အချိန်များဖြင့် တည်းဖြတ်ကြည့်မိလေသော . . .

အချိန်များဖြင့် တည်းဖြတ်ကြည့်မိလေသော . . .
Published 3 September 2017

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အချိန်သည် လူသားအားလုံးထံသို့ စီးဝင်နေသော လူမှုဘဝထင်ဟပ်ချက် မြစ်လက်တက်တစ်စင်းဖြစ်ပါသည်။ ထို မြစ်လက်တက်ထဲတွင် အချို့ ကူးခတ်နေကြရသည်။ အချို့ လှော်ခတ်နေကြရသည်။ အချို့ အင်ဂျင်စက်တင် မောင်းနှင်နေကြရသည်။ ဘယ်ကို ဦးတည်နေကြသလဲ။ မိမိနှင့် နီးစပ်ရာနယ်ပယ်ထဲတွင်လား (သို့မဟုတ်) အခြားနယ်ပယ် တစ်ခုခုဆီလား။ နီးစပ်ရာနယ်ပယ် ဟူသည်ကို ကျွန်တော် မိမိ၏ ကိုယ်တွေ့နေ့စဉ်ဖြစ်ပျက်နေသော ဝန်းကျင်နေရာကို ရည်ညွှန်းပါသည်။ အခြားနယ်ပယ်ဟူသည်ကတော့ ကျွန်တော်တို့တတွေ မျက်စိနှင့်၊ လေလှိုင်းထဲမှ အသံနှင့်၊ စာနာနားလည်မှုနှင့်ယှဉ်သော နှလုံးသားနှင့် နီးစပ်အောင် ယူငင်ရသော ဝန်းကျင်နေရာကို ရည်ညွှန်းပါသည်။

ကျွန်တော်တို့အားလုံး လျစ်လျူရှု၍မရသော အချက်မှာ လူမှုဘ၀ လိုအပ်ချက်များပင် ဖြစ်ပါသည်။ လုံခြုံမှုများ ဖြစ်ပါသည်။ လူတန်းစေ့နေနိုင်ရေး၊ စားနိုင်ရေးများ ဖြစ်ပါသည်။ ထိုအချက်များကို လျစ်လျူရှုသော မည်သည့်နိုင်ငံရေး စနစ်မျိုးမဆို၊ မည်သည့် လူ့အဖွဲ့မျိုးမဆို တစ်နေ့ ကျရှုံးရနိုင်ပါသည်။ ကျွန်တော်တို့တစ်တွေအတွက် အချိန်သည်“အသံထက်မြန်သော တိုက်လေယာဉ်တစ်စင်း ပေသောင်းချီမြင့်သော အရပ်မှာ ပျံသန်းနေခြင်းထက် ပို၍ စိတ်ဝင်စားဖွယ်ရာ ကောင်းပါသည်။ ကွန်ဒိုမီနီယမ်ကြီးတစ်ခု မိုးထိုးထောင်တက်သွားခြင်းထက် ပို၍ စိတ်ဝင်စားဖွယ်ကောင်းပါသည်။ သမ္မတတစ်ဦး၏ ရသဗေဒဆန်သော မိန့်ခွန်းတစ်ခုထက် ပို၍ စိတ်ဝင်စားဖွယ် ကောင်းပါသည်” ထိုစိတ်ဝင်စားဖွယ်ရာ ကောင်းသော အရာသည် အရွယ်မရောက်သေးသော ကလေးငယ်တစ်ဦး ငွေနှစ်ရာတန်အတွက် ပလက်ဖောင်းပေါ် ခြေလျင်ဖြတ်နေရခြင်း ဖြစ်ချင်ဖြစ်မည်။ သဘာဝဘေးဒဏ်မှနေ၍ လွင့်ထွက်သွားသော အသိုက်အမြုံတစ်ခု ဖြစ်ချင်ဖြစ်မည်။ ထရပ်ကားကြီးများ၏ အလာကို စောင့်ဆိုင်းရင်း ကြိုတင်ချွေးစက်တို့ ရွှဲကျနေသော အလုပ်သမားတစ်ဦး ဖြစ်ချင်ဖြစ်မည်။ အိုင်အက်စ်တို့လက်ထဲမှ မသိမ်းယူမီ မိုဆူးမြို့ထဲမှ တယောအနုပညာရှင်လေး တစ်ဦးကဲ့သို့ အသက်အန္တရာယ်ကြားမှ လူများကို ပျော်ရွှင်စေချင်သူမျိုးလည်း ဖြစ်ချင် ဖြစ်ပါမည်။ အချိန်ဟူသော မြစ်လက်တက်များထဲက အကျပ်အတည်းများဆိုလျှင် လူသားအားလုံးထံ စီးဝင်နေသော လှိုင်းဂယက်များပင် ဖြစ်ပါလိမ့်မည်။

