မြန်မာ့စီးပွားရေးကို အာရုံပြုရန် အချိန်ကျပြီ

မြန်မာ့စီးပွားရေးကို အာရုံပြုရန် အချိန်ကျပြီ
Published 8 October 2017

အာရှသတင်းကွန်ရက် (ANN) အဖွဲ့၏ အလှည့်ကျ Editorial ကဏ္ဍအတွက် Eleven Media Group ၏ တာဝန်ခံအယ်ဒီတာက အင်္ဂလိပ်ဘာသာဖြင့် ရေးသားပေးခဲ့ပြီး အောက်တိုဘာ ၇ ရက်က စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာက ဖော်ပြထားသည်ကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်ပါသည်။ ANN သည် အာရှနိုင်ငံများမှ Eleven Media Group အပါအဝင် ထိပ်တန်းမီဒီယာပေါင်း ၂၂ ခုဖြင့် ဖွဲ့စည်းထားပြီး ကမ္ဘာ့အကြီးဆုံး မီဒီယာမဟာမိတ်အဖွဲ့တစ်ခုဖြစ်သည်။

The Straits Times သတင်းစာ၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားပုံကို တွေ့ရစဉ်

မကြာသေးမီ သီတင်းပတ်များအတွင်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော ရွေးကောက်တင်မြှောက်ခံ အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးနှင့် ပတ်သက်၍ ရပ်တည်ချက်အပေါ် လူပြောများလာခဲ့ပြီး ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့် မြန်မာအရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များအား အာရုံစိုက်လာကြသည်။

သို့သော် မြန်မာနိုင်ငံအတွင်း၌ စိုးရိမ်နေကြသည်ကား စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ဖြစ်သည်။

မကြာသေးမီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးစီးပွားရေးအကြံပေးဖြစ်သူ Macquarie တက္ကသိုလ်မှ ပါမောက္ခ ရှောင်တာနယ်သည် Myanmar's Economy 2017: Taming Dragons, Finding Tigers ဟု အမည်တပ်ထားသော သူ၏ဆွေးနွေးမှုတွင် မြန်မာ့စီးပွားရေးနှင့် ပတ်သက်၍ အကောင်းမြင်သည့် အနေအထားတစ်ရပ်ကို ဖော်ပြခဲ့သည်။ သူက NLD အစိုးရသည် ယခင် ဦးသိန်းစိန်အစိုးရအဖွဲ့၏ နောက်ဆုံးနှစ်များအတွင်း ရုတ်တရက် အရှိန်မြှင့် သုံးစွဲမှုများပြီးနောက် မြန်မာနိုင်ငံကို စီးပွားပျက်မည့်ဘေးမှ ကယ်တင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ယခင်အစိုးရသည် အသုံးအဖြုန်းကြီးခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဘတ်ဂျက်လိုငွေပြမှု ဂျီဒီပီ၏ ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်စေခဲ့ကာ ငွေစက္ကူများ ရိုက်နှိပ်ခြင်းမှနေ၍ ငွေရရှိအောင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ပါမောက္ခ တာနယ်က NLD အစိုးရသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဘတ်ဂျက်လိုငွေပြမှုကို ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်ဟု ဆိုသည်။ သူက ယခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုသည် ၆ ဒသမ ၉ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ပြီး ကမ္ဘာ့အမြန် ဆုံးတိုးတက်သည့် ထိပ်ဆုံး ငါးနိုင်ငံထဲ၌ ပါဝင်သွားလိမ့်မည်ဖြစ်ကြောင်း အကောင်းမြင်စွာ ခန့်မှန်းခဲ့သည်။

တာနယ်၏ မှတ်ချက်များကို ပဲ့တင်ထပ်လျက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မြန်မာ နိုင်ငံ၏ စီးပွားရေးသည် ၂၀၁၆ ခုနှစ်တွင် ပြေးလမ်းပေါ်တွင်ရှိနေသည့် လေယာဉ်တစ်စင်းနှင့်တူကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ပျံတက် ရန် အသင့်ရှိကြောင်း ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် ပြုလုပ်သော ဖိုရမ်တစ်ခု၌ ပြောကြားခဲ့သည်။ ဝန်ကြီးက ရှိသည့်အစွမ်းအစနှင့် မီးကုန်ယမ်းကုန် ကြိုးစားပြီး စီးပွားရေး ထောင်တက်နိုင်အောင် ဦးမော့နိုင်အောင် ရည်မှန်းကြိုးစားသွားမည်ဟုလည်း ပြောကြားခဲ့သည်။

