးကွက်အတွင်းရှိ ဂျပန်တစ်ပတ်ရစ်ကားများမှာ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်ပမှ ကားတင်သွင်းခွင့်ပြုလိုက်ပြီးနောက်ပိုင်း ကားဈေးနှုန်းများ ပြုတ်ကျလာခဲ့ပြီး ပြည်တွင်း လူကြိုက်များခဲ့သည့် ဟွန်ဒါဖစ်တစ်စီး သိန်း ၁၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့သည်။ အငှားယာဉ်လောကတွင် လူကြိုက်များလျက်ရှိသည့် ပရိုဘောက် တစ်စီးလျှင် ကျပ်သိန်း ၉၀ မှာအများဆုံး ဖြစ်ခဲ့သည်။

သို့သော် မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒများ တည်ငြိမ်မှု မရှိခြင်း၊ ထွက်ပေါ်လာသည့် ပေါ်လစီများမှာ ကိုက်ညီမှု မရှိခြင်းများကြောင့် မော်တော်ယာဉ်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး လက်ရှိတွင် ဟွန်ဒါဖစ်တစ်စီးလျှင် ကျပ်သိန်း ၁၅၀ ကျော်၊ ပရိုဘောက်တစ်စီးလျှင် အက္ခရာတန်းဖြစ်ပါက ကျပ်သိန်း ၁၆၀ ခန့်အထိ မြင့်တက်လာသည်ကို တွေ့ရသည်။

ပြောင်းလဲထားသည့် မူဝါဒအရဆိုလျှင် မော်တော်ယာဉ် ဘယ်မောင်းတစ်စီး ဝယ်ယူစီးနင်းမည် ဆိုပါက ကျပ်သိန်း ၂၀၀ ကျော် အသုံးပြုရမည့် အခြေအနေ ဖြစ်သည်။

ဆူဇူကီးကုမ္ပဏီမှ ထုတ်လုပ်သည့် Artigea တစ်စီးလျှင် ကျပ်သိန်း ၂၃၀ အထက် ရှိနေသည်ကို တွေ့ရသည်။

“အခုပုံစံအတိုင်းဆိုရင်တော့ ဈေးကွက်ထဲက ဂျပန်ကားတွေ ဈေးကျဖို့ဆိုတာ မမြင်ဘူး။ သွင်းခွင့်မရတော့ လက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ ကားတွေက တော်တော်လေးကို ဟောင်းမှပဲ ဈေးကျမယ်။ ဂျပန်ကားကတော့ ဈေးမာတယ်။ ဈေးကွက် လိုအပ်ချက်ရှိနေလို့ ဈေးကျဖို့ဆိုတာကတော့ သိပ်မမြင်ဘူး” ဟု ဦးအောင်သန်းဝင်းက ပြောကြားသည်။

လက်ရှိဈေးကွက် ပေါက်ဈေးအရ သိန်း ၂၀၀ အထက်တွင်ရှိသည့် တိုယိုတာ Alphard အမျိုးအစားနှင့် ဘယ်မောင်းတရုတ်ကားနှင့် ကိုရီးယားကား အသစ်များမှာ အရည်အသွေးပိုင်းများမှာ တန်းတူယှဉ်နိုင်မလား ဆိုသည်မှာ မေးခွန်းထုတ် စရာတစ်ခုဖြစ်ကြောင်း ယာဉ်ရောင်းဝယ်သူများက သုံးသပ်ပြောကြားသည်။

“ဂျပန်ကား ညာမောင်းသွင်းခွင့် မရဘူးဆိုရင် သူကဈေးကွက် တောင်းဆိုမှုလည်းရှိနေမယ်ဆိုရင် ဈေးကတော့ မာနေမှာပဲ။ ကျမယ်ဆိုတာ မမြင်ဘူး။ မိသားစုတစ်စု ကားတစ်စီးပိုင်ဖို့ ဆိုတာတော့ တော်တော်ဝေးသွားပြီ။ မူဝါဒပြောင်းမယ်ဆိုရင်တော့ မပြောတတ်ဘူး။ ဒီပုံအတိုင်း သွားမယ်ဆိုရင်တော့ မလွယ်တော့ဘူး” ဟု မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်နေသည့် ကိုအောင်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ကျဆင်းလျက်ရှိသည့် အခြေအနေကြောင့် ကားဈေးကွက်မှာလည်း လုပ်လီလုပ်လဲ့ဖြင့် ဆက်သွားနေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူများစုမှာလည်း ကားစီးနိုင်မည့် အခြေအနေမှာလည်း ဝေးကွာသွားမည်သာ ဖြစ်သည်။