မြို့ကြီးများသည် ညဘက်ဆိုလျှင် မီးရောင်စုံနှင့် အမှောင်ကို ခြောက်လှန့်လွှတ်နေကြသည်။ ရေပိုက်ခေါင်းမှ အရှိန်မသေသေးသော ရေစီးကျသံက မြို့ကြီးများထဲ တိတ်ဆိတ်စွာ ကျဆင်းနေကြသည်။ ဟိုတယ်တစ်ခု၏ လုံခြုံရေးဝန်ထမ်းတစ်ဦး ဝင်းတံခါး ဆွဲပိတ်လိုက်သော ဟန်ပန်က မြို့ကြီးများထဲ ဇာတ်ဝင်ခန်း တစ်ခုကဲ့သို့ ဖြစ်နေသည်။ အရက်ဘားဆိုင် တစ်ဆိုင်ထဲမှ စားပွဲထိုးကောင်မလေး ပုလင်းလွတ်ကျသွားသော အသံက အတော်လေး ကျယ်လောင်လွန်းလှသည်။ မြို့ပြများ၏ ညဈေးတန်းမှ ဈေးရောင်းပြီးအပြန် လက်တွန်းလှည်းဖြင့်လာသော ဈေးသည်တို့၏ အမြတ်ငွေရေတွက်သံက မြို့ကြီးများထဲ ခမ်းနား၍ နေလေသည်။ ငြမ်းများပေါ်က ဆင်းလာပြီး ဘတ်စ်ကား တိုးစီးနေသော ဆောက်လုပ်ရေး အလုပ်သမားတစ်ဖွဲ့၏ အငှားအဆောင်ဆီ ပြန်နေသော လှုပ်ရှားမှုများက မြို့ကြီးများထဲ ထိတ်လန့်ဖွယ်ရာ ဖြစ်နေလေမလား။