သို့သော် ကမ္ဘာ့ဘဏ်၏ Myanmar Economic Monitor အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏စီးပွားရေးသည် ၂၀၁၆-၂၀၁၇ တွင် တိုးတက်မှု နှေးကွေးသွားကြောင်းနှင့် ယခင်နှစ်က ၇ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၁၆-၂၀၁၇ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ အတန်အသင့် ကျဆင်းသွားကြောင်း ခန့်မှန်းခဲ့သည်။

လမ်းများပေါ်၌ သာမန်ပြည်သူများသည် နေ့စဉ် ကုန်ဈေးနှုန်းများ တက်နေမှုနှင့် ပတ်သက်၍ ညည်းညူနေကြပြီး လုပ်ငန်းများအနေဖြင့်လည်း အစိုးရ၏ စီးပွားရေး ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကောင်းပြောစရာ ရှားပါးနေသည်။

မြန်မာအရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးကို ပထမဦးစားပေးအဖြစ် အာရုံစိုက်နေပုံရပြီး သူ့အား ထောက်ခံသူများကမူ စီးပွားရေးကို အာရုံစိုက်လာတော့မည်ဟု ပြောဆိုကြသည်။

NLD အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အသစ်ထူထောင်ရန် နှေးကွေးခဲ့သည်။ စီးပွားရေးလုပ်ဆောင်ချက်အမျိုးမျိုးကို ကြေညာရန် အစိုးရအဖြစ် တာဝန်ယူပြီးနောက် ခြောက်လ အချိန်ယူခဲ့ရသဖြင့် သိသိသာသာ ကြန့်ကြာခဲ့သည်ဟု ဆိုနိုင်သည်။

အစိုးရအဖွဲ့သစ် ဖွဲ့စည်းပြီးနောက် လေးလအကြာ လွန်ခဲ့သည့်နှစ် ဇူလိုင် ၂၉ ရက် တွင် အချက် ၁၂ ချက်ပါသည့် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ ထွက်ပေါ်လာသည်။ ယင်း ၌ အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ပါဝင်နေသည်။ မူဝါဒ အကြမ်းဖျင်းဖော်ပြချက်များသည် အတော်အတန် ေ၀ဝါး၍နေသည်။

သာမန်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှုနှင့်အတူ ယင်းကို လူထုအခြေပြုမူဝါဒအဖြစ် ပုံဖော်ထားသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ သဘာဝရင်းမြစ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြည်နယ်များနှင့် တိုင်းဒေသကြီးများအကြား ရင်းမြစ်များ တန်းတူညီမျှ  ခွဲဝေချထားစေနိုင်မည့် စီးပွားရေးမူဘောင်တစ်ရပ် ထူထောင်ရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်ချက်များအပေါ် အကြီးအကျယ် မျှော်လင့်ထားသည်။

ရုတ်တရက်ကြည့်လျှင် NLD အစိုးရ၏ မူဝါဒသည် ယခင်အစိုးရ၏ မူဝါဒများကို ပြန်လှန်ပစ်သည့်အလား ထင်ရသည်။ အစိုးရ စီမံချက်အများအပြားကို ရပ်ဆိုင်းခဲ့ပြီး အများအပြားကို ပြန်လည်သုံးသပ်စေခဲ့သည်။  ငွေပေးချေမှုများ တုံ့ဆိုင်းသွားပြီး ဆောက် လုပ်ရေးလုပ်ငန်းအချို့ ရပ်ဆိုင်းခဲ့ရသည်။

၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ၎င်းတာဝန်ယူထားသော နယ်မြေ  ဖြစ်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်အတွင်း အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်မှုကို ရပ်ဆိုင်းထားရန်နှင့် ပြန်လည်သုံးသပ်ရန် အမိန့်ပေးခဲ့သည်။ ယင်းက ဆောက်လုပ်ရေးလုပ်ငန်းများကို ထပ်မံချည့်နဲ့ သွားစေခဲ့သည်။