ဤအရာများသည် အမှတ်တမဲ့ လှမ်းကြည့်လျှင် မိမိနှင့် မိသားစုဘ၀ ရပ်တည်ရေးအတွက် မြင်သာပါသည်။ သို့သော် . . .။ ထိုသို့သော်က ကျွန်တော်တို့ လူမှုအဝန်း အဝိုင်းကြီးထဲတွင် ကွယ်ပျောက်နေပါသည်။ ကျွန်တော်တို့တတွေသည် ခက်ခဲကျပ်တည်းသော ဘဝနေထိုင်နည်းများနှင့် ယဉ်ပါးနေခဲ့ကြပါသည်။ ကျွန်တော်တို့တတွေ၏ အချိန်များသည် သစ်သီးဆိုင်များ၏ ညနေဘက်ကျန်သော သစ်သီးများကဲ့သို့ ဝယ်သူ၏ရှေ့တွင် မျက်နှာပန်းလှစေရန် တွန့်ဆုတ်နေရသော ကာလများကို ဖြတ်နေရခြင်းလား။ စက်ရုပ်ဆန်နေသော ပညာရေး၊ သတင်းများက ဆိုးရွားသော အကြောင်းအရာများသာ ဖြစ်နေတတ်သည် ဟူသော နိုင်ငံရေးရေချိန်များ စသည် စသည်ဖြင့် အချိန်ကာလယန္တရားအောက်တွင် အမှတ်တမဲ့နှင့် ကုန်ဆုံးနေကြရသည်။ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းကြီး၏ ပကတိမြင်ကွင်းသည် သမိုင်းမှတ်တမ်းများထဲတွင် လိုက်ရှာနေစရာလည်း မလိုသကဲ့သို့ ကမ္ဘာ့တိုက်တစ်နေရာကနေလည်း ခွာကြည့်နေစရာ မလိုပါ။ ကျွန်တော်တို့ နေ့စဉ် ဖြတ် သန်းရုန်းကန်နေသော အသံများ၊ ဟန်ချက်များ၊ လှုပ်ရှားမှုများထဲ၌သာ ရှိပါသည်။ ယင်းသည် ငြင်းကွယ်၍မရသော မှတ်တမ်းပင်ဖြစ်သည်။ အဂတိတရားများနှင့် အစားထိုးချေဖျက်၍ မရနိုင်သကဲ့သို့ ပကတိမြင်ကွင်းအလင်းကို ပိတ်ပြီး အမှောင်ချထား၍လည်း မရနိုင်ပါ။ အချိန်များသည် ကျွန်တော်တို့ လူမှုဘဝများအတွက် အမြဲ အကဲဖြတ်ပေးနေသော မှတ်တမ်းများလည်း ဖြစ်ပါသည်။

ကျွန်တော်တို့တစ်တွေ အချိန်နှင့်တစ်ပြေးညီတည်းတွင် ကိစ္စများမြောင် အဖြစ်အပျက် ပုံရိပ်မျိုးစုံနှင့် ထိပ်တိုက်ကြုံတွေ့နေကြရပါသည်။ ပန်းဥယျာဉ်ထဲမှ ရနံ့များကို ရှူရှိုက်နေသော သူများရှိသကဲ့သို့ ရေဆိုးမြောင်းထဲမှ အနံ့အသက်များနှင့် ယဉ်ပါးနေသူများလည်း ရှိပါသည်။ စာသင်ခန်းထဲတွင် တင့်တယ်လှပစွာ စာသင်နေကြသော ကလေးငယ်များ ရှိသကဲ့သို့ ရထားလမ်းဘေး၊ ကားလမ်းဘေးများမှ နွမ်းဖတ်နေသော ကလေးငယ်လေးများလည်း ရှိပါသည်။ မိသားစုနှင့် ဝိုင်းဖွဲ့ပြီး ရုပ်သံ ထိုင်ကြည့်နေသော ဘဝများလည်း ရှိသကဲ့သို့ စစ်ဘေးဒဏ်၊ အကြမ်းဖက် ဘေးဒဏ်များမှနေ၍ လွတ်မြောက်အောင် ပြေးလွှားနေရသော ဘဝများလည်း ရှိပြန်သည်။ ယင်းတို့သည် လူတိုင်း မြင်သာနိုင်သော အချိန်များထဲမှ မှတ်တမ်းများပင် ဖြစ်ပါသည်။ လူမှုဘဝစီးကြောင်းထဲသို့ တိုက်ရိုက်အန်ကျနေသော အစိုင်အခဲများ ဖြစ်ပါသည်။ မည်သည့် ရေဒါနှင့်မျှ တိုင်းတာစရာ မလိုသကဲ့သို့ မည်သည့်ဂြိုဟ်တုများနှင့်မျှ လွှတ်တင်ဖမ်းယူနေစရာ မလိုပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ကိုယ်တိုင် ထိပ်တိုက်ကြုံတွေ့နေရခြင်း ဖြစ်နေသောကြောင့်ပင်။

ကျွန်တော်တို့ထံသို့ နေ့စဉ်နှင့်အမျှ စီးဝင်နေသော အရာများသည် ကျွန်တော်တို့ထံသို့ တစ်ဆင့်ဖွင့်ထားသော အမြင်အာရုံများထံသို့ မြင်ကွင်းမျိုးစုံ ဝင်လာနိုင်ပါသည်။ မျက်လုံးပိတ်သိမ်းလိုက်သော ကာလအခိုက် အတန့်လေးထဲသို့ပင် ဝင်ရောက်နေတတ်ပါသည်။ အသံများနှင့်လည်း ထို့အတူပင်၊ အကြားအာရုံများနှင့်လည်း ထို့အတူပင်ဖြစ်သည်။ အမြဲ စီးဝင်နေသည်။ အမြဲ ထိပ်တိုက် ရင်ဆိုင်နေကြရသည်။ အမြဲ တန်ပြန်ပို့လွှတ် နေကြရပြန်သည်။ ပန်းဥယျာဉ်လေးများဆီမှ ရောက်ရှိလာခြင်းလား၊ ရေဆိုးမြောင်းများထဲမှ စီးဝင်လာခြင်းလား။ စာသင်ခန်းထဲက ကလေးများဆီမှ ပျံ့လွင့်လာခြင်းလား။ ရထားလမ်းဘေး၊ ကားလမ်းဘေးတို့က ကလေးများဆီမှ ပျံ့လွင့်လာခဲ့ခြင်းလား စဉ်းစားကြည့်မိသည်။ အဘယ်သို့သော စီးဝင်လာခြင်းများက ပိုမို များပြားနေမည်လဲဟူသည်မှာ ကျွန်တော်တို့ဆီက ထုတ်လွှတ်နေသော အသံလှိုင်းများ၊ အမြင်လှိုင်းများ၊ သဘောထားလုပ်ရပ်လှိုင်းများနှင့် တိုက်ရိုက်ထိစပ်နေပါလိမ့်မည်။

အချိန်များထဲမှ ကျွန်တော်တို့အတွက် စိတ်ဝင်စားဖွယ်ကောင်းသော အရာများသည် နေ့စဉ် လူမှုဘဝများထက် မည်သည့်အရာများက ပို၍ စိတ်ဝင်စားဖွယ်ရာ ကောင်းဦးမည်လဲ။ ငွေနှစ်ရာကျပ်တန်အတွက် လမ်းဘေးပလက်ဖောင်းပေါ် လျှောက်သွားရင်း စာသင်ကျောင်းထဲမှ စာအံသံများကို နားထောင်နေသော ကလေးငယ်လေးများအတွက် သမ္မတတစ်ဦး၏ ရသဗေဒဆန်သော မိန့်ခွန်းက ပို၍ စိတ်ဝင်စားဖွယ် ကောင်းပါမလား။ သဘာဝဘေး၊ စစ်ဘေး၊ အကြမ်းဖက်ဘေးများကြောင့် လွင့်ထွက်သွားသော အသိုက်အမြုံလေးများအတွက် အမြဲတောင့်တနေသော လုံခြုံမှုဘဝထက် ကွန်ဒိုမီနီယံကြီးများက ပို၍ စိတ်ဝင်စားဖွယ် ကောင်းပါမည်လား။ ချွေးစက်တို့ ရွှဲကျနေသော အလုပ်သမားတစ်ဦး စောင့်မျှော်နေသော ထရပ်ကားကြီးများထက် အသံထက်မြန်သော တိုက်လေယာဉ်များက ပို၍ စိတ်ဝင်စားဖွယ် ကောင်းပါမည်လားဟူသည်မှာ ကျွန်တော်တို့အတွက် အမှတ်တမဲ့ ရှင်သန်ရပ်တည်နေသော အချိန်များထဲ၌ပင် ဖြစ်ပါသည်။ ယင်းသည်ပင် စိတ်ဝင်စားဖွယ် အကောင်းဆုံးအရာများထက် ပို၍ စိတ်ဝင်စားဖွယ် ကောင်းနေပါတော့သည်။