စီးပွားရေးမူဝါဒကို ဦးစားပေးအဖြစ် အလေးအနက်ထားမှု လျော့နည်းသည်ဟုလည်းကောင်း၊ လုပ်ဆောင်ရာတွင် လက်သင်ပုံစံဆန်ဆန် ချဉ်းကပ်သည်ဟု လည်းကောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ လူများစွာတို့က ဝေဖန်ခဲ့ကြသည်။

လုပ်ငန်းအခွင့်အလမ်းများ ခန်းခြောက်နေပြီး အခွန်များ တိုးမြှင့်ကောက်ခံမှုကြောင့် တစ်ချိန်က အခွင့်ထူးခံခရိုနီများဟု ခေါ်ဆိုခံရသူများ အပါအဝင် မြို့မှ လူပေါင်းများစွာတို့က ဘဝသည် ယခင်ကအတိုင်း ကျပ်တည်းလျက်သာ ရှိသည်ဟု ပြောဆိုကြသည်။

အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် တစ်နှစ်အကြာတွင် ဝန်ကြီးများက ၎င်းတို့သည် စီးပွား ရေးပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ အလေးအနက်ထားပြီး မက်ခရိုစီးပွားရေး တည်ငြိမ်မှုရအောင် ဆောင်ရွက်လျက် အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SMEs) ဖွံ့ဖြိုးလာရေးကို အားပေးကာ မိုက်ခရိုအဆင့် ၌ ပုဂ္ဂလိကကဏ္ဍများ ချေးငွေပိုမိုရရှိမှု အာမခံချက်ရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

ပါမောက္ခ တာနယ်က မကြာသေးမီက ပြုလုပ်ခဲ့သော စီးပွားရေးဖိုရမ်တစ်ခုတွင် မြန်မာအစိုးရသည် မကြာသေးမီ လများအတွင်း အရေးကြီးသည့် ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု အမြောက်အမြားကို စတင် ပြုလုပ်ခဲ့ကြောင်းနှင့် ပုဂ္ဂလိကဘဏ်များအ တွက် အရင်းအနှီးလိုအပ်ချက်များနှင့် ငွေပေါ်လွယ်မှု အချိုးများကို ပိုမိုတင်းကျပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဧပြီလတွင် အစိုးရအဖွဲ့က ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အတွက် စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ခဲ့ပြီး ပထဝီအနေအထားနှင့် ကဏ္ဍများကို အခြေခံလျက် မက်လုံးပေးမှုနှင့် ပတ်သက်သော စနစ်သစ်တစ်ရပ်ကို ထည့် သွင်းခဲ့သည်။ ဇူလိုင်လတွင် ကုမ္ပဏီဥပဒေမူ ကြမ်းတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာတွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကျန်ရှိနေသေးသော စီးပွားရေး ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြင့် လူအများကို အံ့အားသင့်စေခဲ့သည်။ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ ၁၁၁ ခုသည် အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးမှုခံရသည်။

အမေရိကန်သည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာ GSP အစီအစဉ်ကိုလည်း ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းအစီအစဉ်အရ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံသို့ တင်ပို့ရာ၌ အခွန် ကောက်ခံမှုနှင့်ပတ်သက်၍ အထူးအခွင့်အ ရေးရရှိမည်ဖြစ်ပြီး ကုန်ထုတ်လုပ်ရေးကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေမည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် ၎င်း၏ ထွက်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို တင်ပို့နိုင်ရန် အသင့်အနေအထားနှင့် ဝေးကွာနေသောကြောင့် ယင်းစီးပွားရေးအခွင့် အလမ်းများမှာ အချည်းနှီးဖြစ်နေပုံရသည်။

ထို့အပြင် NLD အစိုးရသည် ကျယ်ပြန့်သည့်စီးပွားရေး အမြော်အမြင်နှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် အဆင်ပြေညီညွတ်သော စီးပွားရေး အခြေအနေရပ်များ ဖန်တီးနိုင်စွမ်း ရှိမနေဟု အချို့ က ဝေဖန်ကြသည်။

အစိုးရက ၂၀၁၇-၂၀၁၈ အတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တိုးတက် လာကြောင်း ထုတ်ပြန်ခဲ့သည်။ ဘဏ္ဍာရေး နှစ်၏ ပထမလေးလပတ်အတွင်း အမေရိကန် ဒေါ်လာ သုံးဘီလျံကျော် တန်ဖိုးရှိသည့် ရင်း နှီးမြှုပ်နှံမှုကို မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က အတည်ပြုခဲ့ပြီး ယင်းသည် အစိုးရက မျှော်မှန်းထားသည့် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံနှင့် အထိုက်အလျောက် နီးစပ်နေသည်ဟု ဆိုသည်။

သို့သော် စာရွက်ပေါ်မှ FDI နှင့် အမှန် တကယ်ဝင်ရောက်မှုတို့အကြား ခွဲခြားသိမြင်ရမည်ဖြစ်သည်။ ယင်းနှစ်ခုသည် ကွဲပြားခြား နားနေတတ်သောကြောင့်ဖြစ်သည်။

မီဒီယာများ၏ ဖော်ပြချက်များအရ စိုက်ပျိုးရေး၊ သတ္တုတွင်း၊ ရေနံနှင့် သဘာဝဓာတ် ငွေ့နှင့် ဆောက်လုပ်ရေးကဏ္ဍတို့၌ ရင်းနှီး မြှုပ်နှံမှုများ လက်ခံရရှိမှု မရှိဘဲ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် အမေရိကန်ဒေါ်လာ သန်းအနည်းငယ် ရင်းနှီးမြှုပ်နှံမှုများ ရရှိကြောင်း သိရသည်။

မြန်မာ့စီးပွားရေး တိုးတက်လာရန်အတွက် လိုအပ်နေသည့်အခြေနေရပ်များ ရှိနေပြီး အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်းစားသုံးမှုအတွက် သုံးစွဲနိုင်မှုများ တိုးတက်လာရန် 'စီးပွားရေး လုပ်ငန်းဆိုင်ရာ ယုံကြည်မှု' သည် အရေးအကြီးဆုံးဖြစ် ကြောင်း သတိပြုရမည်ဖြစ်သည်။

အစိုးရအနေဖြင့် ရေတိုကာလအတွင်း ဗျူရိုကရေစီနှင့် ကြိုးနီစနစ်ကို လျှော့ချရန်၊ အခြေခံအဆောက်အအုံများ (အထူးသဖြင့် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံံ့ပို့ဆောင်ရေး စီမံဖွဲ့စည်းမှုနှင့် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေး) တိုးတက်ရန်နှင့် မြေနေရာ၊ ငွေအရင်း အနှီးနှင့် နည်းပညာသစ်များ အသုံးပြုနိုင်ရေးတို့အတွက် SMEs များကို ထောက်ပံ့ရန်တို့ လိုအပ်သည်။

ရေရှည်ကာလအတွင်း ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန်အတွက် ပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်သည်။

မြန်မာ့စီးပွားရေးမူဝါဒတွင် လူသားရင်းမြစ်များ ပြုစုပျိုးထောင်ရန်၊ လျှပ်စစ်ဓာတ်အား၊ လမ်းများနှင့် ဆိပ်ကမ်းများကဲ့သို့သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးကို အကြီးအကျယ်ဦးစားပေးရန်နှင့် Data ID Card စနစ်၊ ဒီဂျစ်တယ်အစိုးရ မဟာဗျူဟာ နှင့် အီး-အစိုးရစနစ်တို့ ထူထောင်ရန်၊ မြန်မာ နိုင်ငံတွင် နေထိုင်သူများနှင့် ပြည်ပနိုင်ငံများမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ အားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်မှန်းချက်များကို ရေးဆွဲထားသည်။

သို့သော် ယင်းရည်မှန်းချက်များကို ဆောင်ရွက်မှုသည် အမှန်တကယ်ဖြစ်မြောက်လာရန် အလှမ်းဝေးနေပြီး ကံမကောင်းစွာပင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ရခိုင် ပြည်နယ်၌ တင်းမာမှုများနှင့် ပဋိပက္ခများအပြင် လူ့အခွင့်အရေးနှင့် ပတ်သက်၍နိုင်ငံတ ကာ၏ ဖိအားပေးမှုများက စီးပွားရေးထက် လုံခြုံရေး ကိစ္စဆီသာ ထပ်မံအာရုံပြောင်းသွားစေခဲ့သည်။